နှင်းစက်မြက်ဖျား ပေါင်းပင်ကြားမှာ
ထွန်သွားကလေးနဲ့ ထွန်ချင်တယ်။
မြေသားရဲရဲ ပဲနှမ်းကြဲလို့
ကန်မြဲဇဂျမ်းမှာ ပျော်ချင်တယ်။
ချိုးကူသံကြား ငှက်ခါးတွန်သံ
စာကလေးပြန်တဲ့
သာလာယံမှာ အိပ်ချင်တယ်။
နေ့လယ်နေ့ခင်း ကျောလျားခင်းကာ
ထမင်းလုံးစီ တရေးမှီပြီး
လက်ဖက်ရည်ဝိုင်း သင်္ဂြိုဟ်ဝိုင်းမှာ
မိုင်းခိုင်းပိဋကတ် စာတတ်လယ်တီ
တောမှီသစ်ချ ပဏ္ဍိတတို့
ကျမ်းစတိုထွာ ငြင်းစရာကို
ရွတ်ကာရွတ်ကာ ဟန်ပါပါနဲ့
အဘိဓမ္မာပွဲမှာ နွှဲချင်တယ်။
ညနေညိုတော့
ဆရာအိုရဲ့ ဘင်ဂျိုအတော
တယောဗုံသံ စိတ်ရွှင်မြူးပြီး
ဘုရားဖူးချိန် စိတ်ကိုငြိမ်တော့
ပိန်ဖောင်းမှတ်လို့ အိပ်ချင်တယ်။
မနက်လင်းတော့
ထမင်းကြမ်းခဲ လွေးမြဲအစာ
လွေးပြီးခါမှ
နွားပြာတရှဉ်း ထွန်တစင်းနဲ့
ယာခင်းယာထွန် သွားချင်တယ်။
ယခုအခါ ငါ့ရွာနဲ့ဝေး
ပြည်ပြေးတိုင်းခြား ငါရောက်သွားပေါ့
ဘာများတတ်နိုင် မှာလဲကွယ်။ ။
(တင်မိုး ၁၊ ၃၊ ၂၀၀၀)
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment