Skip to main content

သံအမတ်နှင့်ကောင်စစ်ဝန်

သိချင်တာ တခု​လောက်​မေးခွင့်ပြုပါဆရာ။ ​ကောင်စစ်ဝန်ရုံးဆိုတာဘယ်လို အဓိပ္ပါယ်လဲ သိချင်လို့ပါဆရာ။

ကမ္ဘာပေါ်ရှိအချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းလိုလိုပင် အခြားအာဏာပိုင်နိုင်ငံတို့သို့မိမိတို့နိုင်ငံဆိုင်ရာ သံတမန်များအသီးသီးအလဲအလှယ်စေလွှတ်လေ့ရှိကြသည်။ ၁၉၄၈ ခုနှစ်ဇန္နဝါရီလ ၄ ရက်နေ့မှအစပြု၍အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်သို့ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသည်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊တရုတ်၊ပါကစ္စတန်၊သီဟိုဠ်နှင့်ယိုးဒယား စသောနိုင်ငံများသို့လည်းကောင်း၊ ဂရိတ်၊ဗြိတိန် ၊အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊ဆိုဗီယက်ရုရှနှင့်ပြင်သစ် စသောနိုင်ငံများသို့လည်းကောင်း၊ သံတမန်များစေလွှတ်ထားလေ့ ရှိလေသည်။ မြန်မာနိုင်ငံမှထိုသံတမန်များ စေလွှတ်ထားသောနိုင်ငံများနှင့် အခြားနိုင်ငံများကလည်း ယင်းတို့၏သံတမန်များကိုမြန်မာနိုင်ငံသို့စေ လွှတ်ထားရှိ၏။ သံအမတ်ကြီးများသည် သံတမန်ဝန်ထမ်းများတွင် အမြင့်ဆုံးတန်းဝင်ကိုယ်စားလှယ်တော်များ ဖြစ်ကြသည်။ ယခင်ကဘုရင်များအုပ်စိုးရာ နိုင်ငံများသို့သာ သံအမတ်များစေလွှတ်လေ့ရှိသည်။

ထိုနောက်တွင်ကား သမတနိုင်ငံများသို့လည်း စေလွှတ်လေသည်။ သံအမတ်မှာ အချုပ်အခြာအာဏာ ပိုင်နိုင်ငံ၏အကြီးအကဲက မိမိ၏ ကိုယ်စားလှယ်တော်အဖြစ် နိုင်ငံခြားအစိုးရနှင့်စေ့စပ်ပြောဆိုရန် ခန့်အပ်ခြင်းခံရသော နိုင်ငံ၏စီးပွားကိုစောင့်ရှောက်ဆောင်ရွက်သူဖြစ်၏။ အထူးသံအမတ်မှာ အမြဲနေမဟုတ်ဘဲအထူးအကြောင်းကိစ္စကို ဆောင်ရွက်ရန်စေလွှတ်ထားခြင်းခံရသော ကိုယ်စားလှယ်တော်ဖြစ် ပေသည်။

သံအမတ်သည် မိမိကိုယ်တိုင်ဆောင်ကြဉ်း သွားရပြီးလျှင် သက်ဆိုင်ရာနိုင်ငံအကြီးအကဲသို့ ကိုယ်တိုင်ပေးဆက်ရမည်ဖြစ်သော ခန့်အပ်လွှာနှင့် မိမိအားထုတ်ပေးသော ညွှန်ကြားချက်များတွင်ပါဝင်သည့် အခွင့်အာဏာများအရသာ ပြောပိုင်ခွင့်၊ ဆောင်ရွက်ခွင့်ရှိလေသည်။အာဏာကုန်လွှဲအပ်ထားခြင်း ခံရသူမဟုတ်လျှင် ခန့်အပ်လွှာနှင့်ညွှန်ကြားချက်များတွင် အကျုံးမဝင်သည့်အကြောင်းကိစ္စများကို သက်ဆိုင်ရာအစိုးရထံမှ ညွှန်ကြားချက်များထပ်မံရယူဆောင်ရွက်ရသည်။ ခန့်အပ်လွှာဆိုသည်မှာသံအမတ်အားခန့်ထားသော နိုင်ငံအကြီးအကဲကသံအမတ်သွားရမည့်နိုင်ငံအကြီးအကဲသို့ သံအမတ်သည်မိမိ၏ကိုယ်စားဆောင်ရွက်သမျှကို အတည်ပြုလက်ခံမည်ဖြစ်ကြောင်းနှင့် ပါးလိုက်သော တံဆိပ်ခတ်နှိပ် ချိတ်ပိတ်ထားသည့်သဝဏ်လွှာပင်ဖြစ်၏။ သို့ဖြစ်ရာမိမိအားစေလွှတ်သည့် နိုင်ငံအကြီးအကဲ၏ ကိုယ်စားလှယ်ဖြစ်သည်နှင့်အညီ မိမိသွားရောက်ရသော နိုင်ငံ၏အကြီးအကဲနှင့်ကိုယ်တိုင်တွေ့ဆုံခွင့်ရသည်။

ထိုပြင်မင်းပွဲသဘင်များတွင် ဦးစားနေရာပေးခြင်းကိုလည်းခံရလေသည်။ နိုင်ငံတကာကအသိအမှတ်ပြုထားသော သံတမန်ကိုယ်စားလှယ်များတွင်သံအမတ်ကြီးအောက် အဆင့်အတန်းနိမ့်သော ကိုယ်စားလှယ်မှာ အထူးအာဏာရသံကိုယ်စားလှယ်ပင်ဖြစ်သည်။ အဆိုပါ အထူးအာဏာရသံကိုယ်စားလှယ်သည်လည်း သံအမတ်ကြီးကဲ့သို့ပင် အခြားတနိုင်ငံ၏ အကြီးအကဲထံသို့ခန့်အပ်လွှာဖြင့် ခန့်ထားစေလွှတ်ခြင်းခံရသူဖြစ်၏။

တတိယအဆင့်အတန်းဝင်ကိုယ်စားလှယ်များမှာ ပြည်တော်နေသံငယ်ဖြစ်၏။ ရှားဇေးဒဖားခေါ် တာဝန်ခံသံမှူးများကား နောက်ဆုံးအဆင့်အတန်းတွင် ပါဝင်သည့်ကိုယ်စားလှယ်များဖြစ်သည်။ ပြည်တော်နေသံငယ်များသည် အခြားတနိုင်ငံ၏ အကြီးအကဲထံသို့ခန့်အပ်စေလွှတ်ထားခြင်း ခံရသူများဖြစ်သော်လည်း တာဝန်ခံသံမှူးများကား နိုင်ငံခြားရေးရာဝန်ကြီးများကတခြားနိုင်ငံမှ နိုင်ငံခြားရေးရာဝန်ကြီးများထံသို့ ခန့်အပ်စေလွှတ်ထားသူများဖြစ်၏။ တာဝန်ခံသံမှူးများကို ကြားဖြတ်ကာလအတွက်သော်လည်းကောင်း၊ အထူးအရေးကိစ္စအတွက်သော်လည်းကောင်း ခန့်ထားလေ့ရှိသည်။ သံအမတ်သည် မိမိနိုင်ငံ၏အကျိုးစီးပွားကို စောင့်ရှောက်ရင်း နှစ်နိုင်ငံအနူးအညွတ်ဆက်ဆံရေးကို ဖြစ်မြောက်အောင်ဆောင်ရွက်ရသူဖြစ်ရာ ယင်း၏တာဝန်ဝတ်တရားများကား ကြီးလေးလှပေသည်။ လိမ္မာရေးခြားပရိယယ် ကျွမ်းကျင်အမြှော်အမြင်ကြီးသူလည်း ဖြစ်ရသည်။ မိမိအားစေလွှတ်ထားရာ နိုင်ငံ၏အကြောင်းကို မိမိ၏ အစိုးရသို့အမြဲမပြတ်အစီရင်ခံရသည်။

နှစ်နိုင်ငံစလုံးနှင့်သက်ဆိုင်သောအကြောင်းကိစ္စများတွင် မိမိအစိုးရ၏သဘောထားနှင့်ထင်မြင်ချက်များကိုမိမိအားစေလွှတ် ထားရာ နိုင်ငံ အစိုးရသို့တင်ပြအကြောင်းကြားရလေသည်။ သံအမတ်များသည် အထူးအခွင့်အရေးများကို ရရှိကြသည်။ သံအမတ်များနှင့်သံရုံးအဖွဲ့သားများ ကိုမည်သူမျှအနှောင့်အယှက်မပေးရချေ။

ထိုအခွင့်အရေးကို သက်ဆိုင်ရာနိုင်ငံများသည် အချင်းများကာ စစ်မက်ဖြစ်ပွားသည့်တိုင်အောင် ခံစားနိုင်သည်။ သံအမတ်နေထိုင်ရာ အဆောက်အအုံနှင့် အသုံးအဆောင်များမှာ သံအမတ်အား ခန့်ထားသည့်နိုင်ငံ၏ မြေပေါ်တွင်တည်ရှိသည်ဟုမှတ်ယူရသဖြင့် သံအမတ်မှာ မိမိအားစေလွှတ်ထားရာနိုင်ငံ၏ သစ္စာတော်ခံမဟုတ်သောကြောင့် အခွန်အတုတ်များမပေးဆောင်ရချေ။ သံအမတ်နှင့် သံရုံးအဖွဲ့သားများသည် တရားမနှင့်ရာဇဝတ်ဆိုင်ရာဥပဒေများကို ဖောက်ဖျက်ကျူး လွန်သဖြင့် ခံစားရသော အပြစ်ဒဏ်များမှလွတ်ကင်းခွင့်ရသည်။

သို့သော် ကိုယ်ထိလက်ရောက် ကျူးလွန်လျှင်သော်လည်းကောင်း၊ နိုင်ငံတော်ကိုလုပ်ကြံလျှင်သော်လည်းကောင်းအရေးယူကာ ပြည်နှင်ဒဏ်ပေးနိုင်၏။ ယခင်က နိုင်ငံရေးနှင့်ရာဇဝတ်ပြစ်မှုတို့ကို ကျူးလွန်သူများသည် နိုင်ငံခြားသံရုံးအတွင်းသို့ ခိုဝင်တိမ်းရှောင်နေလျှင် ဝင်ရောက်ဖမ်းဆီးခြင်းမပြုနိုင်တော့ချေ။ ယခုအခါတွင်ကား ထိုသို့ဝင်ရောက်ပုန်းအောင်းနေသည့်အခါ သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ပေးအပ်ရန်တောင်းဆိုသဖြင့် မပေးအပ်လျှင်သံရုံး အတွင်း သို့ဝင်ရောက်ဖမ်းဆီးနိုင်သည်။ နိုင်ငံရေးရာကိစ္စများကို ဆောင်ရွက်ရန်နိုင်ငံခြား၌ နိုင်ငံရေးကိုယ်စားလှယ်များထားရှိသကဲ့သို့ ကူးသန်းရောင်းဝယ်ရေးကိစ္စများကို ဆောင်ရွက်ရန်အတွက် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်များကိုလည်း နိုင်ငံခြား၌ထားရှိရလေသည်။ အထူးသဖြင့် ကမ္ဘာပေါ်ရှိကူးသန်းရောင်းဝယ်ရေး အချက်အခြာဗဟိုဌာနများ၌ ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်များကို အမြဲတမ်းထားရှိကြရလေသည်။

ထိုသူများကား ကောင်စစ်ဝန်များဖြစ်သည်။ ယင်းတို့သည် မိမိတို့နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးကို ကူညီစောင့်ရှောက်ပေးရန်သာမဟုတ်ဘဲ မိမိတို့နိုင်ငံသားများ၏ အကျိုးစီးပွားတို့ကိုလည်း ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်၏။ ယင်းတို့သည်မိမိတို့နိုင်ငံမှအလည်အပတ်လာရောက်သူများနှင့် ကုန်သွယ်ရန်လာရောက်သူများကို ကူညီစောင့်ရှောက်ပေးရလေသည်။

မိမိတို့နိုင်ငံသို့ကုန်တင်ပို့ရေးတွင် ကြီးကြပ်ပေးရသည့် ပြင်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလမ်းသစ်များကိုလည်း စုံစမ်းရှာဖွေကာ မိမိတို့၏အစိုးရသို့အကြောင်းကြား အစီရင်ခံရသည်။ နိုင်ငံခြားနှင့်ကုန်ကူးသန်းဆက်သွယ်လို သူများသည်မိမိတို့၏ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်များမှ တဆင့် ဆက်သွယ်နိုင်ပေသည်။ ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်များသည် ပွဲစားသဖွယ် ကုန်ဝယ်လိုသူများကို ရှာဖွေအကြောင်း ကြားပေးရ၏။

ထိုကြောင့်ကောင်စစ်ဝန်တို့သည် မိမိတို့နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးအခြေကို မြှင့်တင်ပေးနေသူများဖြစ်ကြသည်။

ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

လက်ထဲမှာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) ရှိတယ်။ ဝီကီပီးဒီယားမှာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) ကနေ ကူးတင်ထာပေမဲ့ မူရင်းစာထဲက 'တ' ၄ လုံးကို 'တစ်' ၄ လုံးလို့ပြင်ထားတယ်။

'သံတမန်' ကို 'သံတစ်မန်' လို့တော့ မပြင်သေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ