Skip to main content

Around the World in Eighty Days ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် နှင့် မီတာကြေး

ဒီအင်္ဂလိပ်စာအုပ်ကို ဆယ်တန်းမှာ ပြဋ္ဌာန်းတော့ ကျွန်တော်တို့ ကပ်လွဲတယ်။ ကြိုးစားပြီး ငှားဖတ်တယ်။

၁၈၇၃ ခုနှစ်မှာ ပြင်သစ်စာရေးဆရာ Jules Verne ဂျူလီးစ်ဗန်းရေးတဲ့ စိတ်ကူးယဉ်ဝတ္တု။ အလွန်စိတ်ဝင်စားစရာ ကောင်းတယ်။ ရုပ်ရှင်တွေရိုက်တာလည်း ကြည့်ဖူးတယ်။ ဆယ်တန်းစာအုပ်လောက် မကြိုက်။

ကျွန်တာ်သဘောကျတာ တခုရှိတယ်။ ဇာတ်လိုက် Phileas Fogg ဖေါ့ဂ် ရဲ့ တပည့် ပြင်သစ်လူမျိုး Jean Passepartout ပါစီပါတောက်။ ဖေါ့ဂ်က အလွန်တိကျတဲ့လူ။ အရင်တပည့်က သူမုတ်ဆိတ်ရိတ်တဲ့ရေကို 86 °F (30 °C) အပူချိန်ရှိတာကို ယူလာရမဲ့အစား 84 °F (29 °C) နည်းနည်းအေးတာ ယူလာမိလို့ အလုပ်ထုတ်လိုက်ပြီး ပါစီပါတောက်ကို ခန့်တယ်။

အရှေ့ရပ်ကနေထွက် အနောက်ရပ်ကနေပြန်လာတယ်။ ကမ္ဘာပတ်ပြီး ရက်ရှစ်ဆယ်တိတိနေ့မှာ အရောက်ပြန်လာနိုင်လို့ လောင်းကြေး ပေါင် ၂ သောင်း နိုင်တယ်။ ခုခေတ်ဆို ပေါင် ၂ သိန်းကျော်တယ်။

ဖေါ့ဂ်က သူရတာကို တပည့်ကျော်ကို ခွဲပေးတယ်။ ဒါပေမဲ့ အိမ်ကစထွက်တာ့ မီးပိတ်ခဲ့ဘို့ မေ့တဲ့အတွက် ဒဏ်ကြေး နှုတ်ယူလိုက်ပါသတဲ့။ အဲဒီခေတ်က လျှပ်စစ်မဟုတ်။ ဓါတ်ငွေ့မီး။ ခုခေတ်လိုဆို မီတာကြေး။

မီတာစာတွေဖတ်ရလို့ သတိရတာနဲ့ ရေးပါတယ်။ မီးခလုတ်ပိတ်ဖို့ မမေ့ကြပါနဲ့။

ဇာတ်လိုက်က ကမ္ဘာပတ်တာ ရက်ရှစ်ဆယ်သာကြာတယ်။ ကျွန်တော်ကမ္ဘာပတ်တာကတော့ ၁၉၉၀ အကုန်ကနေ ၂၀၁၈ အထိ၊ ၂၇ နှစ်ခွဲကြာတယ်။ 

ကျွန်တော့် မီးခလုတ်တွေရှိခဲ့တဲ့ ပုလဲမြို့လေးကနေအိမ်ကတော့ ယိုယွင်းပျက်စီးနေပါပြီ။

ဒေါက်တာတင့်ဆွေ

Comments