Skip to main content

ဘုရားစင်

ဘုရားစင်ပုံနဲ့စာတင်တိုင်း လာတတ်တဲ့ကွန်မင့်တွေရှိတယ်။ နမူနာနည်းနည်းသာထည့်ပါမယ်။

၁။ ဘုရားကျောင်းဆောင် (ဘုရားစင်လို့ရေးတာအောက်က ကွန်မင့်)

၂။ ဆရာ တခုနော် ဘုရားစင်လို့ ခေါ်တာထက် ဘုရားကျောင်းဆောင်လို့ ခေါ်တာက ပိုများသပ္ပါယ်မလားလို့ပါဆရာ။ ဆရာလုပ်တာမဟုတ်ပါဘူး။ ကျနော့်အတွေးလေးကို ပြောပြတာပါ။

၃။ ဘုရားစင်မဟုတ်ပါဘူး။ ဘုရားကျောင်းဆောင်လို့ ခေါ်သင့်ပါတယ်ရှင့်။ ဖိနပ်စင် ပန်းကန်စင် စာအုပ်စင်တို့လို အရာဝတ္ထုတွေတင်တဲ့ စင်မျိုးမဟုတ်ဘဲ မြတ်စွာဘုရား ကိန်းစံဝတ်စံမြန်းရာ ဘုရားကျောင်းဆောင်ပါရှင့်။

မြတ်စွာဘုရားဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ်ကို ရောက်ခဲ့ပါတယ်။ ကျောင်းတော်ကြီးမှာ မဟုတ်ပါ။ သတ္တဌာနမှာ ခုနစ်ရက်ခုနစ်လီ မဟာဗောဓိညောင်ပင်ကို စူးစိုက်ကြည့်တော်မူခဲ့တယ်။ (၄၉) ရက်တိတိ ဘယ်ကျောင်းမှ မရှိသေးပါ။ အဲဒီနောက်မှာ မိဂဒါဝုန်ကို ခြေလျင်ခရီးကြွတယ်။ လမ်းမှာ ကျောင်းတော်၊ ဇရပ်ရှိတယ်လို့ မဖတ်ဖူးပါ။

မြတ်စွာဘုရားဟာ သံဃာတော်တချို့ကိုအကြောင်းပြုပြီး၊ ပလလဲတောမှာ တပါးတည်း ဝါကပ်တော်မူပါတယ်။ မီးတင်းကုပ်မှာလည်း သီတင်းသုံးဖူးသေးတယ်။ နောက်ဆုံး ကုသိနာရုံ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံဝင်ပါတယ်။ ကျောင်းတော်ကြီးတွေမှာ မဟုတ်ပါ။

ကျွန်တော့်သားသမီးတွေ အိမ်ခွဲတိုင်း၊ တပြည်တရွာကို ပြောင်းရွှေ့တိုင်းမှာ ရောက်တဲ့နေရာ ဘုရားစင်အရင်လုပ်လို့ သူတို့အမေက အမြဲမှာလေ့ရှိတယ်။ 

ကျွန်တော်တသက်မှာ ရွှေရောင် ငွေရောင်တွေနဲ့ ဘုရားကျောင်းဆောင် မရှိဖူးခဲ့ပါ။ 

မည်ကမတ္တဘုရားစင်တောင်မထားသူတွေက ဘုရားအဆုံးအမ ပိုတည်ကြသူတွေရှိနိုင်တယ်။

ပုလဲအိမ်မှာကျန်ခဲ့တဲ့ဘုရားစင် ၃၀-၁၁-၂၀၁၄ နေ့ကပုံ။

ဒေါက်တာတင့်ဆွေ

၂၈-၁၀-၂၀၁၈

Comments