ဂျိုင်းမွေး
ဆုံးခန်းရယ်မတိုင်၊
ပေါက်နိုင်တဲ့အမျိုး၊
တပင်ယူ နှစ်ပင်ထူလို့၊
ဂျိုင်းရွှေဂူ ခေါင်းပြူထွက်တယ်၊
မဲနက်ကြွယ်ဖြိုး။
(မာန်အောင်သမအလှပချေ)
သွေးသောက်မဂ္ဂဇင်း၊ ၁၉၆၉ ဒီဇင်ဘာလ
(၂)
ယဉ်ကျေးခြင်း
စာပေါလောက
သွေးသောက် အမှတ် ၃၁၁ ၁၉၇၁ ခု၊ နိုဝင်ဘာလ
ခေါင်းစည်းကိုဖတ်၍ ယင်ကောင်၊ကြက်တူရွေးနှင့် ထည့်စရာပစ္စည်းတခုအကြောင်း ရေးတော့မည်ဟု ထင်လျှင် ထိုသို့ထင်သူသည် မြန်မာစာရေးထုံးကိုသာမက မြန်မာစာရေး ကွမ်းသီး၊ မြန်မာစာရေး ရှားစေး များကိုပင် မကျွမ်းကျင်သူတို့ ဖြစ်ပေလိမ့်မည်။
ကျွန်ုပ်ရေးလိုသည်ကား ယဉ်ကျေးခြင်းအကြောင်းမျှသာဖြစ်၏။ ယဉ်ကျေးခြင်းဆိုသည်ကား အဘယ် နည်း (ကျေးဇူးပြု၍ စာရှုသူက မဖြေလိုက်ပါနှင့်။ ကျွန်တော့်ဘာသာ ကျွန်တော် ဖြေချင်၍ မေးနေခြင်း ဖြစ်ပါသည်) ။ ယဉ်ကျေးခြင်းဆိုသည်မှာ မိမိ၏အခွင့်အရေးများကို ခံစားကျင့်သုံးရာ၌ သူတပါးကို ထိပါး စော်ကားရာ မရောက်အောင် ကျင့်သုံးတတ်ခြင်းပင် ဖြစ်၏။
လူဟူသည် ပါးစပ်ထဲတွင် တံတွေးများ၊ ကွမ်းသွေးများ စသည်တို့ဖြင့် ပြည့်နေလျှင် ထိုအရာများကို ထွေးထုတ်ပစ်ရန် အခွင့်အရေးရှိ၏။ သို့သော် ထွေးခံထဲသို့မထွေးဘဲ ပက်လက်ကလေးအိပ်ပျော်နေသူ၏ မျက်နှာပေါ်မှသွား၍ ထွေးချသည်ဆိုပါစို့။ ထိုသို့ထွေးသူကား မယဉ်ကျေးသူပင် ဖြစ်သည်။
ရုပ်ရှင်ရုံများတွင် ရှေ့တန်းကထိုင်ခုံ ( အားလုံးသော အစိတ်အပိုင်းအပါအဝင်) ပေါ်တွင် ခြေတင် တတ်သူကား လုံးဝ မယဉ်ကျေးသော (ဝါ) ရိုင်းစိုင်းသောသူများပင် ဖြစ်လေသည်။ ခြေထောက်ဆိုသည်မှာ ရွှေကထိုင်ခုံပေါ်တင်ဘို့ မွေးလာခြင်းမဟုတ်ချေ။ ထိုကြောင့် ရွှေကထိုင်ခုံပေါ်သို့ ခြေတင်လိုသူများသည် နေသာထိုင်သာရှိကြစေရန် ကိုယ့်ခြေမလေးကိုယ် စုတ်နေခြင်းဖြင့် ခလေးဘဝကို ကုန်လွန်စေသင့်ပေ၏။
နှုတ်အားဖြင့်လည်း ယဉ်ကျေးဘို့ရန် များစွာ လိုလှပေသည်။ မိမိ၏စကားသည် တဖက်သားအား ထိခိုက်မှု လုံးဝမပါစေရမည့် စကားများသာ ဖြစ်ရပေမည်။ လူသည် အခန့်မသင့်လျှင် ဒေါသထွက်ပေမည်။ ဒေါသထွက်ခြင်းကား လူတိုင်းအတွက် မွေးရာပါ အခွင့်အရေးတရပ်ဖြစ်၏။ ထိုကြောင့် ဒေါသထွက်ခြင်းကို မယဉ်ကျေးဟု မဆိုသာ။ဒေါသထွက်ချင်ထွက်ပါ။ သို့ရာတွင် ထိုသို့ဒေါသထွက်နေသည့်အချိန်တွင် နှုတ်မှ “ခွေးမသား” ဟု ဆဲရေးလိုက်ခြင်းကား မယဉ်ကျေးသောအပြုအမူ ဖြစ်ပေ၏။ သူ၏စကားသည် တဖက်သား ကို ထိခိုက်စေသောစကား ဖြစ်သောကြောင့်တည်း။
ထိုကြောင့် ဒေါသထွက်လျှင် ထိုပြင် ခွေးမသား' ဟုပြောလိုလျှင် အောက်ပါအတိုင်း ယဉ်ယဉ်ကျေး ကျေး ပြောသင့်ပေသည်။ “တခါတရံတွင် မစင်ကို မှီဝဲသုံးဆောင်တတ်သော ခြေလေးချောင်းသတ္တဝါ အမျိုး သမီးနှင့် လူယောက်ျားတို့ ဒဏ္ဍာရီဆန်စွာ ပေါင်းဖော်မှီဝဲ ချစ်ပွဲကြီးဆင်ရာမှ လောကတွင်းသို့ ဝင်ရောက်ခဲ့ရပါ သော... အိုလုလင်”
ဤကား ယဉ်ယဉ်ကျေးကျေး ဆဲရေးခြင်းတည်း။ ဝမ်းနည်းပါသည်။
ကြပ်ကလေး
တာဝန်ခံ စာတည်း
စာပေါလောက
ဒေါက်တာတင့်ဆွေ

Comments
Post a Comment