Skip to main content

“ရပ်ရိပ် ရွာရိပ်”

 

နွေမှာဆို ထနောင်း

ဆောင်းမှာဆို မန်းကျည်းပင်

ငါတို့ရွာ ယာခရိုးမှာ

ချိုးကူသံရွှင်။

ငါ့ဘ၀ သည်မှာခင်

ငါ့အမြင် သည်မှာစွဲ

သည်ရွာ သည်ယာချောင်း

ငယ်ပေါင်းပါပဲ။

နွေမှာဆို ကန်တူး

မိုးဦးဆို ကန်ရေ၀င်

ညနေ ကန်ရေခပ်ချိန်

နွားလည်ပတ်ဆင်။

မှန်စီထိပ်အုပ်ကလေးနဲ့

လေသွေးရာ ခြူသံလွင်

ခြေသင်တဲ့ နွားပြေး။

ကာလသားတွေဟဲ့

နွားမောင်းကြ အပြိုင်အဆိုင်

တတိုင်နှစ်တိုင် စခန်းပေါက်ကရော့

ပေတရာလမ်း တလျှောက်မှာ

နွားငေါက်သံတေး။

နွေမှာဆို ပဲကြိတ်ထိုး

မိုးမှာဆို ပဲမှုန်းတယ်။

ယာညက်ရင် မှိုရှာလို့

ချိုရာရာ ဟင်းညွန့်ဖူး

ခူးရဦးမယ်။

လျှိုရိုးမှာ ချိုးတယ်

လျှိုကွယ်မှာ သူပုန်း။

သည်ရွာ သည်ယာလေ့

အောက်မေ့မိတုန်း။

ကျေးဥ ကျေးနုတို့

မြေပဲထု ပဲဆံရွေးသနဲ့

တေးကလေး တဟိုဟို။

ခေါင်းရင်း တမာပင်က

နွေအ၀င် ဖြိုင်ဖြိုင်နုတော့

လု ခူးမယ်ဆို။

နေကလေး အတန်ချိုရင်

စဖိုခွင်၀င်ရဦး

ရှင်မတောင် လေနီကြွရင်

ထလိမ့် ဖုန်လုံး။

ထန်းသီးခိုင် ချိုင်ခဲ့ဦးဗျို့

ဖုန်လုံးကြား ဟစ်မှာသံ

လုံချည်ကွင်းသိုင်းလို့

၀ိုင်းပတ် ဒူဝေဝေနဲ့

ကလေးတွေ တပြုံကြီး

လှည်းနောက်မြီး ရည်းခိုလိုက်

မိုးဆိုက်လို့ ညံ။

ဟဲ့ ကောင်လေးတွေ အဆော့သန်

နွားကန်လိမ့်မယ်နော

ထန်းသီးနု ညိုတိုတိုက

အရည်ချို သည်တရှုပ်ဖြင့်

စုပ်ရချေသော။

မန်းကျည်းပင် ဆီးပင်ဝိုင်း

တောင်ပိုင်းနဲ့ မြောက်ပိုင်းဆုံရာ

ခြင်းပွဲကိုလာ

အပျိုတွေ ရေခပ်ဆင်းတော့

ထိုးကွင်းနဲ့ ကိုဟဝါ

မဟာဒူးဟန်နဲ့

မသူဇာ ခြင်းမှန်လို့

ကက်ကက်လန် ရန်ထောင်ခံရ

ရှက်လှချေရဲ့။

နွေပေါက်ရင် ရေခြောက်တဲ့

ကန်ရေသောက် တို့ရပ်ရွာ

ဆိုင်းထမ်းကိုယ်စီနဲ့

ညနေရီ ဆယ်ပေတွင်းမှာ

ရေစစ်ရင်း လူပျိုလှည့်

နွဲ့တဲ့တဲ့သာ။

အပျိုမဖြစ်ခင်

ဟိုတနှစ်ဆီက

ရေစစ်ရင်း သည်မျက်နှာ

ဆုံဖူးပါရဲ့ သူတမျိုး။

အပျိုဖြစ်ခါမှ

အလိုချစ်တယ်တဲ့

ကြက်ရစ်သလို ကိုယ်မရစ်လာနဲ့

မနှစ်ဆို ဟိုအပျိုနဲ့

သည်လိုပင် ဆိုသံကြားပါရဲ့

လျှာဖျားသံ တလိမ့်ထိုး

တော့ စိတ်မရိုး။

ဆွမ်းအိုးကိုသူထမ်းလို့

ရွာလမ်းက ပြန်ခဲ့တယ်။

သူငယ်ချင်းတွေနဲ့

ထွေခင်းကာ မေ့ကစားမိ

ထန်းဖျားနေကျော်တော့

ဆရာတော် ကြိမ်ဆော်ချ

ဖူးထခဲ့ရ။

နေ့လယ်မှာ စာဆိုလို့

သင်္ဂြိုဟ်ကို သရုပ်ခွဲပြန်ရ

တကတဲ မျက်စိလည်

မျက်နှာငယ်ကလေး။

ချာလယ်ချာလယ်နဲ့

တိုင်ကွယ်မှာ ပုန်းချင်ဇောနဲ့

မောခဲ့ပါသေး။

ပဲဆွတ်ချိန် မိုးလေကင်းလို့

နှင်းကလေး မှုန်ရီမှုန်ရီ

ဆိုင်ပုံမှာစီ။

မြေပဲက တပြည်နှစ်ပြည်

မြေဆီက တရဲရဲ

မိုးချုပ်ရင် မှန်အိမ်နဲ့

ပြန်ချိန်ကို အမေစောင့်ပါလိမ့်

ယာထောင့်က တဲ။

သည်ရွာမှာ ငါမွေးလို့

သည်ကျေးမှာ ငါပျော်

အဖော်နဲ့ အလှော်နဲ့။

ရွာသွေး ရွာကိုယ်မို့

ကြာညိုညို ကန်မှာပွင့်သည့်နှယ်

ပွင့်လန်းစေချင်သနဲ့

မျှော်ရဲ့ ခေါ်ရဲ့။   ။ (တင်မိုး)

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments