ပြင်သစ်သံရုံးသို့ ထပ်သွား၍ ဗီဇာကိစ္စထပ်လုပ်ရ။ (မိန်း ဒက်စတီနေးရှင်း) အမေရိကန်ပြည်ထောင်စုဟု ရေးခဲ့သည်ကို ပြန်ပြင်ရ။ ဂျာမဏီဟုပြင်ရေး။ (ကာဗာ လက်တား) လိုသည်ဆို၍ မိမိ၏ (ပဒ်) ဖြင့်တစောင် ဝန်ကြီးချုပ်ရုံး (လက်တာဟက်) နဲ့ တစောင်ပေးလိုက်။ အဆင်ပြေ။ ရက် (၉၀) ထက်မပိုသော ရက်တိုပြည်ဝင်ခွင့်ဗီဇာရတယ်။ (၁၂၀၀) ရူးပီးသွင်းခဲ့ရ။ ညနေ (၄) နာရီ ဗီဇာရ။
အဲဒီရက်တွေမှာ ဥရောပယူနီယံ လူ့အခွင့်အရေးကော်မတီကစီစဉ်တဲ့ အစည်းအဝေးတခုတက်ဘို့ အဝေးရောက်အစိုးရက ကျွန်တော့်ကို တာဝန်ပေးထားပါတယ်။ အစည်းအဝေးနေရာက ပြင်သစ်နိုင်ငံ (စထွက်စ်ဘာ့ခ်) မြို့မှာဖြစ်တယ်။ ဂျာမဏီဗီဇာ အရင်လျှောက်ရတယ်။ နောက် ပြင်သစ်ဗီဇာလျှောက်တယ်။ ဥရောပရောက်နေတုန်းမှာ ဝန်ကြီးချုပ်ရုံးရှိရာ ဝါရှင်တန်ဒီစီ ကိုလည်း ဆက်သွားဘို့စီစဉ်တယ်။ ပြင်သစ်ဗီဇာလျှောက်တော့ ပြင်သစ်ကနေ ယူအက်စ်အေအထိ သွားမယ်လို့ရေးတာ ယူအက်စ်အေဗီဇာက မရှိသေးတော့ အရင်နေ့ကသွားတာ အဆင်မပြေခဲ့လို့ နောက်တနေ့ ထပ်သွားရတာပါ။
ဂျာမဏီဘွန်းမြို့ကိုအရင်ရောက်တယ်။ ဒီမိုကရေစီရေးမှာ စိတ်အားထက်သန်စွာပါဝင်နေသူ ဦးနွယ်အောင်က အစစအရာရာ ကူညီတယ်။ (ဘွန်း) ကနေ (စထွက်စ်ဘာ့ခ်) မြို့ကိုဆက်သွားတယ်။ ဘွန်းမှာ အမေရိကန်သံရုံးသွားပြီး (ယူအက်စ်အေ) ဗီဇာလျှောက်တယ်။ ၂-၃ ခေါက်သွားပေမဲ့ အဆင်မပြေပါ။ အဲဒီတခေါက် အမေရိကကို မရောက်နိုင်ခဲ့ပါ။
(၃၁) နှစ်တိတိရှိသွားပြီပဲ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment