Skip to main content

ဆရာမသို့ ပြန်စာ

(တကျောင်းတဂါထာ တရွာတပုဒ်ဆန်း)

ကွန်မင့်တခု = အဲ့လိုစနစ်ဆိုးကို ဆရာက စပြီးပြင်သင့်တယ်လို့ထင်ပါတယ်ဆရာ။ ကျွန်မတို့ဟာ မြန်မာနိုင်ငံမှာနေပြီး မြန်မာစာရေးသားနည်း နိဿရည်းတွေကို လေ့လာအသုံးပြုနေရသူ ပညာရေးဝန်ထမ်းတွေပါဆရာ။ အဲ့ဒီပြည်ပကနေ ကျွန်မတို့တိုင်းပြည်ရဲ့ လက်ရှိသင်ရိုး မြန်မာစာတွေကို လှမ်းပြီး မဖျက်ဆီးဖို့ တောင်းပန်ချင်ပါတယ်ဆရာ။ "တစ်"ကျောင်း"တစ်"ဂါထာ၊ "တစ်"ရွာ"တစ်"ပုဒ်ဆန်းဆိုတဲ့ စကားပုံနဲ့ သူ့အရပ်နဲ့သူ့ဇာတ်၊ သူ့တိုင်းပြည်နဲ့သူ့စည်းကမ်းကို သိနားလည်ပြီးသား မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးအသက်မွေးဝမ်းကျောင်း ဆေးတက္ကသိုလ် တက်ခဲ့တဲ့ဆရာဟာ ဘာလို့များ အသိခေါက်ခက် အဝင်နက်ရတာလဲဆရာ။ ကျွန်မကမြန်မာနိုငံကပြည်သူ"တစ်"ယောက်အနေနဲ့ရော ကလေးတွေကို မှန်ကန်တဲ့ အသိပညာ၊ အတတ်ပညာတွေဖြန့်ဝေပေးနေရတဲ့ ကျောင်းဆရာမ"တစ်"ယောက်အနေနဲ့ပါ မေတ္တာရပ်ခံတာပါဆရာရှင့်။ ဆရာတို့ မိသားစု စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံကြပါစေရှင့်။

ပြန်စာ

ဟုတ် ဆရာမ။ ကျေးဇူး။

ကျွန်တော် မြန်စာအကြောင်း စာလေးတွေရေးနေတာ ၁၀ နှစ်ရှိပြီ။ စာပုဒ်ရေ ထောင်ဂဏန်း မနည်းတော့ပါ။

လေ့လာသုတေသနပြုပြီး ရေးသားပါတယ်။

အကြောင်းအရာလည်း စုံပါတယ်။ ဆရာမ ထောက်ပြချက်ကိုလည်း တင်ပြထားပြီးပါပြီ။

မြန်မာစာလုံးပေါင်းသတ်ပုံတွေ ပြောင်းလဲခြင်းသမိုင်းလည်း ပါတယ်။

စာလုံးပေါင်းသတ်ပုံကျမ်းတွေနဲ့ အဘိဓာန်စာရင်းလည်း ပါတယ်။

ဆရာမနဲ့ တိုက်ရိုက်သက်ဆိုင်မဲ့ ကျောင်းသုံးစာအုပ် -

ကျောင်းသုံးစာအုပ်ပါ သတ်ပုံအမှားတွေကိုသာမက အချက်အလက်အမှားတွေကိုလည်း သက်သေခံတွေနဲ့ တင်ပြထားပါသေးတယ်။

မြန်မာစာ၊ ပထဝီ နဲ့ သမိုင်း အမှားတွေကိုသာ အထောက်အထားတွေနဲ့တကွ တင်ပြပါတယ်။

နမူနာတခု

ပဥ္စမတန်း ပထဝီဝင် ဖတ်စာအုပ်မှာ မြောက်ယဉ်စွန်းတန်းကို အီကွေတာမျဉ်းလို့ပြထားတယ်။

ကျောင်းသုံးစာအုပ်ကို ကျွန်တော်က ဖျက်ဆီးနိုင်ခြင်း မရှိပါ။ ဖျက်ဆီးခြင်း မပြုပါ။

ကျွန်တော်တို့တိုင်းပြည်မှာ အရာရာကို အာဏာရှိသူကသာ လမ်းညွှန်၊ စေခိုင်း၊ သင်ကြားခိုင်းပါတယ်။

ကျွန်တော်ဆို ဝေးရော၊ ပြည်တွင်းနေ အာဏာမရှိတဲ့ပြည်သူတွေက ကျောင်းသုံးစာအုပ်ပါအမှားတွေကို လုပ်ဆောင်နိုင်ခြင်း အလျဉ်းမရှိပါခင်ဗျား။

ဆရာမခင်ဗျား တကျောင်းတဂါထာ တရွာတပုဒ်ဆန်းလို့ ရေးတာကသာ မှန်ကန်ပါတယ်။

ဆရာမနဲ့တကွ ကျောင်းဆရာ ဆရာမတွေ နေကောင်းကြပါစေသတည်း။

နာတာရှည် မိခင်မြန်မာစာ ပြန်လည်ကျန်းမာလာပါစေသတည်း။

ကွန်မင့်တခု = ကျောင်းသုံးစာအုပ်တခု(ပထမတန်း လို့ထင်တာပါပဲ)ထဲမှာ မန်ကျီး၊ မန်ကျည်း၊ မကျီး လို့ သုံးမျိုးလုံးရေးထားတာကို ဆရာမတယောက်က ပြလို့ ကြည့်ဘူးပြီး အံ့ဩရတယ်။

ဒေါက်တာတင့်ဆွေ

Comments