Skip to main content

အညာတောသားတွေရဲ့ ရိုးရာအစားအစာ ရှားဆံသုပ်

တူတော်မောင်တယောက်ရဲ့ လက်ရာ။ တူမ လက်ရာလည်း ဖြစ်နိုင်တယ်။

(၁)

ကျွန်တော် တောဆရာဝန်လုပ်စဉ်က တာဝန်ကျတဲ့အရပ်မှာ သစ်သား၊ ဝါး ရှားတယ်။ မဆလ ခေတ်လည်းဖြစ်တော့ အစစအရာရာ နေရာတကာမှာ ရှားတယ်။

ရှားသား အားကိုးရတယ်။ ရှားသားက အတော်ကိုမာတယ်။ ခိုင်တယ်။

သံရိုက်ရင် တန်း မဝင်။ ပလပ်စတစလေးခံပြီး ရိုက်ရတယ်။ လွှဆွဲရင်လည်း မလွယ်။

အိမ်တိုင်လုပ်စရာ ဖြောင့်တာ ရှာမရပါ။ ရှိတာသုံးကြရတယ်။

သက်နုရှားပင်စည်ကို ဝင်းထရံတိုင်လုပ်ရတယ်။

ရှားဆံကတော့ သွားရည်စာ။ ကောင်းတယ်။

(၂)

ရှားပင် (Acacia catechu) သည် သစ်ရွက်ကြွေတတ်ပြီး ဆူးခက်များရှိသောအပင်ဖြစ်သည်။ ရှားကို အာရှ၊ တရုတ်၊ အိန္ဒိယ နှင့် အိန္ဒိယသမုဒ္ဒရာဒေသတို့တွင် တွေ့ရတတ်သည်။

ရှားအစေ့ကို ပျိုး၍ စိုက်ယူကြသည်။ ပျိုးထားသည့်ရှားပင်ငယ်များ အကြီးမြန်စေရန် အလင်းရောင်အထူးလိုသည်။ ရှားပင်သစ်များ သဘာဝအလျောက် မျိုးဆက် ပေါက်ပွားသောအရပ်များမှာ ဖုန်းဆိုးရပ်များ၊ မြစ်ကမ်းဘေးများနှင့် မိုးပါးသောအရပ်၌ အပင်များ ခပ်ကျဲကျဲပေါက်သည့် တောများ ဖြစ်သည်။ ရှားကိုင်းရှားခက်တို့တွင် ဆူးများရှိသည်။ ရှားသားသည် အရောင်နီ၍ အလွန်မာသည်။ ပြုပြင်ရခက်သည်ဟု ဆိုသော်လည်း ခိုင်ခံ့သဖြင့် အိမ်တိုင်များနှင့် ထွန်ယက်သည့်ကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုကြသည်။ အထူးသဖြင့် ထွန်သွားများကို ရှားသားဖြင့် ပြုလုပ်ကြသည်။ လှည်း၊ လှည်းဘီး၊ ဆန်ထောင်းရန် ကျည်ပွေ့၊ ဆီကြိတ်ဆုံ၊ ဓားလှံ၊ စူးဆောက် စသည်တို့၏ လက်ကိုင်ရိုးနှင့် ရေတွင်း ပေါင်တို့ကိုလည်း ရှားသားဖြင့် ပြုလုပ်လေ့ ရှိကြလေသည်။

ရှားပင်၏ အစေ့သည် ပရိုတိန်းဓာတ်အတွက် ကောင်းမွန်သော အရင်းအမြစ်တခုဖြစ်သည်။ ရှားပင်မှရရှိသော ရှားစေးကို ကွမ်းသီး၊ ထုံးတို့နှင့် ရောစပ်၍ ကွမ်းစားရာတွင် ထည့်စားလေ့ ရှိကြသည်။

ရှားပင်၏ အကိုင်းအခက်တို့ကို ဆိတ်တို့ကို ကျွေးလေ့ရှိကြပြီး တခါတရံတွင် နွားများကို လည်း ကျွေးမွေးလေ့ရှိကြသည်။

ရှားပင်မှရသော အရာများဖြင့် လည်ချောင်းနာခြင်းနှင့် ဝမ်းရောဂါတို့ကို ကုသလေ့ရှိကြသည်။ယဉ်းနေသော အနာနှင့် ရင်ပတ်နာအတွက် ရှားစေးကို အသုံးပြုနိုင်သည်။

ရှားပင်ကို အမြဲလိုလိုပင် ထင်းအတွက် စိုက်ပျိုးလေ့ရှိကြပြီး ရှားသားမှာ ပရိဘောဂများနှင့် တန်ဆာပလာများအတွက် အသုံးပြုကြသည်။ ရှားသား၏ သိပ်သည်းဆမှာ ၁ ကျုဗစ်စင်တီမီတာတွင် ၀.၈၈ ဂရမ်နှုန်းဖြစ်သည်။

ရှားသားအခြောက်ကို ဆေးဆိုးရန်နှင့် သားရေအခြောက်ခံရန်၊ ငါးဖမ်းပိုက်များကိုကြာရှည်ခံရန်၊ ဆေးကုသရန်နှင့် ရေနံတူးဖော်ရာတွင် ပျစ်ခဲမှု ကို ထိန်းသိမ်းရန်အတွက် အသုံးပြုကြသည်။ ရှားသားမီးသည် မီးရှိန် အလွန်ကောင်းသဖြင့် မီးပြင်းတိုက်ရန် လိုသည့်အခါတွင် ရှားသားကို အသုံးပြုလေ့ ရှိကြသည်။ ရှားသားမီးသွေးသည် ပထမတန်း မီးသွေးတွင် ပါဝင်လေသည်။ တံငါပိုက်ကွန်များ ဆေးဆိုးရန် ဆိုးဆေးအဖြစ် ရှားစေးကို အသုံးချကြသည်။

(၃)

ရှားဆံ (ပေါကြွယ်ဆံ)

အဖိုးအဖွားတို့က အတိတ်နိမိတ်လေးနဲ့ ပေါကြွယ်ပင် (ရှားပင်)က ရတဲ့ အဆံလေးပေါ့

လည်ဆွဲ နားကပ် လက်ကောက်လေးတွေ သီဝတ်ကြသလို

တညရေစိမ် အိအောင်ပြုတ်

လက်လေးနှစ်ဖက်နဲ့ ပွတ်ပြီး

အခွံချွတ်

တို့ဟူးလေးနဲ့သုတ်

ဘေးဘယာဝေးကွာဖို့ ဘယာကြော်လေးနဲ့ သုပ်

တူနှစ်ကိုယ်နီးဖို့ နှစ်ပြန်ကြော်လေးနဲ့ သုပ်

မြူရွက်လေးနဲ့ သုပ်

ဘယ်လိုသုပ်သုပ် စိမ့်စိမ့်လေးနဲ့ စားကောင်းနေရော (ဆိမ့်ဆိမ့် လို့ ရေးရသည်။)

နို့ဆီတဗူး ၂၀၀၀ကျပ်

ရေစိမ် အခွံချွတ်ပြီးသားလေးပါရှင် (ထူးစိန် မိသားစု)

"ရှားဆံသုပ် ဘယ်လိုအရသာရှိလဲ"

တင်ထားတဲ့စာ = အညာတောသားတွေရဲ့ ရိုးရာအစားအစာ ရှားဆံသုပ်

မက်ဆေ့ချ်တခု = စားကြည့်ချင်တာ ဘယ်လိုအရသာရှိလဲမသိ။

ပြန်စာ

စာထဲမှာ ဆိမ့်ဆိမ့်လေးလို့ ပါရှိ။

စိမ့်စိမ့်လေးလို့ရေးရင် ပန်းကန်အက်နေလို့။

အဆာပလာတွေထဲမှာ ငရုပ်သီးထည့်ရင် စပ်မည်။

ငံပြာရည်ကဲရင် ငံမည်။

သံပုရာများသော် ချဉ်မည်။

ဟင်းချိုမှုန့်ကဲသော် မူရင်းအရသာ ပျက်မည်။

ဒေါက်တာတင့်ဆွေ

Comments