Skip to main content

The Year နှစ်တနှစ်

နှစ်သစ်အတွက် ကဗျာစာကြောင်းများမှာ

ထပ်မံပြောစရာ ရှိသေးပါသလား

အကြိမ်ထောင်ချီ ပြောပြီးသား မဟုတ်ပါသလား။

နှစ်သစ်များ ရောက်လာကြပြီး

နှစ်ဟောင်းများ ထွက်ခွာသွားကြသည်။

အိပ်မက်တွေကို ကျွန်ုပ်တို့ မက်ကြသည်ဟု သိကြသလို

မက်နေခြင်းကိုပင် သိနေကြသည်။

မနက်အလင်းနဲ့အတူ

ရယ်မောလျက် ထလာကြပြီး

ညအမှောင်နဲ့အတူ

မျက်ရည်စိုစိုနဲ့ လဲလျောင်းကြသည်။

ကမ္ဘာကို ဖက်ကာဖက်ကာ

နာကျင်စေသည့်အထိ ချစ်ကြသလို

ထိုကမ္ဘာကိုပင် ကျိန်ဆဲကာ

တောင်ပံရှိခဲ့ရင် ကောင်းမည်ဟု

သက်ပြင်းချကြသည်။

အသက်ရှင်ကြသည

ချစ်ကြသည်

ချစ်ခင်မှု ဖိတ်ခေါ်ကြသည်

လက်ထပ်ကြသည်

ဂုဏ်မာန်များကို ပန်းကုံးဆင်ကြပြီး

သေဆုံးသူများကို အဖြူအထည်ဖြင့် ဖုံးအုပ်ကြသည်။

ရယ်မောကြသည်

ငိုကြွေးကြသည

မျှော်လင့်ကြသည်

ကြောက်ရွံ့ကြသည်

ဤအရာအားလုံးပင်

နှစ်တနှစ်၏ ဝန်ထုပ်ဝန်ပိုး ဖြစ်ပေသည်။

ဆောင်းရာသီ နေ့စဉ်အတွက် ကဗျာများ (A Poem for Every Winter Day) မှ

Ella Wheeler Wilcox အယ်လာ ဝီလာ ဝီလ်ကော့စ်

ဒေါက်တာတင့်ဆွေ

Comments