ကွန်မင့်တခု = ကုလားပဲကို နိုင်ငံတကာမှာ ဘလိုနာမည်နဲ့ခေါသလဲဗျ သိလိုရမလား
ပြန်စာ
(၁)
ကုလားပဲအမည် Chickpeas လိုပါရှိ။
Chickpeas ကို မြန်မာလို ဘာ့ကြောင့် "ချစ်ပဲ" လိုမခေါ်ကြသလဲ မသိပါ။
(၂)
ဘလို မဟုတ်။ ဘယ်လို လို့ရေးရ။
ဘလို ဆိုတာ အဘလို၊ ဘကြီးလို။
ဘယ်လို၊ ဘယ်ကို၊ ဘယ်သို့ စသည်။
ဘယ်ကျော်
ဘယ်ကြောင့်
ဘယ်ကလာသလဲ
ဘယ်ခြေ
ဘယ်ဈေးလဲ
ဘယ်ညာ
ဘယ်တော့လဲ
ဘယ်နံရောအခါ
ဘယ်နယ်ကလဲ
ဘယ်နှ (နှစ်) ခါရှိပြီလဲ
ဘယ်ပြန်ညာပြန်
ဘယ်ဘက်မျက်စိ
ဘယ်လက်
ဘယ်သန်
ဘယ်သွားနေတာလဲ
ဘယ်သို့ဘယ်ညာ
ဘယ်သူဘယ်ဝါ
ဘယ်သောအခါမှ
အဘယ်ကြောင့်
(၃)
သူငယ်တန်းဖတ်စာ
မေမေ ဘယ်က လာသလဲ။
မေမေ စျေးက လာသည်။
စျေးမှာ ဘာရှိသလဲ။
စျေးမှာ စားစရာ ရှိသည်။
ဘာ စားစရာတွေ ရှိသလဲ။
ဆား ရှိသည်။ သကြား ရှိသည်။
ငါး ရှိသည်။ အသား ရှိသည်။
ဘာတွေ ရှိသေးလဲ။
ဘူးသီး ပဲသီး ခဝဲသီး
အာလူးတွေ ရှိသည်။
သခွါးသီးကော မရှိဘူးလား။
သခွါးသီးလဲ ရှိပါသည်။
မေမေ ဘာ ဝယ်ခဲ့သလဲ။
သားတို့ သမီးတို့ စားဘို့
စားစရာတွေ ဝယ်ခဲ့သည်။ ။
(၄)
ဘယ် ရှေးဝဋ်ကြွေးတုံ့တင်၊ ချေပြီ ထင်ခဲ့ ခိုမီရာမဲ့၊ ရှုလှဲ့မြင်လှဲ့စေချင်၊ ချစ်တဲ့သူရဲ့ရင်ခွင်၊ တကိုယ်ရေအားနွဲ့နွဲ့ တုန်ပြီရွှေဘဝင်၊ ငြိုးရက်တဲ့ဒေဝါဆွေနတ်ရှင်၊ သြော် မိုးသက်လေနှင်။
(၅)
ဘယ်ဆီဘယ်ဝယ် မှန်းဆကာတွေးမိတယ်
ပျိုဖြူသဇင်ရယ် စွဲမိပြီပေါ့ခက်တယ်
ဘုရားမှာ တစ်ခါဆုံတယ်
လဝါဆိုဦးဆီကကွယ် (သူကလေး ကိုအံ့ကြီး)
(၆)
ဘယ်သွားနေလဲ မရွှေဖဲ
ဘုရားပွဲကို လှည်းနဲ့ဆို
ဘာဝယ်ခဲ့လဲ မရွှေဖဲ
ပင်နီအင်္ကီျ ယောထမီ
ဘာစားခဲ့လဲ မရွှေဖဲ
ကြာဇံလက်သုပ် မုံ့ဖက်ထုပ်
ဘယ်လောက်ကုန်လဲ မရွှေဖဲ
စက္ကူတကျပ် ငွေတမတ်
ဘာမြင်ခဲ့လဲ မရွှေဖဲ
ဈေးသည်ဈေးဝယ် စုံလို့ကွယ်
ဘာလုပ်သေးလည်း မရွှေဖဲ
ဘုရားရှင်တော် ဖူးပါသော်
အမည်ဘာလဲ မရွှေဖဲ
မကွေးမြို့စွန် မြသလွန်
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။ (ဒေါက်တာမောင်ဖြူး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment