Skip to main content

စံတော်ချိန်

(ဒဂုန်ဦးစန်းငွေ။ ကဗျာကပေးသော ဗဟုသုတများ)

အခန်း ၅

စံတော်ချိန်

စံတော်ချိန် (ဝါ) နာရီ ဟူသည် အချိန်ကာလကို သတ်မှတ် ပိုင်းခြား၍ ဆိုသော သင်္ကေတ ပညတ်စကား ဖြစ်လေသည်။ နေ့ ၁၂ နာရီ၊ ည ၁၂ နာရီ၊ နှစ်ရပ်ပေါင်း ၂၄ နာရီကို တရက် ဟု ယနေ့ ခေါ်၏။ ရှေးမြန်မာတို့ကမူ တရက်ကို မြန်မာစံတော်ချိန် နာရီပေါင်း ၆၀ ထား၍ သတ်မှတ် သုံးစွဲလာခဲ့ကြသည်။

ယနေ့ တရက်အဖို့ နေ့ ၁၂ နာရီ၊ ည ၁၂ နာရီ၊ အတူအမျှ ထားသော်လည်း

မြန်မာစံတော်ချိန်၌ ထိုကဲ့သို့ အညီအမျှ ၁၂ နာရီစီ မထားဘဲ နေ့တာ အတိုအရှည်ကိုလိုက်၍ နာရီခွဲ၍ ထားကြကုန်၏။

ထို့ကြောင့် တရက်ကို နေ့ ၃၀ ည ၃၀ ညီမျှသော လ လည်း ရှိသည်။ မညီမျှသော လ လည်းရှိသည်။ နေ့နာရီက ညဉ့်နာရီထက် ပိုသောလ လည်းရှိသည်။ ညဉ့်နာရီက နေ့နာရီထက် ပိုသောလလည်း ရှိသည်။

အောက်ပါ သံပေါက်ကဗျာသည် ရှေးမြန်မာတို့ အသုံးပြုခဲ့ကြသော စံတော်ချိန်ကို တွက်ချက်ပြထားသည့် စံတော်ချိန် ကဗျာဖြစ်လေသည်။

“ပတ်သာတံရှည်၊ တီးသံမြည်၊ လက်ဆည်ကန်စာရေး။ တဆယ်လောင်းမည်း၊ ထမ်းပိုးရည်၊ ယင်းသည်နာရီမေး။ ဆုံနှစ်လလည်း၊ နေ့ဘို့ရည်၊

ညဉ့်သည် အကြွင်းဆေး။”

ပထမ အပိုဒ်၌ အက္ခရာ ၁၂ လုံး ပါ၏။ ယင်း ၁၂ လုံးအနက် တလလျှင် တလုံးကျ တန်ခူးလကစ၍ မြန်မာ ၁၂ လကိုလည်းပြသည်။

တလုံးစီသော အက္ခရာဖြင့် နံသင့်ဂဏန်းကို လည်းပြသည်။ ပုံစံဆိုသော် ပတ် ဟူသော စာလုံးအရ လအားဖြင့် တန်ခူး၊ ဂဏန်းအားဖြင့် ၅ ဟုဆိုလိုသည်။ ကျရောက်ရာ စာလုံးကို မှတ်၍ လကို ရေတွက်ပုံ ထိုလ၌ နံသင့်ဂဏန်း မည်မျှမည်မျှ ကောက်ယူပုံကို အောက်ပါအတိုင်း သိရာ၏။

၁၂ လ၊ နံသင့်ဂဏန်း ကောက်ယူပုံ

၁။ ပတ် = ကြာသပတေးနံ၊ ၅ ဂဏန်း (တန်ခူးလ)

၂။ သာ = သောကြာနံ၊ ၆ ဂဏန်း (ကဆုန်)

၃။ တံ = စနေနံ၊ ၇ ဂဏန်း (နယုန်)

၄။ ရှည် = ရာဟုနံ၊ ၈ ဂဏန်း (ဝါဆို)

၅။ တီး = စနေနံ၊ ၇ ဂဏန်း (ဝါခေါင်)

၆။ သံ = သောကြာနံ၊ ၆ ဂဏန်း (တော်သလင်း)

၇။ မြည် = ကြာသပတေးနံ၊ ၅ ဂဏန်း (သီတင်းကျွတ်)

၈။ လက် = ဗုဒ္ဓဟူးနံ၊ ၄ ဂဏန်း (တန်ဆောင်မုန်း)

၉။ ဆည် = အင်္ဂါနံ၊ ၃ ဂဏန်း (နတ်တော်)

၁၀။ ကန် = တနင်္ဂနွေနံ၊ ၂ ဂဏန်း (ပြာသို)

၁၁။ စာ = အင်္ဂါနံ၊ ၃ ဂဏန်း (တပို့တွဲ)

၁၂။ ရေး = ဗုဒ္ဓဟူးနံ၊ ၄ ဂဏန်း (တပေါင်း)

အထက်ပါ ဇယားအရ မည်သည့်လ၌ သင်္ချာဂဏန်း မည်မျှရှိကြောင်း သိရပြီးနောက် ဒုတိယအပိုဒ်က “တဆယ်လောင်း” ဟု ညွှန်းသည့်အတိုင်း တလတလ တဆယ်စီ တိုးတိုးပြီး ပေါင်းရသည်။ ပုံစံ – တန်ခူးလ၌ ရရှိသော နံသင့်ဂဏန်း ၅ ၌ ၁၀ တိုးသော် ၁၅ ဖြစ်လာ၏။

သောအခါ ၃၀ ဖြစ်လာသည်။ ဤ ၃၀ သည် တန်ခူးလ၏ နေ့ စံတော်ချိန် နာရီပေါင်း ဖြစ်၏။ ညဉ့်သည် အကြွင်း ဆေး ဆိုသော စကားအရ နေ့ စံတော်ချိန် နေ့ နာရီပေါင်းမှ ကြွင်းသမျှ ည နာရီဖြစ်၏။ ထို့ကြောင့် တန်ခူးလ၌ စံတော်ချိန် နေ့ ၃၀၊ ည ၃၀ ရှိကြောင်း သိလေသည်။

တရက်ကို စံတော်ချိန် နာရီပေါင်း ၆၀ သတ်မှတ်ထားသည်တွင် နေ့တာ တို ရှည် လိုက်၍ နေ့၊ ည နာရီများ ခြားနား သွားပုံကို အောက်ပါအတိုင်း သိရာ၏။

နေ့နာရီပေါင်း ညနာရီ တရက် နာရီပေါင်း

တန်ခူး၊ ၃၀၊ ၃၀၊ ၆၀။

ကဆုန်၊ ၃၂၊ ၂၈၊ "

နယုန်၊ ၃၄၊ ၂၆၊ "

ဝါဆို၊ ၃၆၊ ၂၄၊ "

ဝါခေါင်၊ ၃၄၊ ၂၆၊ "

တော်သလင်း၊ ၃၂၊ ၂၈၊ "

သီတင်းကျွတ်၊ ၃၀၊ ၃၀၊ "

တန်ဆောင်မုန်း၊ ၂၈၊ ၃၂၊ "

နတ်တော်၊ ၂၆၊ ၃၄၊ "

ပြာသို၊ ၂၄၊ ၃၆၊ "

တပို့တွဲ၊ ၂၆၊ ၃၄၊ "

တပေါင်း၊ ၂၈၊ ၃၂၊ "

အထက်ပါ ဇယားကို ကြည့်လျှင် ၁၂ လ ရှိသည့်အနက်၊ ဝါဆိုလသည် နေ့ ၃၆ နာရီ၊ ည ၂၄ နာရီသာ ရှိသောကြောင့် နေ့တာအားဖြင့် အရှည်ဆုံးသောလ၊ ညဉ့်တာအားဖြင့် အတိုဆုံးသောလ ဖြစ်၏။

ပြာသိုလမှာမူ ည ၃၆ နာရီ၊ နေ့ ၂၄ နာရီသာ ရှိရကား ညဉ့်တာအားဖြင့် အရှည်ဆုံးသောလ၊ နေ့တာအားဖြင့် အတိုဆုံးသောလ ဖြစ်၏။ ထို့ကြောင့် “နေ့ ဝါဆို၊ ည ပြာသို” ဟု ဆိုစမှတ် ပြုကြကုန်သတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ