Skip to main content

ခေတ်ပေါ်ကဗျာဆရာနဲ့ သူ့ရဲ့ အိမ်ထောင်ရေး

(မောင်စွမ်းရည်)

အိမ်ထောင်ကျတာ 

ဆယ်နှစ်ကြာပြီ။

ဖ•ဆ•ပ•လ ဟာ

ဆယ်နှစ်ကြာသတဲ့၊ 

ဆယ်စုနှစ်တနှစ်ဟာ 

တခေတ်ခေါ်နိုင်သကိုး။

ရှေးခေတ်က 

တခေတ်မှာတယောက်တဲ့။

ခုခေတ်က 

တခေတ်မှာ တရာ။

ကဗျာရှင်ရောယောင်ထဲ 

မောင်လည်းတယောက်ပါကွယ်။

ဪ... အိမ်ထောင်ကျတာ ဆယ်နှစ်ကြာပကော။

အိမ်ထောင်ကျတာ - 

ထောင်ကျတာနဲ ဘာထူးလို့ လဲ။

မမြင်နိုင်တဲ့ သံတိုင် 

သံယောဇဉ်တိုင်ဟာ 

ပို-ခိုင်ပါသတဲ့။

အာဒမ်က အေးဝကို 

ချစ်တယ်လို့ ဆိုတယ်။

အေး၀က အာဒမ်ကို ချစ်တယ် ချစ်တယ် 

သိပ်ချစ်တယ်လို့ ဆိုတယ်။

ဒီလိုနဲ့ပဲ 

အာဒမ်လည်း 

တသက်တကျွန်းဘဲ 

နှစ်သက်ရှိရင် နှစ်ကျွန်းပေါ့။

“ကဗျာဗန္ဓတိတိ ကဝိ။”တဲ့ 

ကဝိဖွဲ့တာ ကဗျာ ကဗျာဖွဲ့သူ ကဝိ-

ရှေးကျမ်းနဲ့ ညှိပေါ့ 

ကဝိတို့ဥစ္စာကို 

ငါ ဖန်တီးတယ်။

အချစ်ရာ....

မောင်ဟာ

ကဗျာဆရာပါ

ကဗျာဆရာပါ။

လွတ်လွတ်လပ်လပ် 

ရေးဖတ်-ဟောပြောချင်တယ်။

ချုပ်ချယ်မှုဆို 

ဘာကိုမှ မလိုချင်.…။

သွားချင်ရာကို 

သွားချင်သလောက်သွား.…။

စားချင်ရာကို 

စားချင်သလောက်စား....။

လွတ်လွတ်လပ်လပ်။ 

ဖတ်ချင် တွေးချင် 

စပ်ချင် ရေးချင်တယ်

မအိပ်ချင်ရင်-မအိပ်ပါရစေနဲ့ 

အိပ်ချင်ရင်-အိပ်ပါရစေတော့။

အိပ်ရာကနိုးရင်၊ 

တမျိုးမျိုးပေါ့ 

ကိုကိုး ကာဖီ - 

သို့မဟုတ်။ 

သို့မဟုတ်-ထမရည်။

ဘာရည်ပဲ ဖြစ်ဖြစ်။ 

စစ်လည်းစစ် ပျစ်လည်းပျစ် 

ချစ်သူရယ်-ပေးပါ။

မောင်တထမ်း မယ်တရွက်တဲ့ 

မောင်နှစ်ထမ်း မယ်နှစ်ရွက်ဖြစ်ပါပြီ။

ကြာဆန်ဟင်းကို၊ 

ကြွေဇွန်းနဲ့ တိုက်တဲ့ခါ 

ကြိုးကြာ မြေခွေးကို 

တွေးမိရင်း ပြုံးရတယ်။

ခေါင်းပုံမဖြတ်တာ- 

ကောင်းသကွာ လို့ 

လူတကာပြောသလို-

ငါလည်းပြောခဲ့တယ်။

ဟုတ်ကဲ့ အိမ်ဦးနတ်၊ 

ခေါင်းပုံ မဖြတ်နဲ့ တဲ့ 

အဖေ တဖတ်၊ အမေ တဖက် 

သား တဖတ်၊ သမီး တဖတ်

တဖတ်စီဝေသံ 

ချစ်သူ့အသံ မှန်ပင်မှန်ငြား 

ကြားတိုင်းကြားတိုင်း 

နားရိုင်းလှပါတယ်။

ကစွန်းဥ - ကစွန်းရွက်ဟာ 

ဗီတာမင်ပါသတဲ့၊ 

မညာဘဲကျွေးပေမဲ့ 

ကျွေးတိုင်း ကျွေးတိုင်း 

ကျွေးတိုင်း ညာတယ် ထင်မိတယ်။

ဗီတာမင်၊ ဗီတာမင်နဲ့ 

ဗီတာမင်ချည်း စားတော့လည်း 

အားလျော့တာပေါ့။

အိမ်ထောင်မှုဒါဏ် 

ကားစီး ခံသူ ခံ၊ 

ခါးစည်း ခံသူ ခံ 

ကံကိုသာ ယိုးမယ်ဖွဲ့မလား။

မယားကိုမေးတဲ့ခါ-

ကဗျာတဲ့-ကဗျာတဲ့ 

ကဗျာကို ယိုးမယ်ဖွဲ့ပြန်ပေါ့၊

သီလရှင်၊ 

ဘဲဥပျောက်သလို 

ဒေါင်းတောက်တဲ့ကဗျာဆရာ 

ကံကိုသာ ယိုးမယ်ဖွဲ့ပေတော့။

ကဗျာကတော်ဟာ 

ဘာကတော်၊ ညာကတော်-

မဟာကတော်မဟုတ် 

အနေစုတ်ပေမယ့်၊ 

ရွှေထုတ်တဲ့ မြပုဝါပဲ။

ကဗျာဟာ ရွှေ - 

ကဗျာဟာ ငွေ 

ပြည်သူတွေအတွက် 

လက်နက်ပါလို့ 

ငါက ပြောမယ်။

“စာပေဟာ ပြည်သူ့အတွက် 

ပြည်သူ့ အတွက်တဲ့လား? 

ဟား-ဟား-ဟား”လို့ 

မယားက ရီတယ်-

(မရီနိုင်သူက မဲ့တယ်) 

တလ ကဗျာတပုဒ်ထား 

တပုဒ် ငွေ ၁ဝ ထား 

ငွေတဆယ် ဆန်နှစ်ပြည်ထား 

တလနှစ်ပြည်သာ– 

ဖြစ်မလား မောင်ရင်ရယ်-တဲ့။

တလ ကဗျာတပုဒ် 

မှင်ထဲက မဟုတ် 

ရင်ထဲက ထုတ်တယ်။

ဘယ်သူ ဝယ်မလဲ၊ 

ဝယ်ချင်တဲ့ သူ 

လက်ညှိုးထောင်။

မဝယ်ချင် ထားလိုက် 

အလကား ဝေမယ် 

ဝေဖို့အချိန် စောင့်ရုံပေါ့။

မာန်နဲ့ အသံသာ 

အဆန်ဖြစ်ရင် 

ပေပြင်မှာ ထုကြည့် 

ထုမိသူ လက်ကျဉ် 

တူပဲ့လို့ စင်လိမ့်မယ်။

"ရဲရဲ တွေး၊ ရဲရဲ ရေး” လို့ 

သွေးက ပြောတယ် 

ချွေးကလည်း ပြောတယ်။

“........"နဲ့ မော်ဒန်” ကို။ 

"မော်တာဆန်”အဖြစ် 

မိုးထောင်ပြီး ပစ်တယ်လို့ 

ချစ်သူက ဝေဖန်တော့ 

ခံပြင်းစိတ်နဲ့ 

အစိတ်စိတ် အမြွှာမြွှာ 

ကဗျာတွေဆုတ်ပေမဲ့ 

စုတ်တာက အသဲပါကွယ်။

ပြည်သူ့ဘဝ။ ပြည်သူ့ဘဝနဲ့ 

အနုအလှ မပါ- သမုဒယ မပါ-

မင့်းကဗျာ 

ကြမ်းလာ-ရမ်းလာတယ်ကွယ်လို့ 

သူငယ်ချင်း လှလှ၊ 

မြန်စာဂုဏ်ကထိက 

မမက ပြောတယ်။

ခံစားမှုအဆိပ်ကို 

စက္ကူအိတ်နဲ့ ထည့်တာ၊

ကဗျာပေါ့လို့ 

ငါပြန်ငေါ့ခဲ့တယ်။

ငါ့ကဗျာနဲ့ - ခေါစာပစ်တယ် 

ချစ်သူအတွက် ဆေး၊ 

မုန်းသူအတွက် ဘေးဟေ့။

အမုန်းနဲ့ ဘေးရန် 

သယ်သူ လက်ခံမလဲ။

တဦးမေတ္တာ၊ တဦးမှာဆိုပေမဲ့ 

အချစ်ကဗျာ ရေးတဲ့ခါ 

မေတ္တာတုံ့မှာ၊ မသေချာလဲ 

အမုန်းကဗျာ ရေးတဲ့ခါ 

သေချာအမုန်း တုံ့ပြန်မယ်။

ရန်သူမုန်းတာ၊

ငါဝမ်းသာတယ် 

ဒါက သဘောတရားပါ။

ဒါပေမဲ့ကွာ၊ တခါတခါ 

“မယားမျက်နှာ၊ သားမျက်နှာကို 

ငဲ့ပါသခင်”လို့၊ 

အိမ်ရှင်မကလည်း 

မိန်းမအတတ်၊ အဋ္ဌာရသ်နဲ့ 

မေတ္တာရပ်တယ်။

ဆင်ဆာအလုပ်ကို၊ 

သူ အရင် လုပ်ချင်ကြောင်းလည်း 

မျက်ရည်နဲ့ တောင်းခံတယ်။

ဒါနဲ့ 

ငါလည်း 

ကဗျာမရေးဖြစ်ဘူး။

ရေးဖြစ်လည်း 

မထဲ့ဖြစ်ဘူး။

ထဲ့ဖြစ်လည်း

မကောင်းတော့ဘူး။

၁၇-၆-၇ ၆

(မောင်စွမ်းရည်)

မောင်စွမ်းရည်ကဗျာပေါင်းချုပ်မှာ  မပါ, ကျန်နေခဲ့သော ကဗျာ

ဆေးတက္ကသိုလ် (၁) ရွှေရတုသဘင်မဂ္ဂဇင်း (၁၉၇၅ - ၇၆ - ၇၇) နှစ်လည်မဂ္ဂဇင်း

မူရင်းအတိုင်း ကူယူတင်ပြထားသူ Mg Win Mg ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ