အိမ်ထောင်ကျတာ
ဆယ်နှစ်ကြာပြီ။
ဖ•ဆ•ပ•လ ဟာ
ဆယ်နှစ်ကြာသတဲ့၊
ဆယ်စုနှစ်တနှစ်ဟာ
တခေတ်ခေါ်နိုင်သကိုး။
ရှေးခေတ်က
တခေတ်မှာတယောက်တဲ့။
ခုခေတ်က
တခေတ်မှာ တရာ။
ကဗျာရှင်ရောယောင်ထဲ
မောင်လည်းတယောက်ပါကွယ်။
ဪ... အိမ်ထောင်ကျတာ ဆယ်နှစ်ကြာပကော။
အိမ်ထောင်ကျတာ -
ထောင်ကျတာနဲ ဘာထူးလို့ လဲ။
မမြင်နိုင်တဲ့ သံတိုင်
သံယောဇဉ်တိုင်ဟာ
ပို-ခိုင်ပါသတဲ့။
အာဒမ်က အေးဝကို
ချစ်တယ်လို့ ဆိုတယ်။
အေး၀က အာဒမ်ကို ချစ်တယ် ချစ်တယ်
သိပ်ချစ်တယ်လို့ ဆိုတယ်။
ဒီလိုနဲ့ပဲ
အာဒမ်လည်း
တသက်တကျွန်းဘဲ
နှစ်သက်ရှိရင် နှစ်ကျွန်းပေါ့။
“ကဗျာဗန္ဓတိတိ ကဝိ။”တဲ့
ကဝိဖွဲ့တာ ကဗျာ ကဗျာဖွဲ့သူ ကဝိ-
ရှေးကျမ်းနဲ့ ညှိပေါ့
ကဝိတို့ဥစ္စာကို
ငါ ဖန်တီးတယ်။
အချစ်ရာ....
မောင်ဟာ
ကဗျာဆရာပါ
ကဗျာဆရာပါ။
လွတ်လွတ်လပ်လပ်
ရေးဖတ်-ဟောပြောချင်တယ်။
ချုပ်ချယ်မှုဆို
ဘာကိုမှ မလိုချင်.…။
သွားချင်ရာကို
သွားချင်သလောက်သွား.…။
စားချင်ရာကို
စားချင်သလောက်စား....။
လွတ်လွတ်လပ်လပ်။
ဖတ်ချင် တွေးချင်
စပ်ချင် ရေးချင်တယ်
မအိပ်ချင်ရင်-မအိပ်ပါရစေနဲ့
အိပ်ချင်ရင်-အိပ်ပါရစေတော့။
အိပ်ရာကနိုးရင်၊
တမျိုးမျိုးပေါ့
ကိုကိုး ကာဖီ -
သို့မဟုတ်။
သို့မဟုတ်-ထမရည်။
ဘာရည်ပဲ ဖြစ်ဖြစ်။
စစ်လည်းစစ် ပျစ်လည်းပျစ်
ချစ်သူရယ်-ပေးပါ။
မောင်တထမ်း မယ်တရွက်တဲ့
မောင်နှစ်ထမ်း မယ်နှစ်ရွက်ဖြစ်ပါပြီ။
ကြာဆန်ဟင်းကို၊
ကြွေဇွန်းနဲ့ တိုက်တဲ့ခါ
ကြိုးကြာ မြေခွေးကို
တွေးမိရင်း ပြုံးရတယ်။
ခေါင်းပုံမဖြတ်တာ-
ကောင်းသကွာ လို့
လူတကာပြောသလို-
ငါလည်းပြောခဲ့တယ်။
ဟုတ်ကဲ့ အိမ်ဦးနတ်၊
ခေါင်းပုံ မဖြတ်နဲ့ တဲ့
အဖေ တဖတ်၊ အမေ တဖက်
သား တဖတ်၊ သမီး တဖတ်
တဖတ်စီဝေသံ
ချစ်သူ့အသံ မှန်ပင်မှန်ငြား
ကြားတိုင်းကြားတိုင်း
နားရိုင်းလှပါတယ်။
ကစွန်းဥ - ကစွန်းရွက်ဟာ
ဗီတာမင်ပါသတဲ့၊
မညာဘဲကျွေးပေမဲ့
ကျွေးတိုင်း ကျွေးတိုင်း
ကျွေးတိုင်း ညာတယ် ထင်မိတယ်။
ဗီတာမင်၊ ဗီတာမင်နဲ့
ဗီတာမင်ချည်း စားတော့လည်း
အားလျော့တာပေါ့။
အိမ်ထောင်မှုဒါဏ်
ကားစီး ခံသူ ခံ၊
ခါးစည်း ခံသူ ခံ
ကံကိုသာ ယိုးမယ်ဖွဲ့မလား။
မယားကိုမေးတဲ့ခါ-
ကဗျာတဲ့-ကဗျာတဲ့
ကဗျာကို ယိုးမယ်ဖွဲ့ပြန်ပေါ့၊
သီလရှင်၊
ဘဲဥပျောက်သလို
ဒေါင်းတောက်တဲ့ကဗျာဆရာ
ကံကိုသာ ယိုးမယ်ဖွဲ့ပေတော့။
ကဗျာကတော်ဟာ
ဘာကတော်၊ ညာကတော်-
မဟာကတော်မဟုတ်
အနေစုတ်ပေမယ့်၊
ရွှေထုတ်တဲ့ မြပုဝါပဲ။
ကဗျာဟာ ရွှေ -
ကဗျာဟာ ငွေ
ပြည်သူတွေအတွက်
လက်နက်ပါလို့
ငါက ပြောမယ်။
“စာပေဟာ ပြည်သူ့အတွက်
ပြည်သူ့ အတွက်တဲ့လား?
ဟား-ဟား-ဟား”လို့
မယားက ရီတယ်-
(မရီနိုင်သူက မဲ့တယ်)
တလ ကဗျာတပုဒ်ထား
တပုဒ် ငွေ ၁ဝ ထား
ငွေတဆယ် ဆန်နှစ်ပြည်ထား
တလနှစ်ပြည်သာ–
ဖြစ်မလား မောင်ရင်ရယ်-တဲ့။
တလ ကဗျာတပုဒ်
မှင်ထဲက မဟုတ်
ရင်ထဲက ထုတ်တယ်။
ဘယ်သူ ဝယ်မလဲ၊
ဝယ်ချင်တဲ့ သူ
လက်ညှိုးထောင်။
မဝယ်ချင် ထားလိုက်
အလကား ဝေမယ်
ဝေဖို့အချိန် စောင့်ရုံပေါ့။
မာန်နဲ့ အသံသာ
အဆန်ဖြစ်ရင်
ပေပြင်မှာ ထုကြည့်
ထုမိသူ လက်ကျဉ်
တူပဲ့လို့ စင်လိမ့်မယ်။
"ရဲရဲ တွေး၊ ရဲရဲ ရေး” လို့
သွေးက ပြောတယ်
ချွေးကလည်း ပြောတယ်။
“........"နဲ့ မော်ဒန်” ကို။
"မော်တာဆန်”အဖြစ်
မိုးထောင်ပြီး ပစ်တယ်လို့
ချစ်သူက ဝေဖန်တော့
ခံပြင်းစိတ်နဲ့
အစိတ်စိတ် အမြွှာမြွှာ
ကဗျာတွေဆုတ်ပေမဲ့
စုတ်တာက အသဲပါကွယ်။
ပြည်သူ့ဘဝ။ ပြည်သူ့ဘဝနဲ့
အနုအလှ မပါ- သမုဒယ မပါ-
မင့်းကဗျာ
ကြမ်းလာ-ရမ်းလာတယ်ကွယ်လို့
သူငယ်ချင်း လှလှ၊
မြန်စာဂုဏ်ကထိက
မမက ပြောတယ်။
ခံစားမှုအဆိပ်ကို
စက္ကူအိတ်နဲ့ ထည့်တာ၊
ကဗျာပေါ့လို့
ငါပြန်ငေါ့ခဲ့တယ်။
ငါ့ကဗျာနဲ့ - ခေါစာပစ်တယ်
ချစ်သူအတွက် ဆေး၊
မုန်းသူအတွက် ဘေးဟေ့။
အမုန်းနဲ့ ဘေးရန်
သယ်သူ လက်ခံမလဲ။
တဦးမေတ္တာ၊ တဦးမှာဆိုပေမဲ့
အချစ်ကဗျာ ရေးတဲ့ခါ
မေတ္တာတုံ့မှာ၊ မသေချာလဲ
အမုန်းကဗျာ ရေးတဲ့ခါ
သေချာအမုန်း တုံ့ပြန်မယ်။
ရန်သူမုန်းတာ၊
ငါဝမ်းသာတယ်
ဒါက သဘောတရားပါ။
ဒါပေမဲ့ကွာ၊ တခါတခါ
“မယားမျက်နှာ၊ သားမျက်နှာကို
ငဲ့ပါသခင်”လို့၊
အိမ်ရှင်မကလည်း
မိန်းမအတတ်၊ အဋ္ဌာရသ်နဲ့
မေတ္တာရပ်တယ်။
ဆင်ဆာအလုပ်ကို၊
သူ အရင် လုပ်ချင်ကြောင်းလည်း
မျက်ရည်နဲ့ တောင်းခံတယ်။
ဒါနဲ့
ငါလည်း
ကဗျာမရေးဖြစ်ဘူး။
ရေးဖြစ်လည်း
မထဲ့ဖြစ်ဘူး။
ထဲ့ဖြစ်လည်း
မကောင်းတော့ဘူး။
၁၇-၆-၇ ၆
(မောင်စွမ်းရည်)
မောင်စွမ်းရည်ကဗျာပေါင်းချုပ်မှာ မပါ, ကျန်နေခဲ့သော ကဗျာ
ဆေးတက္ကသိုလ် (၁) ရွှေရတုသဘင်မဂ္ဂဇင်း (၁၉၇၅ - ၇၆ - ၇၇) နှစ်လည်မဂ္ဂဇင်း
မူရင်းအတိုင်း ကူယူတင်ပြထားသူ Mg Win Mg ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment