(ဆရာတော် ဦးဗုဓ်)
ခခွေး၌ဝယ်၊ ပင့်ရစ်ဘွယ်ကား
သိလွယ်စလှ၊ ဓိပ္ပာယ်ပြ၍
ချသည် စာပေ၊ ဆင်ခြေလည်းချ
မိန့်တော်ချ၍၊ ပစ်ချ ရှုတ်ချ
ကိုယ်အမ်းချလျက်၊ ကြွေးချ မလပ်
အရပ် ချနေ၊ ပင့်လေစမြဲ
အက်ကွဲ ခြခြ၊ ခြပိုးရွမှာ
ရစ်တို့ရာရှင့်၊
ကွန်ချာ သေချာ၊ ချာချာလှည့်လျက်
နေ့ရက် မချာ၊ အလယ်ချာနှင့်
ရင်းချာ မျိုးဆွေ၊ ပင့်လေစကောင်း
ကြောင်းခြာ ချုပ်ခြာ၊ ဝေဆာ ရစ်ငြား
အများ အချိ၊ သည်းခံချိ၍
မှုချိ စစ်ချီ၊ ချချီ စချီ
လက်အုပ်ချီနှင့်၊ စချီတင်ရွာ
ဘာသာတမျိုး၊ ချီပိုး ပန်းချီ
ချီအပေါင်းမှာ၊ အပင့်သာတည့်
မှတ်ရာ တသီး၊ ပေးကောင်းခြီးနှင့်
ခြီးမြှင့် မြှောက်ခြီး၊ အံ့ခြီး ခြီးမွမ်း
ပင့်မြဲတမ်းဟု၊ ကျမ်းတစောင်လာ
တစောင်မှာမူ၊ ရစ်လေဟူ၏့ …… (နှစ်မျိုး)
ဆွတ်ချူ တံချူ၊ ရည်ရွယ်ချူ၍
ရွှေချူလည်းဆွဲ၊ စေးနဲ ချူချာ
ပင့်ရာ တထူး
ခြူးပန်း ခြူးနွယ်၊ ရစ်ဘွယ် မှန်စေ
ကြေအောင်ချေ၍၊ ချေငံ ချေပ
မြွက်ဟ ချေတင်၊ သဘင် ကချေ
လွင်မုံ့ (မှုန့်)ချေ၍၊ နှုတ်ချေ နံ့ရှိမ်း
ယူသိမ်းတို့ချေ၊ ပြုချေ မူချေ
တင်ဆောင်ချေဟု၊ စေသောအရာ
သတ္တဝါ ချေ၊ မဲ့ချေ ကင်းလွတ်
ဆတ်ဆတ်ချေခြင်း၊ ရှင်းရှင်းချေသည်
ချေလည်းသင်္ချေ၊ မသိချေလှည့်
မကြည့်ဝံ့ချေ၊ ကြံညဲချေနှင့်
ဆွတ်ချွေ ချွေတာ၊ ဥစ္စာလည်း ချေး
သံချေးလည်း တက်၊ ချွေးထွက် ပင့်လေ
ဗိုလ်ခြေ လက်ခြေ၊ ဂဏန်းခြေနှင့်
သည်းခြေ ဆင်ခြေ၊ မြင့်မိုရ်ခြေရင်း
မင်းခြေ တိုင်းခြေ၊ သံခြေ ခြွေရံ
သံတင် ခြေးခြေး၊ ရစ်ရေး မလွဲ
ချွဲချွဲ နစ်နစ်၊ ပြစ်ပြစ် ချွဲခြင်း
မြင်းဗွေဖျက်သချယ်၊ ချုတ်ချယ်ချယ်လျက်
ရွေးချယ် ချီးချဲ့၊ ချဲ့ချဲ့တုံကပ်
ဆန်ဖွတ် ချော့ချော့၊ ချော့မော့ သင်းချော
ရွှေစံချောနှင့်၊ ချောမော ချော်ခတ်
ချော်ချွတ် ပျက်ချော်၊ ချော်၍လဲအောင်
နောင်နောင်ချွံချွံ၊ ထင်းရောင်းချွံသို့
ချွံချွံ လျင်းလျင်း၊ ဆင်သို့နင်းချွံ
ချွံချွံ ရက်ရက်၊ ပျက်ချွံ ပင့်ရိုး
ခြိုးခြံ ခွာခြံ၊ စောင်းရန်းခြံနှင့်
ခြွံခြွံပစ်ငြား၊ နွားခြံ ခြံရံ
သမင်ခြံရွာ၊ ရစ်ရာ မမှား
ချောက်ချား လက်ချား၊ ရဟတ်ချားမှာ
ပင့်ရာမှန်စေ
ခြေခြား လက်ခြား၊ ပိုင်းခြားမှန်စွာ
သိသာ ခြားနား၊ သီးခြား ကျွန်းခြား
ခြားမဲ့ ရစ်မြောက်
တချောက် ချက်ချက်၊ လူတို့ချက်နှင့်
အချက်ကျရာ၊ မီးမှာ ချက်ရိုး
ချိုးချက် အရောင်၊ ကြောင်ချက် လည်ချက်
ပင့်ရိုးထွက်သည်
မပျက် ကျမ်းလာ အညီတည်း။ ။
ကျမ်းလာ မပျက်၊ ချင့်တွက် ချင့်မိ
ထောက်ချင့် သိရိုး၊ လူမျိုး ကချင်
ချင်ချင်မာသည်၊ ချင်မွတ်သည်ပင်
ချင်ချင် ရဲရဲ၊ ချင့်မရဲလျှင်
ချင် ချင်မရှိ၊ မသိစေချင်
ကြံစေချင်မှု၊ ပြုစေချင်ထ
တောင့်တသောထွေ၊ မိုးမြေ ထုတ်ချင်း
လျှိုးထုတ်ချင်းလျှင်၊ အချင်းခပ်သိမ်း
ချင်းစိမ်း ပိတ်ချင်း၊ အချင်းချင်းလျှင်
ဖော်ချင်းချင်းနှင့်၊ သီချင်း သာချင်း
တယောက်ချင်းနှင့်၊ မင်းချင်း ချင်းတွင်း
ငှက်အောက်ချင်းဟူ၊ လူမည် ငချင်း
လူမျိုး ချင်းစစ်၊ ချင်းတွင်းမြစ်နား
ရွာချင်းရာတွင်း၊ ချင်းရားပင်ကြီး
ရပ်နီးချင်းတင်၊ ချင်းပင်ဝေမြိုင်
မထိုင်မချင်း၊ အချင်းအတ
နွားမ အချင်း၊ ကိုယ်ချင်း မစာ
လိပ်ချင်းရွာမူ၊ ပင့်ရာသဘော
အကြောအခြင်၊ ဖြုတ် ခြင် တလီ
ခြင်ဆီ အရိုး၊ အမိုးအခြင်
ဝက် ခြင် ခြင်္သေ့၊ နောက်ရှေ့ ဆင်ခြင်
စပါးခြင်မူ၊ လွယ်ကူ အခြင်း
ရက်သည် ခြင်းက၊ ချက်ခြင်း ငြိမ်းခြင်း
ခြင်းခြင်း နီစေ၊ နေခြင်း ထိုင်ခြင်း
ပြုမူခြင်းနှင့်၊ အခြင်းအရာ
ကြိယာမူ၊ ရစ်ရာ ထုံးစံ
အသံ ချစ်ချစ်၊ ချုတ်ချစ် ချစ်ခင်
ကြင်ချစ် ပင့်မြဲ၊
တကွဲ ရေးခြစ်၊ ရစ်လေဆောလျှင်
အသွင် ပျောင်းချဉ့်၊ ချဉ့်ချဉ့်ပါးပါး
ကိုယ်အား ချဉ့်နဲ့၊ ထွက်ခဲ့ သွေးချည်
ကြိုးနှင့်ချည်၍၊ ရွှေချည် ပိုးချည်
ပရိတ်ချည်နှင့်၊ ဖြူချည် ပြာချည်
ဝါချည်ချည်ပါ၊ မေတ္တာနှောင်ချည်
ချည်ချောင်း မှုတ်မြောက်၊ တယောက်တည်းချည်း
ကြဉ်ဘွယ်ချည်းလျှင်၊ အချည်းသက်သက်
နေ့ရက်ချဉ်းနှီး၊ တသီးခေါ်ဝေါ်
နာပျော်ဘွယ်ချည်း၊ ဤသို့ချည်းသာ
ခါချဉ်လုံချည်၊ တောရပ်ချည်နှင့်
ချိုချဉ် ရသာ၊ စိတ်မှာချဉ်လစ်
ချဉ်ပစ် ချဉ်ပေါင်၊ နီးအောင်ကပ်ချဉ်း
စေးချဉ်း ချုံးချဉ်း၊ စပ်ချဉ်း ပင့်ငြား
ခြောက်ပါး ရောင်ခြည်၊ အခြည်အဝါ
ထင်လှာရိပ်ခြည်၊ နှုတ်ခြည် တိမ်ခြည်
ဆံခြည်တမျှ၊ ပျပျခြည်းခြည်း
ခြည်းရရည်းလျှင်၊ ဖြုတ်ခြည်း ရှုတ်ခြည်
သွတ်ခြည် ဆတ်ခြည်၊ ခြည်ခြည်သံခြေ
ရစ်လေ တသင်း
ယွင်းချွတ် ချေချွတ်၊ အချွတ်ချွတ်လျှင်
ချွတ်လွဲလှဘိ၊ သတိလည်းချွတ်
ပုဆိုးချွတ်ခိုက်၊ တိုက်သည် ချွတ်ချွတ်
နှမ်းချွတ် ပင့်ခြင်း၊ ချွင်းချန် ချိချန်
လေချွန် တခြား၊ မြားချွန် လှံချွန်
ထက်စွာချွန်၍၊ စုတ်ချွန် မှိုချွန်
အချွန် အစောင်း၊ ချွန်းတောင်းနိုးချပ်
ကွမ်းချပ် ပွင့်ချပ်၊ ကျောက်ချပ် တသီး
တီးသည် လက်ချပ်၊ ချပ်ဝတ် တန်းဆာ
ချပ်လွှာ ပေချပ်၊ သင်းခွေချပ်နှင့်
ချပ်၍လည်း ထား၊ ပါးပါး ချပ်ချပ်
ချပ်ချပ် လျလျ၊
လျင်လှ ချပ်ချပ်၊ ပင့်လေအပ်သည်
ကုံးစပ် အစဉ် စဉ်စီတည်း။ ။
စဉ်စီ စုံစေ့၊ ချမ်းမြေ့ ဆိတ်ချမ်း
အောင်ချမ်းသာရွာ၊ ချမ်းသည်ရွာက
ချမ်းသာ ငြိမ်းချမ်း၊ မချမ်း နားမှာ
မေတ္တာရေချမ်း၊ ညနေချမ်းနှင့်
စောင်ချမ်းသစ်ပင်၊ ပင့်လျှင် မမှား
ဝါးခြမ်း ခွဲခြမ်း၊ ဆံတခြမ်းမျှ
ဝေခြမ်း ရစ်ငြား
စကား ငင်ချိတ်၊ ပုခက်ချိတ်နှင့်
ချိတ်မိ ပေါက်ချိတ်၊ ချွန်းချိတ် ပင့်ခြင်း
တသတ်လျှင်းလော
ကောက်ညင်း ငချိပ်
ချိပ်ချိပ်အရောင်၊ ညောင်ချိပ် ဆီးချိပ်
ချိပ်ဆိုး ပင့်ရာ၊ ပသတ်ပါလော
ရန်ရှာ မချုတ်၊ ချုတ်ချုတ်ဟူသည်
ချုတ်ချုတ် မြည်ခိုက်၊ ချုတ်ချုတ် တိုက်ရိုး
တိုးသည် ချုတ်ချုတ်၊ ချစ်ချုတ် ပင့်မှတ်
တသတ် အဟုတ်၊
ခြုတ်ခြုတ်ထိက၊ ခြုတ်ခြုတ်ကျမှာ
ရစ်ရာ တသတ်၊
မှတ်လော တအုပ်၊ ပခြုပ် ရစ်ရာ
ပသတ်ပါလော၊
အခြာလည်းချုပ်၊ အပြီးချုပ်ခြင်း
စာရင်းလည်းချုပ်၊ အကျဉ်းချုပ်၍
ချုပ်ကိုင်ဆွဲလျက်၊ အမျက် ချုပ်ချုပ်
နွေးချုပ်ချုပ်နှင့်၊ ပျောက်ချုပ် ချုပ်ရုပ်
အပ်ချုပ် ဆိုငြား၊ ချုပ်ထား မိုးချုပ်
စုတိချုပ်သွား၊ ရထားပေါင်းချုပ်
ချုပ်တည် ပင့်မှတ်၊ ပသတ်သဘော
တောချောက် ခြိမ်းချောက်၊ လန့်အောင်ချောက်၍
ဓာတ်ချောက် ဓာတ်ချား၊ ချောက်ချောက်သွားသော်
တောဖျားမြိုင်ချောက်၊ ကြော်ချောက် ဝှန်ကြား
အပင့်ငြားလိမ့်
ရေသား ပိန်ခြောက်၊ အမဲခြောက်နှင့်
မည်းခြောက် ခန်းခြောက်၊ သွေ့ခြောက်ခေါ်မှု
ခြောက်ခု စသည်၊ ရစ်မည်တလိုက်
ဓအောက်ခြိုက်နှင့်၊ နှစ်ခြိုက် ရွှင်ပ
အားရ အင်ခြိုက်၊ ဗတခြိုက်မှာ
ရစ်ပါစေချင်၊
ချိန်ခွင် နှိုင်းချိန်၊ အချိန်လင့်လျက်
ချိန်းချက် ပင့်မှတ်၊ နသတ် တချက်
မစက်တတ်ချိမ့်၊ ပြုချိမ့် မူချိမ့်
ဆိုစိမ့် စသည်၊ ပင့်မည် အမြဲ
ပွဲ တခြိမ့်ခြိမ့်၊ သဲခြိမ့်ခြိမ့်နှင့်
ခြိမ့်ခြိမ့်မည်ရှောင်း၊ ခြိမ်းမောင်းချောက်ခြိမ်း
ထစ်ခြိမ်းခြိမ်းမဲ၊ ရစ်မြဲ မသတ်
မှတ်လေ ထစ်ချုန်း၊ ချုန်းချုန်းမည်မှတ်
နငတ်ပင့်မှု
ကြက်ဥ သံချောင်၊ လျော့၍ ချောင်နှင့်
အချောင်ထဲနက်၊ အသက် တချောင်း
ရအောင်ချောင်း၍၊ ရေချောင်း ကန်ချောင်း
တုတ်တချောင်းနှင့်၊ လက်ချောင်းတို့မှာ
ပင့်လေရာ၏၊
အာဏာမွှန်ခြောင်း၊ ပဲ့တင်ခြောင်းမျှ
ရိုက်ခြောင်း ဝှန်တက်၊ အမျက်ခြောင်းခြောင်း
ထွက်ရှောင်းအလေ့၊ အငွေ့ခြောင်းခြောင်း
ရစ်ကောင်း မပျက်၊
သစ်ခက်ကို ချိုင်၊ မြို့ကျိုင်းချိုင်နှင့်
ချိုင်ချိုင်ငိုတမ်း၊ ချိုင့်ဝှမ်း ရွှေချိုင့်
ချိုင့်ချိုင့် ချို့ချို့၊ အကြောင်းချို့၍
ချို့တဲ့ တချို့၊ နှပ်ချို့ ပင်ဝါး
နွားချို နွယ်ချို၊ ဆိမ့်ချို ချိုဧ
သံလေးချိုချို၊ သွေးချို ချိုမြက်
သစ်ခက်ကိုချိုး၊ ရေချိုး အမှန်
တိရစ္ဆာန် ချိုး၊ ထမင်းချိုးနှင့်
ချိုးချက် မြည်အောင်၊ အရောင်ချိုးချက်
ပင့်လျက် ရေးရိုး၊
ခြိုးခြံ ရစ်ပုံ၊ တောခြုံ တရိုး
ညှိုးချုမ်း ခမ်းချုမ်း၊ တမိုးချုမ်းလျှင်
ပိန့်ချုမ်း ပင့်ထိုက်၊ ပိုက်ခြုံ လုံးခြုံ
ပန်းခြုံရပ်ရွာ၊ ရစ်မြဲရာသည်
ကဗျာကျမ်းမြတ် အဆီတည်း။ ။
ပဋ္ဌမပိုဒ် ကာရန် တဆဲ့နှစ်ပါးတို့တွင်-
အ-ကာရန်၌
'ကိုယ်အမ်းချလျက်' ဟူသည်ကား ကိုယ်ဖြင့် ဝေယျာဝစ္စအမှုကို ပြု၏့ ဟူလိုသည်။ ထို့ကြောင့် ပါရမီခန်း၌
'စတုမဟာရာဇ်၊ နတ်မင်းစစ်တို့
ပယ်လှစ်ရန်မာန်၊ စောင့်ဖန်အားရမ်း
လက်နက်ထမ်း၍့၊ ကိုယ်အမ်းချချ
နတ်မာဃမူ၊ ထင်းစပြင်ကျွေး' ဟု စပ်တော်မူ၏့။
'အက်ကွဲ ခြခြ' ဟူရာ၌ ကွဲသည်၊ အက်သည်ကိုပင် 'ခြသည်' ဟူ၍ သူဟောင်းတို့ ပြောဆိုစမှတ် ပြုကုန်၏။ ထို့ကြောင့် ဆရာတို့လည်း
'ခြခြ ဝုစ္စတိ ဘေဒနံ။
ကွဲအက်သည်တိ အဓိပ္ပာယော။
တေနဝုတ္တံ ပါရမီယံ။
နတ်စက်ပစ်ချ၊ မြင့်မိုရ်ခြတိ။' ဟူ၍ မိန့်ကုန်၏။
ခြပိုးရွကို ဝဏ္ဏဗောဓန၌ အပင့်ပြ၏့။ ရွှေနားတော်သွင်း၌ကား 'ပျားပိုးရွခြ၊ မီးမှာချသို့' ဟူ၍့ ခွဲထားစပ်၏့။
ဣ- ကာရန်၌ ၎င်း၊ ဤ- ကာရန် သက်သက်၌ ၎င်း အရစ်မရှိ။
ဥ- ကာရန်၌ အပင့်အရစ် မရှိ။
'မျက်ရည်ချူလည်း၊ ခြူဆွဲသောဟန်' ဟူသော ခွဲထား၌ ရွှေခြူ စသည်ကို အရစ် ဟူ၏့။
'ကချေ' ကို မြမ္မာသံယောဂ ဒီပနီ၌ အရစ်ဆုံးဖြတ်၏့။ ဘုံခန်း၌ကား 'လက်ရှစ်ကချေ၊ အထွေထွေလျှင်၊ ပြင်ခြေတွန့်တွန့်' ဟု ခွဲထားစပ်၏့။
အ- ကာရန်၊ သြ- ကာရန်၊ အော်- ကာရန်တို့၌ အရစ်မရှိ။
အပင့်သက်သက် အံ- ကာရန် မရှိ။
'ချောက်ချား လက်ချား' ၌ လက်ဖြင့် ခြားနားသည် မဆိုလို။ 'ပလေလက်ချား' ဟူ၏့။
အက်-ကာရန်၌ အရစ်မရှိ။
ဒုတိယပိုဒ် ကာရန်ခြောက်ပါးတို့တွင်-
အင်- ကာရန်၌
'တောင့်တသောထွေ' ဟူသည်ကား စားချင်သည် သောက်ချင်သည် အိပ်ချင်သည် စသောအားဖြင့် အာသာဆန္ဒ တောင့်တသော အခြင်းအရာတို့၌ ပင့်လေ ဟူလိုသည်။
'သီချင်း' ဟူသည်ကား သိသောအခြင်းအရာကို မဆိုလို။ အကြောင်းခြင်းတ သနစ်သနာကို သာယာချေငံစွာ ကုံးသီသည် ဟူလို။ ဧချင်း၌လည်း နည်းတူယူပါ။
ခြင်းခြင်းနီသည်ကို ဝဏ္ဏဗောဓန၌ အပင့်ပြ၏့။ ဘုံခန်း၌ကား 'ရွှေဘုံခြင်းခြင်း၊ ရွှေဘုံချင်းတွင်' ဟု ခွဲထားစပ်၏့။ အဓိပ္ပာယ်ကား ရွှေဗိမာန်အပေါင်းတွင် ရဲရဲတွေးတွေး ခြင်းခြင်းနီသော ရွှေဗိမာန် ဟူလို။
'ချက်ခြင်း ငြိမ်းခြင်း' ၌ ထမင်းဟင်း ချက်ပြုတ်သည်ကို မယူလို။ မဏချက်ခြင်း အတောတလျှင် ဟူလိုသည်။ 'ခဏချက်ခြင်း၊ ဆုပေးလျှင်းမှ၊ ချင်းနှင့်တကွ' ဟု လင်္ကာ၌ ခွဲထားစပ်သည်ကို ရှု။
ထမင်းဟင်း ချက်ပြုတ်ခြင်းသည်ကား အခြင်းအရာ ကြိယာမူ ဟူသောစကား၌ ဝင်၏့။
ည-သတ်ကာရန်၌ ထေ့သံ အမြစ်အရစ် မရှိ။ ဤ ည-သတ်ကာရန် သက်သက်၌ ဝါဒမညီညွတ်သည် များ၏့။ ထို့ကြောင့် ဤဆိုလတ္တံ့သော ခွဲထားအစပ်ကို ကြပ်ကြပ်သတိထား၍ မှတ်ပါ။
'မေတ္တာနှောင်ချည် နှောင်ချည်တည်း။
သိင်္ဂါရောင်ခြည် ရောင်ခြည်တည်း' ဘုံခန်း။
'ဂတိမဲ့ချည်၊ သဘောတည်၍၊
ဆံချည်မရှုတ်' သစ္စာခန်း။
'ညတ်မွတ်ပြာချည်၊ ပြစ်ဟူသည်လည်း
ရိပ်ခြည်ဝေလွင့်' တောင်ငူ။
'ကွန်ရွက်ရွှေခြည်၊ အမွန်ချည်လျက်
ပတ်လည်ချယ်တို့' ဆုတောင်းခန်း။
'ကွန်ရွက်ရွှေခြည်' ၌ ရွှေဖြင့်ပြီးသော။ ချည်ခြင့်ပြီးသော ကွန်ရွက် မဆိုလို။ ရွှေအရောင်အဆင်း အခြည်အဝါ ရှိသော ရွှေကွန်ရွက် ဟူလိုသည်။
တသတ် အတ်-ကာရန်၌ အပင့်သက်သက် မရှိ ဟူ၏့။ ဝဏ္ဏဗောဓန၌ကား ချတ်တတ်တ် ရှိသည်ကို တ-သတ် ပြ၏့။ အရစ်သက်သက် အရစ် ဝဆွဲ တသတ်မရှိ။
န-သတ်ကာရန်၌ ချီချန်ဟူသော ဝေါဟာရ ရှိသည်ကို 'မောဟဂတိ၊ မရှိချီချန်၊ အတတ်လွန်၍၊ နိုင်တန်တသူ' ဟူသော သံဝရဖြင့် သိအက်၏့။
န-သတ် ကာရန်၌ အရစ်မရှိ။
ပသတ် အပ်-ကာရန်၌ အပင့်ဝဆွဲ၊ အရစ်သက်သက် ဝဆွဲ မရှိ။
တတိယပိုဒ် ကာရန်တဆဲ့လေးပါးတို့တွင်-
မသတ် အမ်-ကာရန်၌ ဆိတ်ချမ်း ဟူသည်ကား ဆိတ်ငြိမ်ခြင်းကြောင့် ဖြစ်သော ဝိဝေကသုခ ဟူလို။
'တောကြီးအဝှမ်း၊ ဤသင်္ခမ်းကား၊ ဆိတ်ချမ်းကိုယ်ထိ' ဟု အလင်္ကာစပ်သည်ကို ရှု။ ဤအရာ၌ သုခသီဝ စသော သဒ္ဒါတို့၏့ အနက်ကို ပြသောအရာ၌ အပင့်။ ပဒါလနဝိဘဇန စသော သဒ္ဒါတို့၏့ အနက်ကို ပြသောအရာ၌ အရစ်ယူ။
တသတ် အိတ်-ကာရန်၊ ပသတ် အိပ်-ကာရန် အရစ်မရှိ။
နသတ် အိန်-ကာရန်၌ အရစ်မရှိ။
မသတ် အိမ်-ကာရန်သက်သက်၌ အရစ်မရှိ။
နသတ် အုန်-ကာရန်သက်သက် မရှိ။
နသတ် အုန်-ကာရန် အရစ်လည်း မရှိ။
မသတ်ကား သေးသေးတင်၌ ဝင်၏့။
အောင်-ကာရန်သက်သက် အရစ်မရှိ။
အိုင်-ကာရန်၌ အရစ်မရှိ။
အို-ကာရန်သက်သက် အရစ်၌ 'ဟင်းခြိုယောက်မ' ကို ဝဏ္ဏဗောဓန၌ အရစ်ပြ၏။
အုံ-ကာရန် အရစ် ဝသဇ္ဇနီတိုး မရှိ။
သုတေသနဖြစ်သော အမျိုးသားတို့အား မြမ္မာမှုဝေါဟာရ စကားအရာတို့၌ လိမ္မာစေခြင်းငှာ ပြုအပ်သော 'ကဗျာသာရတ္ထသင်္ဂဟကျမ်း' ၌ ခ-အက္ခရာ ပင့်နည်းရစ်နည်းကား ပြီး၏။
(ဆရာတော် ဦးဗုဓ်)
#ရှေးစာကဗျာများ ကျေးဇူး။
ဆရာတော်ဦးဗုဓ် (၁၁၄၉-၁၂၀၄)
ညောင်ကန်ရွာ သာခေါင်ရပ်၌ အဖဦးအို၊ အမိ ဒေါ်မွှေးတို့မှ သက္ကရာဇ် ၁၁၄၉ ခု၊ နယုန်လပြည့်ကျော် ငါးရက် အင်္ဂါနေ့တွင် မွေးဖွားသန့်စင်ခဲ့ပေသည်။ ဆရာတော်၏မွေးဖွားရာဒေသကို ပခန်းကြီးမြို့ စီရင်စု သဲအင်းရွာဟုလည်းကောင်း၊ ညောင်ကန် အရှေ့တောင်ယွန်း နှစ်မိုင်ခန့်အကွာ ဒန့်တိုင်ရွာ ဟုလည်းကောင်း အမှတ်အသား အမျိုးမျိုးရှိသည်။ သို့ရာတွင် ဆရာတော်ကိုယ်တိုင် “ဗောဓောဒဓိ သုတေဂါမေ၊ ဇာတေန ဇာတိယာ မတာ”ဟု ဂါထာဖွဲစီခဲ့သောကြောင့် ညောင်ကန်ရွာကိုသာ အတည်ပြုဖော်ပြရခြင်း ဖြစ်ပေသည်။
ဖလ်နန်းရှင်မင်းတရားနှင့် မိဖုရားခေါင်ကြီး မယ်နုတို့သည် သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင် အောင်မြေဘုံစံအုတ်ကျောင်းတော်ကြီးကို ဆရာတော်ဦးဗုဓ်အား တင်လှူကြလေသည်။ ဆရာတော်အတွက် ဒုတိယမြောက် ဘွဲ့တံဆိပ်ဖြစ်သော “စက္ကိန္ဒာဘိ သီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု”ဟူသော ဘွဲ့တံဆိပ်တော်ကိုလည်း ဆက်ကပ်လှူဒါန်းသည်။
ကျောင်းလှူပွဲကြီး ပြီးဆုံးသည်တွင် ဖလ်နန်းရှင်နှင့် မိဖုရားကြီးတို့က
“အရှင်ဘုရား၊ ယနေ့မှစ၍ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမဟူ၍ မှတ်တော်မူပါ၊ ဆုံးမသြဝါဒကိုလည်း ပေးသနားတော်မူပါဘုရား”
ဟု လျှောက်ထားကြ၏။ ထိုအခါ ဆရာတော်က -
“မင်းနှင့်တူအောင် ကျင့်လျှင် ငါတို့ ဆုံးမစရာ မလို၊ မင်းနှင့်တူအောင် မကျင့်လျှင်လည်း ငါတို့နှင့် မဆိုင်၊ အဝီစိနှင်သာ ဆိုင်သည်”
ဟု သြဝါဒပေးလိုက်သောဟူ၏။
နန်းမတော်ဟောင်း မိဖုရားကြီးမယ်နုသည် ဆရာတော်ကျောင်းတော်သို့သွားရောက်၍ စာကြည့်နေသော ဆရာတော်၏အနီးတွင် ရိုသေစွာ ဦးချလျက် “ဆရာတော်ဘုရား၊ ယခုအခါ ကုန်းဘောင်မင်း၏တန်ခိုးအာဏာ လွှမ်းမိုးလာ၍ သူ၏အာဏာဖြင့် တပည့်တော်မ၏အသက်ကို အဆုံးစီရင်ခြင်း ခံရပါတော့မည်ဘုရား၊ ယနေ့သည် ဆရာတော်အား တပည့်တော်မ၏နောက်ဆုံးဝတ်ပြုခြင်း ဖြစ်ပါတော့သည်ဘုရား” ဟု လျှောက်ထားသည်။
ထိုအခါ ဆရာတော်က ကျောင်းအစ်မကြီးဘက်သို့ လှည့်၍
“မိနု- သူ့အကြွေးရှိလျှင် ဆပ်ရပေလိမ့်မည်”
ဟုသာ မိန့်ကြားတော်မူလိုက်လေသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment