Skip to main content

ကျေးဇူးတင်ပါတယ်ရှင်

"ကျေးဇူးတင်ပါသည်" နဲ့ "ကျေးဇူးတင်ရှိပါသည်" ခက်ဆစ်အဓိပ္ပါယ် ခြားနားမှု ရှိပါသလား။

ကျွန်တော့ကို မေးတာ မဟုတ်ပါ။ တင်ထားတာတခု ဖြစ်ပါတယ်။

ကျေးဇူးတင်ပါသည် နှင့် ကျေးဇူးတင်ရှိပါသည် တို့၏ အခြေခံအဓိပ္ပါယ်မှာ လွန်စွာတူညီပြီး "ပြုခဲ့ဖူးသော ကျေးဇူးကို သိရှိဝမ်းမြောက်သည်" ဟုပင် အဓိပ္ပါယ်ရပါသည်။ သို့သော် ဝါကျဖွဲ့စည်းပုံနှင့် သဒ္ဒါအရ သုံးစွဲပုံ အနည်းငယ် ကွဲပြားမှု ရှိပါသည်။

၁။ ကျေးဇူးတင်ပါသည်

"ကျေးဇူး" (နာမ်) + "တင်" (ကြိယာ) + "ပါ" (ယဉ်ကျေးပြ နောက်ဆက်) + "သည်" (ဝါကျဆုံး နောက်ဆက်) ဖြစ်ပါသည်။

သုံးစွဲပုံ: စာတွေ့ရော စကားပြောပါ အသုံးများသော ပုံမှန် မြန်မာစကားပြေ အသုံးအနှုန်း ဖြစ်ပါသည်။ ရှင်းလင်း၍ ပုဂ္ဂလိကဆန်သော၊ ရင်းနှီးယဉ်ကျေးသော ဆက်ဆံရေးများတွင် သဘာဝကျကျ သုံးစွဲကြပါသည်။

၂။ ကျေးဇူးတင်ရှိပါသည်

"ကျေးဇူး" (နာမ်) + "တင်" (ကြိယာ) + "ရှိ" (ကြိယာ) + "ပါ" + "သည်" ဖြစ်ပါသည်။

"တင်" ဟူသော ကြိယာနောက်တွင် "ရှိ" ဟူသော ကြိယာတလုံး ပိုမိုဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။ ရုံးသုံးစာ၊ ထုတ်ပြန်ချက်၊ တရားဝင် မိန့်ခွန်းများ သို့မဟုတ် အလေးအနက်ထားပြလိုသော သဝဏ်လွှာများတွင် ပိုမိုသုံးစွဲလေ့ ရှိကြပါသည်။

ခက်ဆစ်နှင့် ရေးထုံးဆိုင်ရာ သုံးသပ်ချက်

နှစ်ခုစလုံးသည် "ကျေးဇူးကို ဝန်ခံသိရှိသည်" ဟူသော နဂိုအဓိပ္ပါယ်ချင်း ထပ်တူဖြစ်ပါသည်။

"ကျေးဇူးတင်ရှိပါသည်" ဆိုသည်မှာ ရုံးသုံးနှုတ်ဆက်အသုံးအနှုန်းအဖြစ် ခေတ်ပေါ် စာရေးသားပုံများတွင် အလေးအနက်ဖြစ်စေရန် ကြိယာထပ်၍ သုံးစွဲလာကြခြင်း ဖြစ်ပြီး၊ "ကျေးဇူးတင်ပါသည်" ကမူ လိုရင်းတိုရှင်းနှင့် မူလစံကိုက် မြန်မာစကားပြေအသုံး ဖြစ်ပါသည်။

စာရေးသားရာတွင် မူလအသုံးဖြစ်သော "ကျေးဇူးတင်ပါသည်" ကို သုံးစွဲခြင်းက ပိုမိုရှင်းလင်း၍ သဘာဝကျလှပါသည်။

အဘိဓာန်တွင် "ကျေးဇူးတင်" ကို အဓိပ္ပါယ် ၂ မျိုး ဖွင့်ဆိုထားပါသည် -

၁။ သူတပါးက ပြုသော ကျေးဇူးကို အောက်မေ့ချီးကျူးပြောဆိုသည်။

ဥပမာ - "ကျေးဇူးမတင် လင်မရ" (ပုံ)

၂။ သူတပါးပြုသော ကောင်းမှုအကြွေးသည် မိမိအပေါ်၌ တင်ရှိသည်။

"ပစ္စည်းလေးပါး သင်္ဂြိုဟ်၍ ကျေးဇူးတင်သော ဒါယကာတို့ကို တရားဟောခြင်းဖြင့် ဆပ်လေကုန်" (ပါရာ ၁၂)

"ကျေးဇူးတင်ရှိပါသည်" ဟူသော အသုံး

"ကျေးဇူး... မိမိအပေါ်၌ တင်ရှိသည်" ဟူသော သဘောကို အခြေခံ၍ နောက်ပိုင်းတွင် "ကျေးဇူးတင်ရှိပါသည်" ဟု ကြိယာထပ်ကာ အလေးအနက်ပြု၍ ရေးသားသုံးစွဲလာကြခြင်း ဖြစ်ပါသည်။

သို့သော် ပထမအဓိပ္ပါယ်အတိုင်း မိမိက ကျေးဇူးကို သိရှိအောက်မေ့ကြောင်း ချီးကျူးပြောဆိုသည့်အခါတွင်မူ "ကျေးဇူးတင်ပါသည်" ဟု မူလအတိုင်း သုံးစွဲခြင်းက ပိုမိုရှင်းလင်းပြီး သဘာဝကျလှပါသည်။

ကျေးဇူးပြု — ကြိ / ကျေးဇူးပျု / အကျိုးဖြစ်ထွန်း စေသည်။

သာဓက - "သစ်မြစ်သည် ပင်စည် စသည်တို့အား ကျေးဇူးများ၏။ ကျေးဇူးပြု၏။" (ပဋိစ္စဖွင့်။ ၄၆၆)

ကျေးဇူးရှိ — ကြိ / ကျေးဇူးယှိ / ၁။ အကျိုးရှိသည်။ ၂။ သူတပါးပြုသောကျေးဇူး သက်ရောက်သည်။

ကျေးဇူးရှင် — န / ကျေးဇူးယှင် / ကျေးဇူးပြုသောသူ။

ကျေးဇူးတင်ပါတယ်ရှင် (သီချင်း) https://www.youtube.com/watch?v=5patDSY-8fk

ကျေးဇူးကြီးပေ တို့မေမေ (သူငယ်တန်းဖတ်စာ)

ဝန်ထောက် လက်ဖက်ရည်၊ ဝန်ထောက်ထမင်းတို့ကို စားခဲ့ရသော ဦးသာရကြီးမှာ ရွာထဲတွင် အတော်ပင်ထင်ပေါ်  ဂုဏ်ရှိ၍လာလေသတည်း။ ဦးသာရကား မောင်လူအေးအား ကျေးဇူးတင်၍ မဆုံးတော့ပြီ။ (သိပ္ပံမောင်ဝ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ