Skip to main content

ဖိုးသူတော်စာ ဖိုးသူတော် ဖတ်တတ်

(လူထုဦးလှ)

ရှေးအခါက တောရွာဘုန်းကြီးကျောင်း တကျောင်းတွင် ဖိုးသူတော်ကြီးတပါး ပျံလွန်တော်မူသဖြင့် ၎င်း၏ အိပ်ရာနေရာများကို ရှင်းလင်းကြသောအခါ ၎င်းဖိုးသူတော်ကြီး၏ ခေါင်းအုံးနှစ်လုံးကြားတွင် သူမကျန်းမာစဉ်က ရေးထားခဲ့သော စာကလေးတစာင်ကို တွေ့ရှိကြလေသည်။

စာမှာ-

'ထရာဇာသော သုဉ်ဒသကို မုနိသုဒ္ဓါ ဒသေယျာသိ' ဟူ၍ ဖြစ်သည်။

ထိုစာကို ဘုန်းတော်ကြီးနှင့်တကွ ရပ်ရွာထဲမှ အတော်အတန် စာပေဗဟုသုတ ရှိသူတို့ အခေါက်ခေါက်အခါခါ ဖတ်ကြပါသော်လည်း အဓိပ္ပာယ်မှန်အောင် မပြန်ဆိုနိုင်ကြပေ။

တနေ့သ၌ ၎င်းကျောင်းသို့ ဧည့်သည် ဖိုးသူတော်ကြီးတပါး ရောက်လာလေသည်။ သို့နှင့် ဘုန်းတော်ကြီးနှင့် ဖိုးသူတော်ကြီးတို့ စကားစမြည် ပြောဆိုကြရင်း ပျံလွန်သွားသော ဖိုးသူတော်ကြီးအကြောင်း စပ်မိသွားကြသဖြင့် ဘုန်းတော်ကြီးက စာကို ဖတ်ပြ မေးမြန်းသောအခါ ဧည့်သည် ဖိုးသူတော်ကြီးသည် စာကို စူးစိုက်စွာဖတ်လျက် အတန်ကြာ စဉ်းစားနေလေသည်။

ဖိုးသူတော်။   ။

'ထ' ကတော့ 'ထ' ပဲ ဆရာတောိ။ 'ရာဇာ' က မင်း။ 'သော' ဆိုတာက 'ခြောက်' ဆိုတော့ ထနဲ့ မင်းနဲ့ ခြောက်နဲ့ ပေါင်းရင် 'ထမင်းခြောက်' ဖြစ်ရမယ်။

'သုဉ်ဒသ' ဆိုတာကတော့ ကိုးကြောင်းအခေါ် 'ငွေတဆယ်' ကို ခေါ်တယ်။ 

'မုနိ' က 'မိနု'။

'သုဒ္ဓါ' က 'သာဓုတ်' ဖြစ်ရမယ်။

'ဒဒေယျော' ဆိုတာ 'ပေးလိုက်ပါ' လို့ အဓိပ္ပာယ်ထွက်တယ်။

ဖိုးသူတော်ကြီးမှာ 'မိနု' ဆိုတဲ့ နှမ မရှိဘူးလား ဆရာတော်။

ဘုန်းတော်ကြီး။   ။

'အဲ ရှိတယ် ဦးသူတော်ရေ့။ ဆွေမျိုးဆိုလို့ သူ့မှာ ဒီနှမတယောက်ပဲ ရှိရှာတယ်။'

ဖိုးသူတော်။   ။

'ဖိုးသူတော်ကြီးက ထမင်းခြောက်ကော မလှမ်းဘူးလား ဆရာတော်။'

ဘုန်းတော်ကြီး။   ။

'မလှမ်းလား ဦးသူတော်ရဲ့။ ဘုန်းကြီးတို့ကျောင်းက ထမင်းဟင်းများ ပေါလွန်းလို့ ကိုရင်ကျောင်းသား အပြင် ခွေး ငှက် တိရစ္ဆာန်တွေတောင် စားမကုန်တာနဲ့ ဦးသူတော်ကြီး ဦးသူတော်ကြီး ကွမ်းဖိုးဆေးဖိုး ရအောင်ဆိုပြီး ဘုန်းကြီးကပဲ ထမင်းခြောက်လှမ်းဖို့ အကြံပေးရတယ်။'

ဖိုးသူတော်။   ။

'ရွာထဲမှာ သာဓုတ် ဆိုတဲ့ ဒကာကော ရှိသလား ဆရာတော်။ 

ဘုန်းတော်ကြီး။   ။

'အင်း… သာဓုတ်လဲ ရှိတယ်။ ဦးသူတော်ကြီး ထမင်းခြောက်တွေ တဆင့်ရောင်းပေးတဲ့ လူပေါ့။'

ဖိုးသူတော်။   ။

'ဒီလိုဆိုရင် သာဓုတ်ကို ထမင်းခြောက် ရောင်းခိုင်းထားလို့ သူငွေတဆယ် ရစရာရှိလိမ့်မယ်။ အဲဒီ ငွေတဆယ်ကို သာဓုတ်က မိနုကို ပေးလိုက်ပါလို့ ရေးထားခဲ့တာ ဖြစ်ရမယ် ဆရာတော်။'

ထိုအခါမှ ဘုန်းကြီးမှာ ကောင်းစွာ သဘောပေါက်ပြီး သာဓုတ်ကို ခေါ်မေးရာ ဧည့်သည်ဖိုးသူတော်ကြီး ပြောသည့်အတိုင်း မှန်ကန်နေသဖြင့် သာဓုတ်ထံမှ ငွေတဆယ် တောင်းယူပြီး ဖိုးသုတော်ကြီး၏နှမ မိနုကို ပေးလိုက်ရလေသည်။

ထိုအခါမှစ၍ 'ဖိုးသူတော်စာ ဖိုးသူတော် ဖတ်တတ်' ဟူသော စကားပုံ ပေါ်ခဲ့သည်ဟု လူကြီးသူမတို့ ပြောစမှတ် ပြုခဲ့ကြသည်။ (လူထု ဦးလှ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ