Skip to main content

ဘုန်းကြီးမျိုး

ကျွန်တော်က ဘုန်းကြီးမျိုး။ မိဘ ဘိုးဘွားတွေက တောရွာကလေးတရွာမှာ နေထိုင်ကြတယ်။ တောရွာမှာ ယောက်ျားလေးတိုင်းက အရွယ်ရောက်လာတာနဲ့ ရှင်ပြုပြီး ကိုရင်ဝတ်ကြရတယ်။

အဖေရဲ့ မိဘတွေဟာ ပုလိပ်ရောဂါကပ်ဆိုးကြီးထဲ ပါသွားကြသတဲ့။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့အဖေက အိမ်ထောင်ဦးစီးလုပ်ရတယ်။ ညီသုံးယောက်လုံး သင်္ကန်းဆက်ဝတ်ကြပြီး ရဟန်းဖြစ်လာကြတယ်။

ရွာကျောင်းဆရာတော်က ကိုရင်နဲ့ ရဟန်းငယ်တွေကို မုံရွာသွား စာသင်ကြစေတယ်။

အဲဒီခေတ်မှာ ပညာရည်ကောင်းသူကို 'ဉာဏ်ကောင်းတယ်' လို့ သတ်မှတ် ပြောဆိုကြပါတယ်။ ဦးလေးတွေအားလုံးလည်း ဉာဏ်ကောင်းတဲ့ စာရင်းထဲမှာ ပါတယ်။ တဝမ်းကွဲတပါးလည်း ပါသေးတယ်။ ဦးလေးတွေအကုန် ဓမ္မာစရိယပြီးကြတယ်။ စာချကြတယ်။

အဖေ့ညီ အကြီးဆုံးကတော့ ဓမ္မာစရိယပြီးတဲ့နောက် လူဝတ်လဲပါတယ်။ အိမ်ထောင်ကျတယ်။ ကျွန်တော်က ဦးလေးဆီမှာ နွေရာသီတိုင်း စာလိုက်သင်ရတယ်။ အင်္ဂလိပ်စာ။ ဦးလေးက ဘယ်အချိန်မှာ အင်္ဂလိပ်စာ တတ်သလဲမသိပါ။ နောက်တော့ အလွတ်ပညာသင်ကျောင်းမှာ မြန်မာစာဆရာ ဖြစ်လာပြန်ပါတယ်။

ဦးလေး အငယ်နှစ်ပါးကတော့ မုံရွာကနေ မန္တလေး။ ဘုရားကြီးတိုက်၊ ပုခန်းကျောင်းအိုကြီးမှာ သီတင်းသုံးပြီး သကျသီဟ ဖြေဆိုကြလို့ ၂ ပါး အောင်တယ်။ 

ယနေ့ ပရိယတ္တိစာမေးပွဲတွေမှာ တိပိဋကစာမေးပွဲနှင့် သကျသီဟအဘိဝံသစာမေးပွဲ့တို့ဟာ အခက်ခဲဆုံးနှင့် ဂုဏ်သိက္ခာအကြီးမားဆုံးစာမေးပွဲတွေ ဖြစ်ပါတယ်။ မန္တလေးမြို့ ပရိယတ္တိ သာသနဟိတ အသင်းကြီးက ကြီးမှူးကျင်းပတဲ့ သီးခြားစာသင်တန်း/သီးခြားစာချတန်း အဘိဝံသ စာမေးပွဲကို သကျသီဟစာမေးပွဲလို့ အမည်တွင်တာက စတင်ကျင်းပခဲ့တဲ့ ၁၂၆၈-ခုနှစ် သကျသီဟ ဘုရားဝင်းထဲမှာကျင်းပခဲ့တာကြောင့် သကျသီဟစာမေးပွဲလို့ နာမည်တွင်ခြင်းဖြစ်တယ်။

ပခန်းဆရာတော်ကြီး ပျံတော်မူတော့ ဦးလေးအကြီးဆုံး (အခု ဆေးရုံတွက်နေရ) က ကျောင်းထိုင် ဖြစ်လာတယ်။

နောက် ပါဠိ မြန်မာ အဘိဓာန်ပြုစုရေး အစုတခုမှာ သကျသီဟ ဦးလေးနှစ်ပါးလုံး တာဝန်ကျတယ်။

ကျွန်တော်လည်း ပြည်ပကို ထွက်ပြေးရတော့ တခါတခါမှသာ ဦးလေးဆရာတော်တွေဆီ အဆက်အသွယ်လုပ်ခွင့် သာပါတယ်။

ကျွန်တော် နယူးဒေလီမှာ ရှိနေတုန်း ဦးလေးဆရာတော်သုံးပါးလုံး ဘုရားဖူးကြွလာကြတော့ ပြန်ဆုံခွင့်ရတယ်။

ဦးလေးက 

“မောင်တင့်ဆွေ ဘယ်မှတော့ ပြောမနေနဲ့ပေါ့။ ငါလည်း သံဃမဟာနာယကထဲ ပါနေရတယ်” ဒုတိယဥက္ကဌတပါး။

နောက်တော့ ဘွဲ့တံဆိပ်တွေ ထပ်ထပ်ရတာလည်း သိရတယ်။

၂၀၁၈ ခုနှစ်နွေရာသီမှာ ဆင်မင်းကျောင်းကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရာက်ပါတော့တယ်။ ၂၇ နှစ်ခွဲကြာပြီ။ ဦးလေးအငယ် ပျံတော်မူပြီးလို့ ကျန် ၂ ပါးသာတွေ့ရပါတော့တယ်။

ပြည်တွင်းကနေ ပြန်လာပြီးမှာ တဝမ်းကွဲဆရာတော် ပျံတော်မူပြန်ပါတယ်။ 

ဆရာတော်တွေထက် အသက်ကြီးကြတဲ့ ကျွန်တော့ အမေကအရင်၊ နောက်မှာ အဖေ ကွယ်လွန်ကြတယ်။

၂၀၁၈ တုန်းကတွေ့နိုင်ခဲ့တဲ့ ဦးလေး (ဆေးရုံတက်နေတဲ့ ဆရာတော့်အထက်) ဉာဏ်ကောင်းတဲ့ ဦးလေးလည်း ကွယ်လွန်သွားတာ မကြာလှသေးပါ။

ဦးလေးဆရာတော်တွေက 'စာသမား' လို့ အရပ်စကားနဲ့ သတ်မှတ်နိုင်ပါတယ်။ ပရိယတ္တိမှာ စွမ်းနိုင်သလောက် တတ်သိတော်မူကြပါတယ်။

ဆင်မင်းကျောင်းဆရာတော်အကြောင်း စာအုပ်တအုပ်ကနေ ကူးယူတင်ပြပါဦးမယ်။

အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု

ဘဒန္တသြဘာသာဘိဝံသာမဟာထေရ်

ပတ္တမြားရတုဝိဇာတမင်္ဂလာ အဘိဓဇဂုဏပူဇာမော်ကွန်း (၂၀၁၇)

ကူးတာမှားရင် ကျွန်တော့တာဝန်။

အဲလို ပညာကိုသာကြိုးစားတော်မူကြတဲ့ ဦးလေးဆရာတော်တွေအရိပ်မှာ ကျွန်တော်လည်း ပညာကို လွန်စွာတန်ဖိုးထားသူတယောက် ဖြစ်လာပါတော့တယ်။

မြန်မာပြည်မှာ လောကီပညာ၊ လောကုတ္တရာပညာတွေ ထွန်းပြောင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ