(တီး + ဆို - ဒေါက်တာလှဘူး)ဒီနေုတော့ အလင်္ကာကျော်စွာ ဆရာကြီးမြို့မငြိမ်းရဲ့ ခက်ခဲနက်နဲလှတဲ့ သီချင်းကောင်း တပုဒ်ကို ပြန်ပြီး တီး ဆို ကြည့်ထားပါတယ်။
မန္တလေးမှာတော့ မြို့မပွဲတိုင်းလိုလိုမှာ ကြားရတဲ့သီချင်းတပုဒ်ပါ။
ဒီသီချင်းကို ကိုဝင်းဦး ဆိုထားတာ ကြားဖူးတာ ကောင်းလွန်းလို့ အလွန်ကြိုက်ပါတယ်။ ရန်အောင် ဆိုထားတာလည်း ကောင်းပါတယ်။
ဒီသီချင်း စာသားတွေထဲမှာ ခက်ခဲနက်နဲတဲ့ စကားလုံးတွေ ပါလို့ သိသလောက် နည်းနည်း ဆွေးနွေးပါရစေ။ မှားနေရင်လည်း ပြင်ပေးကြပါ။
သီချင်းအမည်
သီချင်းနာမည်ကို စာအုပ်တွေ ဗီဒီယိုတွေမှာ "ထပ်တရာလမ်း" လို့ ရေးကြတာတွေ့ရပါတယ်။ တနေ့က ဆရာကြီးဦးတင့်ဆွေ ရေးလိုက်တော့မှ ထပ်တရာလန်း ဆိုတာ သတိထားမိပါတယ်။ တကယ် စားသားတွေကို ဖတ်ကြည့်လိုက်တော့ ထပ်တရာကြာပန်းလို လန်းပါစေလို့ အကြိမ်ကြိမ် ရေးထားတာကိုတွေ့ရပါတယ်။ ထပ်တရာပန်းတွေနဲ့ လမ်လို့ အဓိပ္ပါယ်ကောက်စရာ တနေရာမှ မတွေ့ပါဘူး။ ဒါကြောင့် "ထပ်တရာလန်း"ဆိုတဲ့အမည်က ပိုမှန်တယ်လို့ ယူဆပါတယ်။
သတပတ်ကြာ (သတ္တပတ်ကြာ)
ဒီသီချင်းထဲက အဓိကပန်းဖြစ်တဲ့ သတပတ် ကြာဆိုတာ မသိလို့ AI နဲ့ရှာကြည့်ရပါတယ်။ သူပြောတာကတော့ "သတ္တပတ္တ" (အလွှာပေါင်း ရာချီရှိသော အထပ်တရာရှိသော) ကြာပန်းလို့ တွေ့ရပါတယ်။ ကြာပွင့်ချပ် အလွှာပေါင်း တစ်ရာမက ထပ်ဆင့်ပြီး ဝေဝေဆာဆာ သင်းပျံ့လှပစွာ ပွင့်လန်းနေသော "သတပတ်ကြာပန်း" ကဲ့သို့ပင် ဆုတောင်းမေတ္တာခံယူသူသည်လည်း ဘဝတွင် အဆပေါင်း ထပ်တရာမက လန်းဆန်းစိုပြေပါစေဟူ၍ ဖြစ်ပါသည်။
"သောမန သမ္ပယုတ်"
"သောမန သမ္ပယုတ် ယှဥ်ကာထားလို့ ပို့သော မေတ္တာရေ" ဆိုတာ ပီတိ (ဝမ်းမြောက်စိတ်) နဲ့ ယှဥ်တဲ့ (သော မနသ သမ္ပယုတ်) စိတ် နဲ့မေတ္တာပို့ပါတယ်လို့ ပြောတာပါ။ ဒါကတော့ အဘိဓမ္မာ စကားပါ။ အဘိဓမ္မာ "စိတ်" ပိုင်းကို လေ့လာဖူးသူများ ကြားဖူးကြမှာပါ။
စန္ဒောဘာဆွေ
"မြရောင် စန္ဒောဘာဆွေ" ဆိုတာလည်း လရောင် နဲ့ တူတဲ့ အေးမြတဲ့ သြဒက (ဥဒက) အိုင်တွင်းကရေလို အေးမြပါတယ် လို့ ဆိုချင်တာလို့ ယူဆပါတယ်။ (စန္ဒ + သြဘာသ =လ + အရောင်)
အတီးပိုင်း
အတီးပိုင်းမျာလည်း သူများနဲ့ မတူ အလေးအသွက် အဖြတ်အတောက် အဟန့် အတား နရီဟန် တမူထူးခြားလှတဲ့ မြို့မတီးဝိုင်းရဲ့ တီးဟန်ကို ဒီသီချင်းမှာ အပြည့်အစုံ တီးထားတာ တွေ့ရပါတယ်။ အထူးသဖြင့် မြို့မ ဒိုးဆစ်နဲ့ အုပ်စုံအတီးက သူမတူအောင် ကောင်းလှပါတယ်။ ကျနော့်မှာ ရှိသမျှ တူရိယာလေးနဲ့ ကြားဖူးနားဝ ဖြစ်တယ်ဆိုရုံပဲ တီးထားနိုင်တာမို့ ပညာရှင်များ အကြားမတော်ရင် ခွင့်လွှတ်နားဆင်ပေးကြပါခင်ဗျာ (ဒေါက်တာလှဘူး)
https://www.facebook.com/reel/926779323448048
ဒေါက်တာတင့်ဆွေ

Comments
Post a Comment