ဆရာခင်ဗျား။ ကျုံးနဲ့ကြုံး ကြိမ်းဝါးနဲ့ကြုံးဝါး ဇဝေဇဝါဖြစ်နေရပါတယ်။ ရှင်းပြပေးစေလိုပါတယ်ခင်ဗျား၊ကျေးဇူးပါ။
ကြုံး
ကြုံးပ – ကြိ / ကျန်းပ / ထင်ရှားကျယ်လောင်စွာ ကြွေးကြော် အော်ဟစ်သည်။ “ခြင်္သေ့မင်းကား၊ ထွန်းဆင်းပြောင်ပြောင်၊ ရွှေဂူချောင်မှ၊ အန်ထောင်ကြုံးပ၊ ထွက်လေကလျှင်။” ပါမီ ၄၂။
ကြုံးဝါး – ကြိ / ကျန်းဝါး / မိမိ၏ ဂုဏ်ကျေးဇူးကို မြှင့်မြှောက် ပြောဆို ကြွေးကြော်သည်။ “နတ်နှင့်လူတွင်၊ မတူမမြင်၊ ငါသာလျှင်ဟု၊ ချစ်ရှင်ဘုရား၊ သံကြုံးဝါးသည်။” ပြာဒိ ၂၀။
ကြိမ်း
ကြိမ်း – ကြိ / ကျိန်း / ၁၊ မိမိ၏ဂုဏ်ကို ကျယ်သောအသံဖြင့် ထုတ်ဖော်မြွက်ဟ ပြောဆိုသည်။ စိတ္တနှင့်မာန်နှင့် မြွက်ဟ ပြောဆိုသည်။ “သဗ္ဗညုဘုရားသခင်ကို လွှတ်စေ ပညာအရာ ငါ့ကို တူသည်မရှိဟု ကြိမ်းတော်မူ၏။” ပါရာ၊ ၃၁။ ၂၊ အပြစ်ဆို မြည်တွန်သည်။ ၃၊ ခြိမ်းခြောက်သည်။
ကြိမ်းပ – ကြိ / ကျိန်းပ / မိမိ၏ဂုဏ်ကို အထင်အရှား ချီးမွမ်း ပြောဆိုသည်။ “တိမ်ညိုထစ်သကဲ့သို့ တန်းခိုးအရာ၌ ကြိမ်းပ တတ်သည်ဟု ချီးမွမ်းစရာဖြစ်သတည်း။” ပါရာ၊ ၁၀။
ကြိမ်းမောင်း – ကြိ / ကျိန်းမောင်း / လူတဖက်သား ကြောက်လန့်အောင် အော်ဟစ်ပြောဆိုသည်။ ခြိမ်းခြောက်သည်။
ကြိမ်းဝါး – ကြိ / ကျိန်းဝါး / ၁၊ ခြိမ်းခြောက် ပြောဆိုသည်။ “သတ္တိ၊ ဗျတ္တိနှင့် ရဲရင့်သောသူသည် ကြိမ်းဝါးခြင်းကိုမပြုရာ။”
နိဓိ၊ ပ။ ၁၁။ ၂၊ ကြိမ်းပသည်။ “ဘကောင်းသားဟု ကြိမ်းဝါးပွဲမှောက်၊ ခြင်္သေ့ဟောက်သို့။” ဓမ္မ* ၃၃။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment