ဘယ်သွားနေလဲ - မရွှေဖဲ
ဘုရားပွဲကို - လှည်းနဲ့ဆို
ဘာဝယ်ခဲ့လဲ - မရွှေဖဲ
ပင်နီအင်္ကျီ - ယောထဘီ
ဘာစားခဲ့လဲ - မရွှေဖဲ
ကြာဇံလက်သုပ် - မုန့်ဖက်ထုပ်
ဘယ်လောက်ကုန်သလဲ - မရွှေဖဲ
စက္ကူတကျပ် - ငွေတမတ်
ဘာမြင်ခဲ့လဲ - မရွှေဖဲ
ဈေးသယ်ဈေးဝယ် - စုံလို့ ကွယ်
ဘာလုပ်သေးလဲ - မရွှေဖဲ
ဘုရားရှင်တော် - ဖူးပါသော်
အမည်ဘာလဲ - မရွှေဖဲ
မကွေးမြို့စွန် - မြသလွန်
ဘာဆုပန်လဲ - မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် - ဆုပန်သည်။ ။
“မောင်ရေခဲ”
ဘယ်သွားနေလဲ - မောင်ရေခဲ
ကန်တော်ကြီးကို - ကားနဲ့ သွား
ဘာသွားလုပ်လဲ - မောင်ရေခဲ
လေညှင်းခံဘို့ - ဆိုပါစို့
ဘာမြင်ခဲ့လဲ - မောင်ရေခဲ
ကုလားဗမာ - စုံလို့ ဗျာ
ဘာမြင်သေးလဲ - မောင်ရေခဲ
အပျိုအအို - မြင်သဗျို
ဘာလုပ်သေးလဲ - မောင်ရေခဲ
ကန်တော်တပတ် - ခရီးတထပ်
ဘယ်သွားသေးလဲ - မောင်ရေခဲ
တရုတ်တန်းကို - သွားသေးဆို
ဘာစားခဲ့လဲ - မောင်ရေခဲ
ခေါက်ဆွဲဆန်းပြုတ် - ဝက်သားသုပ်
အိမ်ပြန်ပါစ - မောင်လူလု
ညဉ့်နက်သန်ကောင် - မနေပေါင်။ ။
မှတ်ရန်
မူကွဲတွေလည်း တွေ့တယ်။ ဒီမူက အစောဆုံးဖြစ်နိုင်တယ်လို့ ရှေးစာကဗျားများက ဆိုပါတယ်။
ယောထဘီ - ထမီ၊ ထဗီ မူကွဲတွေရှိတယ်။
ကြာဇံ - ကြာဆံ၊ ကြာဆန် မူကွဲတွေရှိတယ်။
စက္ကူတကျပ် - - စ မသတ်ပါ။
ငွေတမတ် - စ မသတ်ပါ။
မုန့်ဖက်ထုပ် - မုံ့ မူကွဲအမှန်ရှိတယ်။
လေညှင်းခံဘို့ - ဖို့ မဟုတ်ပါ။
ကန်တော်တပတ် - စ မသတ်ပါ။
ခရီးတထပ် - စ မသတ်ပါ။
တရုတ်တန်း - တရုပ် မူကွဲအမှန်ရှိတယ်။
ညဉ့်နက်သန်ကောင် - သန်းကောင်၊ သန်းခေါင် မူကွဲတွေ ရှိတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment