ကျွန်တော်တို့ကတော့ စားတတ်တဲ့အရွယ်က မုံ့။ မြန်မာ့စွယ်စုံကျမ်းမှာလည်း ‘မုံ့’။
‘မုန့်’ လည်း လက်ရာကောင်း သန့်ရှင်းရင် စားကောင်းပါတယ်။
ဒီနေ့ လက်ဖက်ရည်ဆိုင်မသွား။ “လက်ဖက်ရည်အိမ်” သွားပါတယ်။
ကွန်မြူနတီထဲက အပျော်သဘောနဲ့ တနင်္ဂနွေတရက်သာ ဖွင့်တဲ့ ‘ဆိုင်’ ခေါ် ‘အိမ်’။
လက်ဖက်ရည် ကျဆိမ့်နဲ့ မုံလင်မယား ၅-၆ ခုစားခဲ့တယ်။ ကောင်းတယ်။ ပိုက်ဆံလည်းမယူ။ ပိုကောင်းတယ်။
မုန့်လင်မယားဟာ မြန်မာနိုင်ငံမှာ နာမည်ကြီး အဆာပြေမုန့် ဖြစ်တမျိုးဖြစ်ပါတယ်။ မော်လမြိုင်ဘက်မှာ "မုန့်အုပ်ကလေး" လို့ခေါ်ကြသတဲ့။
ဆန်မှုန့်နဲ့ လုပ်ထားတဲ့ မုံ့ခွက်ငယ်လေးနှစ်ခုကို မျက်နှာချင်းဆိုင် ထပ်တင်ပေးထားတာ။ အထဲမှာ ပဲပြုတ်နည်းနည်းနဲ့ နံနံပင်သာပါတယ်။ အသားတွေဘာတွေ မလိုပါ။ အုန်းနို့လည်း မလို။ ညှော်နံ့လေးနဲ့ စားကောင်းတယ်။ ဆားနဲ့ နှမ်းထောင်း ဖြူးတာလည်း ရှိတယ်။ အပိုအဆာများရင် အရသာ ပြောင်းတယ်။
လမ်းသရဲမုံ့လည်း မေးကြည့်တယ်။ အဆာပလာတွေများလို့ မစားဖြစ်ခဲ့။ ပြည်တွင်းမှာနေစဉ်ကလည်း မစားဘူး။ မကြားဘူး။ တကဲ့လမ်းသရဲကတော့ ရှိတယ်။ ခေတ်ကလူတွေလို မိုက်ကြေး မခွဲကြပါ။ နောက်တော့ တချို့က လိမ္မာသွားကြပါတယ်။
ကျောင်းနေစဉ်က မန္တလေး ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်၊ ရွှေမန်းဆောင်ရှေ့နားလောက်မှာ မုံ့လင်မယား ရောင်းတယ်။ မန္တလေးနဲ့ မုံရွာက လက်ရာတူတယ်။
အောက်အရပ် လက်ရာတွေကိုတော့ သိပ်မသိပါ။
အညာသားတွေက ဂွကျတယ်။ ကိုယ်စားဘူးတာသာ ကောင်းတယ်ထင်ကြတယ်။
ပညာတွေ အရင်ကလို မသင်တော့တဲ့ မန္တလေးတက္ကသိုလ်ကို သတိရပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment