Skip to main content

သုဓမ္မဝတီ စာပုံနှိပ်တိုက် သမိုင်းကြောင်း












(ရှာဖွေ ကူယူတင်ပြခြင်းသာ ဖြစ်ပါတယ်။ မူရင်းတင်ထားသူ Burmanian's Post ကျေးဇူး။)

ရှေးဦးမြန်မာ ပုံနှိပ်တိုက်များအကြောင်းပြောရင် မပါမဖြစ်ဟုဆိုရမည့် သုဓမ္မဝတီ ပုံနှိပ်တိုက်အကြောင်းအား အချက်အလက်များ ရှာဖွေလို့ ရသလောက် ပြုစုဖော်ပြ ရေးသားလိုက်ပါတယ်။ ရှေဦးမြန်မာပုံနှိပ်တိုက်တွေထဲမှာနာမည်ကြီးပုံနှိပ်တိုက်တွေကတော့၊ ကဝိမျက်မှန်၊ ဟံသာဝတီ၊ ဇမ္မူ့မိတ်ဆွေ၊ ပြည်ကြီးမဏ္ဍိုင် စသဖြင့်ပုံနှိပ်တိုက်များပဲဖြစ်ပါတယ်။ 

အဲ့ဒီပုံနှိပ်တိုက်တွေအကြောင်းကိုတော့ ရှာဖွေတွေ့ရသလောက်ဆိုရင်မည့်သည့်ရှေးဆရာများကမှ တကူးတက မှတ်တမ်းတင် ရေးသားထားတာကို မတွေ့ရပါဘူး။ ကြီးမောင်(ငွေဥဒေါင်း)တယောက်သာလျှင် ရှေးဦးမြန်မာပုံနှိပ်တိုက်များဆိုတဲ့ ဆောင်းပါးတခုကို အကြမ်း(အလွတ်)သဘောမျှ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီတော့အဲ့ဒီဆောင်းပါးကိုအခြေပြုပြီးတော့ပဲ မိမိလေ့လာတွေ့ရှိရသလောက် အချက်အလက်များဖြင့် တန်ဆာဆင်ကာ ပြုစုရေးသားလိုက်ရပါတယ်။ ဒါကြောင့်လိုအပ်ချက်များ၊ မှားယွင်းမူများပါက နှံ့စပ်သိမြင်သူများအနေဖြင့် နူတ်ငုံမနေကြပဲ ခိုင်လုံတိကျတဲ့ စာတပုဒ်ဖြစ်အောင် ကူညီဝိုင်းဝန်း ဖြည့်စွက်ပြောဆိုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

(က)

၁၈၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကို စာပုံနှိပ်စက်စတင်ရောက်ရှိပါတယ်။ စာပုံနှိပ်စက်ရောက်ရှိပြီးတော့ ပထမဆုံးသော ပုံနှိပ်တိုက်ကတော့ အေဘီဘမ်လို့ အတိုကောက်ခေါ်ဆိုတဲ့ အမေရိကန်နှစ်ခြင်းသာသနာပြုပုံနှိပ်တိုက်ပဲဖြစ်ပါတယ်။ အဲ့ဒီပုံနှိပ်တိုက်က ပုံနှိပ်တိုက်သမိုင်းမှာတော့ မြန်မာ့ပထမဆုံးနဲ့သက်တမ်းအရှည်ဆုံး ပုံနှိပ်တိုက်တခုပဲဖြစ်ပါတယ်။ အဲ့ဒီကာလက စာပုံနှိပ်စက်ဆိုတာ မြန်မာတနိုင်ငံလုံးမှာ ရန်ကုန် တမြို့ထဲမှာပဲရှိပါတယ်။ အမေရိကန်နှစ်ခြင်းသာသနာပြုပုံနှိပ်တိုက်ဆိုတာ တကယ်တော့ ဆရာယုဒသန် ကို အိန္ဒိယနိုင်ငံကနေ လက်ဆောင်အဖြစ်ပေးပို့လိုက်တဲ့ပုံနှိပ်စက်တွေပါပဲ။ ပထမမြန်မာအင်္ဂလိပ်စစ်ပွဲအပြီးမှာတော့ နိုင်ငံရေးမတည်ငြိမ်မူကြောင့် ယုဒသန်က သူ့ရဲ့ပုံနှိပ်တိုက်ကို ကျိုက်က္ခမီမြို့ကိုပြောင်းရွေ့သွားပါတယ်။ အဲ့ဒီအချိန်က ကျိုက်က္ခမီ မြို့ဆိုတာကလည်း ရွာသာသာပါပဲ။ ကျိုက်က္ခမီကို တည်ထောင်သူနှစ်ဦးကတော့ ယုဒသန်နဲ့တနင်္သာရီတိုင်းမင်းကြီး ကရော့ဖို့ဒ် တို့နှစ်ဦးပါပဲ။ အဲ့နောက်မှာတော့ ကျိုက်က္ခမီက မော်လမြိုင်မြို့လောက် စစ်ရေးစစ်ရာအကွက်အကွင်း မကျတာကြောင့် ယုဒသန်ရော၊ ကရော့ဖို့ဒ်ရော မော်လမြိုင်မြို့ကိုပြောင်းသွားပါတယ်။ ယုဒသန်ဟာသူ့ရဲ့ပုံနှိပ်စက်ကိုလည်းမော်လမြိုင်ကို သယ်ဆောင်သွားပါတယ်။ မှတ်တမ်းများအရ ၁၈၄၀ ခုနှစ်ဝန်းကျင်မှာတော့ ဗြိတိသျှ တို့၏ အောက်ဗမာနိုင်ငံဖြစ်သော ထားဝယ်မြို့မှာ  ကရင်ပုံနှိပ်တိုက်ဆိုတဲ့ ပုံနှိပ်တိုက် တတိုက်ပေါ်ထွက်လာပါတယ်။

(ခ)

အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီးမှာတော့ တနင်္သာရီ၊ပဲခူးနဲ့ရခိုင်ကို အင်္ဂလိပ်တို့လက်အောက် ပေးအပ်လိုက်ရပါတယ်။ အင်္ဂလိပ်တွေဟာသူတို့အပိုင်စားရတဲ့နယ်မြေတွေမှာစာပုံနှိပ်စက်များကို တည်ထောင်ပြီးတော့ စာအုပ်စာတမ်းတွေ ရိုက်နှိပ်ထုတ်ဝေလာပါတယ်။ အဲ့ဒီကာလက စာပုံနှိပ်တိုက်တွေရှိတဲ့ မြို့များကတော့ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ ရန်ကုန်၊ တောင်ငူ၊ မန္တလေး စတဲ့မြို့တွေပဲဖြစ်ပါတယ်။ စာရင်းများအရ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်အပိုင်ဖြစ်တဲ့ ရန်ကုန်မြို့မှာစာပုံနှိပ်တိုက် ၁၂ တိုက်ရှိပါတယ်။ အဲ့ဒါတွေကတော့ အေဘီအမ် ပုံနှိပ်တိုက်၊ မြန်မာသံတော်ဆင့်ပုံနှိပ်တိုက်၊ ပဲခူးပုံနှိပ်တိုက်၊ဗြိတိသျှဘားမားပုံနှိပ်တိုက်၊ မြန်မာဗုဒ္ဓဘာသာပုံနှိပ်တိုက်၊ အစိုးရပုံနှိပ်တိုက်၊ ဗဟိုအကျဉ်းထောင်ပုံနှိပ်တိုက်၊ ရာမညတိုင်းပုံနှိပ်တိုက်၊ ဗဂါင်္လီဂျော့ပုံနှိပ်တိုက်၊ အယ်လ်ဘင်ည်ယင်ပုံနှိပ်တိုက်၊ မင်္ဂလာပုံနှိပ်တိုက်၊ သုရတိဂျော့ပုံနှိပ်တိုက် စတာတွေပဲဖြစ်ပါတယ်။ ပုသိမ်မြို့မှာရှိတဲ့ ပုံနှိပ်တိုက်တွေကတော့ စကောကရင်ပုံနှိပ်တိုက်၊ ကက်သလစ်သာသနာပြုပုံနှိပ်တိုက်၊ စိန့်ပီတာပုံနှိပ်တိုက်၊ ပုသိမ်ပုံနှိပ်တိုက်စတဲ့ပုံနှိပ်တိုက်များပဲဖြစ်ပါတယ်။ စစ်တွေမြို့မှာရှိတဲ့ပုံနှိပ်တိုက်ကတော့ စစ်တွေပုံနှိပ်တိုက်ပဲဖြစ်ပါတယ်။ မန္ထလေးမှာတော့ ပုံနှိပ်တိုက်တခု ရှိပါတယ်။ အဲ့ဒါကတော့ ရတနာပုံနေပြည်တော် ပုံနှိပ်တိုက်ပဲဖြစ်ပါတယ်။ တောင်ငူမြို့မှာတော့ ဇေယျဘုံ၊ ကရင်သာသနာပြုဆိုတဲ့ ပုံနှိပ်တိုက် နှစ်ခုရှိပါတယ်။ ဒါတွေကတော့ အစောဆုံးမြန်မာပုံနှိပ်တိုက်သမိုင်းမှာ ပါရှိတဲ့ ပုံနှိပ်တိုက်စာရင်းပဲဖြစ်ပါတယ်။

(ဂ)

သုဓမ္မဝတီ ပုံနှိပ်တိုက်ကို ပါတော်မူပြီး ၁၇ နှစ်အကြာ၊ ၁၉၀၃ ခုနှစ်၊ဧပြီလ ၆ရက်နေ့မှာ စတင် တည်ထောင်ပါတယ်။ သုဓမ္မဝတီ စာပုံနှိပ်တိုက် စတင်တည်ထောင်ခါစတုန်းက သုဓမ္မဝတီကဲ့သို့ပင် ပိဋကတ်တော်များကို ရိုက်နှိပ်ထုတ်ဝေနေတဲ့ရှိပြီး ပုံနှိပ်တိုက်များကတော့ ကဝိမျက်မှန်၊ သာသနာ့ဇောတိက၊ လေးကျွန်းသီရိန်၊ဟံသာဝတီ၊ ပြည်ကြီးမဏ္ဍိုုင်စတဲ့ ပုံနှိပ်တိုက်များပဲဖြစ်ပါတယ်။ သုဓမ္မဝတီ စာပုံနှိပ်တိုက်ကို ပွဲစားကြီးဦးဘာစိုင်က မန္ထလေးမြို့ မြန်မာပိဋကတ်တိုက်မှ ပြန်လည် လက်လွဲဝယ်ယူခဲ့ခြင်းပဲဖြစ်ပါတယ်။ ဝယ်ယူပြီးခါစ ကနဦးအစတုန်းက စာပုံနှိပ်စက်ကို ပိုင်ဆိုင်သူများကတော့ဝယ်ယူသူ ဦးဘာစိုင်၏ ဆွေမျိုးရင်းချာများဖြစ်ကြသည့် ဒေါ်ထွေး၊ ဒေါ်ဆင်ပန်း၊ ဦဘွား၊ ဦးနီ၊ ဒေါ်ချိန်၊ ဒေါ်မဲ၊ ဒေါ်ကဲ စသူများပဲဖြစ်ပါတယ်။

တည်ထောင်ပြီး ငါးနှစ်အကြာ ၁၉၀၈ ခုနှစ်ရောက်မှသာလျှင် ပွဲစားကြီး ဦးဘာစိုင်က သုဓမ္မဝတီတိုက်ကို အစုစပ်ပိုင်ဆိုင်သူများအားလုံးကို ငွေပြန်အမ်းပြီးတော့ တယောက်ထဲလက်ဝယ် အပြတ်ဝယ်ယူလိုက်ပါတယ်။ အဲ့ဒီအချိန်တုန်းက ပုံနှိပ်တိုက် တိုင်းမှာ စာတော်ပြန်၊ လူပညာရှိတွေ အသီးသီးရှိကြပါတယ်။ ကိုယ့်တိုက်နဲ့ကိုယ်လူနဲ့ကိုယ်စာပေပညာရှိတွေထားရှိကြပါတယ်။ ပြည်ကြီးမဏ္ဍိုင်တိုက်ဆိုရင် ပါဠိဆရာဖြေ၊ ပါဠိဦးငြိမ်း၊ ပါဠိဦးမောင်ကြီးစတဲ့ စာပေနှံ့စပ်သူ ပုဂ္ဂိုလ်ကြီးတွေကို အယ်ဒီတာအဖြစ်ထားရှိပါတယ်။ ပါဠိဆရာဖြေ ဆိုတာ လူပုဂ္ဂိုလ်တွေထဲမှာ ပထမဆုံးသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကိုရရှိတဲ့ သူပဲဖြစ်ပါတယ်။ သုဓမ္မဝတီတိုက်ပိုင်ရှင်ဖြစ်သူ ဦးဘာစိုင်ဟာ ပါဠိဆရာဖြေကို ခေါ်ယူပြီးတော့ မည့်သည့်စာအုပ်စာတမ်းမျိုးကို ပုံနှိပ်ထုတ်ဝေလျှင်သင့်သနည်း ဆိုပြီး အကြံဉာဏ်များတောင်းခံပါတယ်။ ဦးဘာစိုင်၏ အကြံဉာဏ်တောင်းခံမူကို ပါဠိဆရာဖြေကလည်း ပြန်လည်ကူညီခဲ့ပါတယ်။ ပုံနှိပ်ထုတ်ဝေသင့်တဲ့ ပိဋကတ်တော်စာစုစာရင်းကိုပေးပြီး ရိုက်နှိပ်ထုတ်ဝေခိုင်းခဲ့ပါတယ်။ ဆရာဖြေကွယ်လွန်ပြီးနောက်မှာလည်း ပွဲစားကြီးဦးဘာစိုင်က ပါဠိဆရာလင်းကို ဆည်းကပ်ပြီးတော့ ရိုက်နှိပ်ထုတ်ဝေသင့်တဲ့စာအုပ်များကို ပြောဆိုစေခဲ့ပါတယ်။

(ဃ)

ယင်းနောက် ပွဲစားကြီးဦးဘာစိုင်ဟာ မြန်မာပြည်ပတ်ပြီးတော့ ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးတဲ့ ပေမူသာရှိနေသေးသော ပေစာထုပ်တွေကို လိုက်လံဝယ်ယူစုဆောင်းပါတော့တယ်။ သို့နှင့် သုဓမ္မဝတီ စာပုံနှိပ်တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေသော ကျမ်းစာအုပ်မှာ မန်းလေးမြို့ဒက္ခိဏရာမတိုက် ဆရာတော် ဦးဇာဂရ ရေးသားပြုစုသည့် ပါရာဇိကဏ် ပါဠိတော်နိသျှစာအုပ်ပဲဖြစ်ပါတယ်။ ယင်းစာအုပ်ကို ပုံနှိပ်စက်ဝယ်ယူပြီးပြီးချင်း ၁၉၀၃ ခုနှစ် ဧပြီလအတွင်းမှာပဲ စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ထိုနောက် ပေမူအဖြစ်သာရှိနေသေးသည့် ပိဋကတ်သုံးပုံပါဠိတော်နိသျှ ၂၂ အုပ်ကို၂၁ အုပ်ပြုလုပ်ပြီးတော့ ၁၉၀၃ ခုနှစ်မှ ၁၉၀၆ ခုနှစ်အတွင်း ပုံနှိပ်ထုတ်ဝေပြီးစီးခဲ့ပါတယ်။ ပိဋကတ်တော် ပေမူ တွေကို ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ လူပြန်တော် ပညာရှိကြီးများဖြစ်ကြသည့် ဆရာဘီ၊ ဆရာဦးအောင်မင်း၊ ဆရာကျော် စတဲ့ ပညာရှိကြီးများက ကြပ်မတ် စစ်ဆေးကြပါတယ်။ ဆရာဦးအောင်မင်းကွယ်လွန်သည့်အခါ ဆရာကြင်၊ ဆရာသိန်းတို့ကို ခေါ်ယူပြီးတော့ ပရုဖတ် စစ်ဆေးကြပ်မတ်စေခဲ့ပါတယ်။ စာရင်းများအရ ၁၉၀၃ ခုနှစ်မှသည် ၁၉၀၈ ခုနှစ်အထိ သုဓမ္မဝတီ ငါးနှစ်တာခရီးမှာ စာအုပ်ကျမ်းကြီးကျမ်းငယ်ပေါင်း အုပ်ကိုးဆယ်ကျော်ကို ရိုက်နှိပ် ထုတ်ဝေနိုင်ခဲ့တာကိုတွေ့ရပါတယ်။ မူလ ၁၉၀၃ ခုနှစ်တုန်းကတော့ တိုက်ရဲ့လိပ်စာက စစ်ကဲမောင်ထော်လေးလမ်း တိုက်နံပါတ် ၇၅ ပဲဖြစ်ပါတယ်။၁၉၀၆ ခုနှစ်မှာတော့ တိုက်နံပါတ် ၇၉ ကိုပြောင်းရွေ့သွားပါတယ်။ သုဓမ္မဝတီ စာပုံနှိပ်စက်အမျိုးအစားကတော့လက်လှည့်တုံးလုံးစက် ဒေါ်ဆင်ဝန်းအမျိုးအစားပဲဖြစ်ပါတယ်။

(င)

ပွဲစားကြီး ဦးဘာစိုင်ရဲ့ မူလ ပထမလုပ်ငန်းများကတော့ မြိတ်ထားဝယ်များမှာရှိတဲ့ ပွဲရုံလုပ်ငန်းပဲ ဖြစ်ပါတယ်။ စာပုံနှိပ်စက် တည်ထောင်ပြီးနောက် အခြေကျပြီဖြစ်သော၁၉၀၈ခုနှစ်မှာတော့ ဦးဘာစိုင်ဟာသုဓမ္မဝတီကိုကိုယ်တိုင်ဦးစီးမလုပ်ကိုင်တော့ပါဘူး။ သားဖြစ်သူ ဦးဘာဘာကို လက်လွဲလုပ်ပါတော့တယ်။ ဦးဘာစိုင်မှာသားသမီးသုံးယောက်ရှိပါတယ်။ဦးဘာဘာ၊ ဒေါ်မခွေး၊ မောင်အုံးဖေ တို့ပဲဖြစ်ပါတယ်။ ယင်းသုံးယောက်အနက် ဦးဘာဘာက အကြီးဆုံးသားဖြစ်ပါတယ်။ သုဓမ္မဝတီ စာပုံနှိပ်တိုက်ကို သားဖြစ်သူ ဦးဘာဘာ ကိုအုပ်ချုပ်လုပ်ကိုင်စေပြီးနောက် ဦးဘာစိုင်ဟာ သူ့ရဲ့မူလ လုပ်ငန်းများကို ပြန်လည်ဦးစီးလုပ်ကိုင်ခဲ့ပါတယ်။ သို့နှင့် ၁၉၀၈ ခုနှစ်မှာပဲအဂ္ဂမဟာပဏ္ဍိတ ဆရာမြို့၏ လက်ရင်းတပည့်ဖြစ်သူ ဘုန်းကြီးကျောင်းသား ဦးပန်းမောင် ဟာ သုဓမ္မဝတီ ပုံနှိပ်တိုက်ကို ရောက်ရှိလာပါတော့တယ်။ ဦးပန်းမောင်ဟာ သုဓမ္မဝတီမှာ စာရေးအဖြစ်နဲ့ စတင်ပြီးတော့ အလုပ်လုပ်ပါတယ်။ ထိုစဉ်က ဦးပန်းမောင်ရဲ့အသက်ဟာ ၁၈ နှစ်ပဲရှိပါသေးတယ်။ ဦးပန်းမောင်ရောက်ရှိလာပြီးနောက်မှာတော့ တိုက်ပိုင်ရှင် ဦးဘာဘာနဲ့ ဦးပန်းမောင်တို့ နှစ်ဦး ပူးတွဲပြီးတော့တိုက်ကို စီမံအုပ်ချုပ်ပါတော့တယ်။ ဦးပန်းမောင်ကတော့ နောင်အခါ သုဓမ္မဝတီ ဦးပန်းမောင်ဆိုပြီး ထင်ရှားလာတဲ့သူပဲဖြစ်ပါတယ်။

(စ)

၁၉၁၀ခုနှစ်ကစပြီးတော့သုဓမ္မဝတီပုံနှိပ်တိုက်ဟာ သုဓမ္မဝတီပြက္ခဒိန်ဆိုပြီး စက္ကူချော၊ ထိုခေတ်ကာလနာမည်ကျော် ပန်းချီဆရာများဖြစ်ကြသည့် နိပါတ်တော်ဆရာအေး၊ ဦးထွန်းလှ၊ ဦးဘအုံး၊ ဆရာမြစ် စတဲ့ပန်းချီကျော်ကြီးများ၏လက်ရာများဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ပါသေးတယ်။ ၁၉၁၁ ခုနှစ်မှာတော့ ပိဋကတ်တော်များကို ရိုက်နှိပ်ထုတ်ဝေနေတဲ့ စာပုံနှိပ်တိုက်အားလုံးကို တတိုက်နဲ့တတိုက် ရိုက်နှိပ်ထုတ်ဝေတဲ့စာအုပ်များမထပ်ရလေအောင်ပါဠိဆရာဖြေက စာပုံနှိပ်တိုက် အားလုံးကိုထုတ်ဝေရမယ့်စာအုပ်များ၊ရိုက်နှိပ်ရမယ့်ကျမ်းများကိုအလှည့်ကျနဲ့ စီမံခွဲဝေ ဆောင်ရွက်ပေးပါတော့တယ်။ သို့နှင့်စာပုံနှိပ်တိုက်များအပြိုင်အဆိုင်ရှိကြသော်လည်း ရိုက်နှိပ်ကျမ်းစာများကတော့ တတိုက်နဲ့တတိုက်ထပ်ချင်းပြုချင်းမရှိတော့ပါဘူး။ သုဓမ္မဝတီ ပုံနှိပ်တိုက်ဟာ ကျမ်းစာများတင်မဟုတ်ပဲ ကျောင်းသုံးပြဌာန်းစာအုပ်များကိုလည်းပဲ ရိုက်နှိပ်ထုတ်ဝေခဲ့ပါသေးတယ်။ မင်ကျမင်န ကောင်းမွန်ခြင်း၊ထုတ်ဝေမူသပ်ရပ်မူ၊ စာလုံးပေါင်း သတ်ပုံအမှားအယွင်းမပါရှိခြင်း၊ စက္ကူသားကောင်းမွန်ခြင်း စတဲ့ အချက်များကြောင့် သုဓမ္မဝတီ ပုံနှိပ်တိုက်သည်လည်းပဲ အခြားပုံနှိပ်တိုက်များကဲ့သို့ နာမည်ကြီးထင်ရှားလာခဲ့ပါတယ်။ ကျမ်းစာများကိုလည်းရှာဖွေတွေ့ရှိသလောက် ပေမူကွဲများကိုညှိနိူင်းပြီးတော့မှ စက်တင်ပုံနှိပ်ပါတယ်။ ဒါကြောင့်အမှားအယွင်းအကျအနမရှိသလောက်ပါပဲ။ သို့နှင့် ဂျပန်ခေတ် ၁၉၄၃ ခုနှစ်ရောက်ရှိချိန်မှာတော့ သုဓမ္မဝတီ ပုံနှိပ်တိုက်ဟာ တခြားသူလက်ထဲရောက်ရှိသွားပါတော့တယ်။

(ဆ)

သုဓမ္မဝတီ စာပုံနှိပ်တိုက်ရဲ့ တတိယမြောက်ပိုင်ရှင်ကတော့ ဦးဘာဘာ၏ သားဖြစ်သူ ဦးတင့်ထူးပဲဖြစ်ပါတယ်။ ပိုင်ရှင်သုံးယောက်ပြောင်းသွားသော်လည်း သုဓမ္မဝတီ ပုံနှိပ်တိုက်ရဲ့ အရည်အသွေးကတော့ ကျဆင်းမသွားခဲ့ပါဘူး။ ပထမဆုံးသောပိုင်ရှင်ဖြစ်တဲ့ ဦးဘာစိုင် လက်ထက်မှာတုန်းက တနှစ်ကိုကျမ်းစာအုပ်ပျမ်းမျှ ၇အုပ်နူန်းရိုက်နိုပ်နိုင်ခဲ့ပါတယ်။ ဦးဘာစိုင်က ငါးနှစ်တာ သုဓမ္မဝတီကို ဦးစီးခဲ့ပါတယ်။ သားဖြစ်သူ ဦးဘာဘာလက်ထက်မှာတော့၁၉၀၈ မှသည် ၁၉၄၃ ခုနှစ်အထိ နှစ်ပေါင်း ၃၅ နှစ်အတွင်း ကျမ်းစာအုပ်ပေါင်း ၄၀၀ ကျော်ကိုရိုက်နှိပ်နိုင်ခဲ့ပါတယ်။ မြေးဖြစ်သူ ဦးတင်ထူးလက်ထက်မှာတော့ ၁၉၄၃ မှသည် ၁၉၅၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း ကျမ်းစာအုပ်ပေါင်း ၅၀၀ ကျော်ရိုက်နှိပ်နိုင်ခဲ့ပါတယ်။ သို့နှင့်၁၉၀၃မှသည်၁၉၅၃ခုနှစ်ကျော်လွန်ကာလအထိ၊ နှစ်ပေါင်း၅၀ ကျော်အတွင်း သုဓမ္မဝတီဟာ မဂ္ဂဇင်း၊ ကျောင်းသုံး၊ စာတမ်းများမပါရှိပဲ၊ ကျမ်းစာအုပ်ကြီးပဲ စုစုပေါင်း ၁၀၀၀ကျော်ရိုက်ထုတ်နိုင်ခဲ့ပါတယ်။ သုဓမ္မဝတီတိုက်မှာစတင်တည်ထောင်စဉ်အချိန်ကထဲက ၁၉၅၀ ကျော်ထိလက်တွဲလုပ်ကိုင်လာတဲ့စာအုပ်ချုပ်သမားများကတော့ဒက္ကာမြို့မှ ဘဂါင်္လီလူမျိုး ရှာရဖက်ခန်းအင်နှင့်မူလာဘောက်တို့ပဲဖြစ်ပါတယ်။ ၎င်းတို့ကွယ်လွန်သွားပြီးနောက် သားသမီးများဖြစ်ကြသည့် အဇာစ် နဲ့ အက်စ်ယူအာမက်တို့က ဆက်လက်စာအုပ်ချုပ်ကြပါတယ်။ ဗမာထဲကဆိုရင်တော့ မန္ထလေးမြို့ဘုရားကြီးဈေးမှ ဆရာလှပဲဖြစ်ပါတယ်။ သုဓမ္မဝတီ စာပုံနှိပ်တိုက်မှာ နှစ်ပေါင်းငါးဆယ်အတွင်းလုပ်ကိုင်ခဲ့ကြတဲ့ပါဠိစာပြင် ဆရာပေါင်း ၄၄ ဦးရှိပါတယ်။ ယင်းတို့ကတော့ ဆရာဘီ၊ ဆရာအောင်မင်း၊ ဆရာကျော်၊ ဆရာကြင်၊ ဆရာသိန်းကလေး၊ ဆရာဦးကြီး၊ ဆရာပေါ်ဒွေး၊ ဆရာသင်၊ ဆရာဦးခင်စော၊ ဆရာဦးဘကျော်၊ ဆရာဉာဏ်၊ ဆရာဦးကျော်လှ၊ ဆရာဖီး၊ ဆရာပန်းလှိူင်၊ ဦးအုံးရွှေ၊ ဆရာကြည်၊ ဦးကြီးဖေ၊ ဦးထွန်းစိန်၊ ဦးတင်ဦး၊ ဦးအေးကြိုင်၊ ဦးအာကာသန်း၊ ရခိုင်ကျော်၊ ဆရာထွန်း၊ ဆရာကျော်၊ ကျိုက်လတ်ဆရာချစ်၊ ဦးထွန်းညွန့်။ ဦးဖေမြင့်၊ဆရာအုပ်၊ မေဓါဝီဆရာဆိုင်၊ ဒဂုန်ဦးထွန်းမြင့်၊ ဦးကံသာ၊ ဦးတင်ရွှေ၊ ဦးအုံးဘေ၊ ဦးထွန်းကြည်၊ ဦးဝင်း၊ ဦးထွန်းသိန်း၊ ဦးစံထွန်း၊ ဦးသောင်း၊ ဦးဌေးမြင့်၊ ဆရာသင်၊ ဦးအောင်မြင့်၊ ဦးစိန်အုပ်၊ ဆရာသန်း၊ ဦးကျော်ဇော စသူတို့ပဲ ဖြစ်ပါတယ်။

မှတ်တမ်းများအရ ထိုခေတ်ထိုကာလမှာတော့ သုဓမ္မဝတီ ပုံနှိပ်တိုက်ဟာ အယ်ဒီတာအများဆုံး ထားရှိတဲ့ စာပုံနှိပ်တိုက်တတိုက်ဖြစ်ကြောင်းလည်းသိရပါတယ်။ နှစ်ပေါင်းငါးဆယ်အတွင်း လက်တွဲခဲ့တဲ့စာအုပ်ကိုယ်စားလှယ်များကတော့ မန္ထလေးမြို့ဈေးချိုတော်ရတနာပုံစာအုပ်ဆိုင်ရှင် မင်းကတော်ကြီးမမညွှန့်၊ ဈေးချိုတော်စီရုံသုဓမ္မဝတီစာအုပ်ဆိုင်ခွဲဦးထွန်းအောင်၊ ရန်ကုန်မြို့ဣစာသယ စာအုပ်ဆိုင် ဦးသောင်းဒေါ်သန်းရင်၊ သိမ်ကြီးဈေးဒီရုံ ဒေါ်ချုံ၊ စတဲ့လူများပဲဖြစ်ပါတယ်။ ဒါကတော့ သုဓမ္မဝတီ စာအုပ်တိုက်ကြီးရဲ့သမိုင်းအကျဉ်းပဲဖြစ်ပါတယ်။ 

မှတ်ချက်။

အချိန်ရပါကတပုံချင်းစီထောက်ရှူလေ့လာပါက ပို၍အရသာ တွေ့ပါလိမ့်မည်။ထိုအပြင်နာမည်ကျော် ဟံသာဝတီ ပုံနှိပ်တိုက် သမိုင်းကြောင်းကို ကောမန့်တွင်

ချပေးထားသော လင့်အတိုင်းဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

ကိုးကား၊

ငွေဥဒေါင်း၏ စာဝင်္ကဘာ

ရှေးမြန်မာစာအုပ်တိုက်များ

ဦးမြင့်ဆွေ မြန်မာစာအုပ်သမိုင်းဦး

Book Depot, Catalogue Of Book 1963

စာနယ်ဇင်းသမိုင်းစာတန်းများ၊ ပ+ဒု (စာပေဗိမာန်)

သုဓမ္မဝတီ နှစ်ငါးဆယ်မြောက် အထုပ္ပတ္တိစာတမ်း

ညိုဝင်းရှင်၊ မြန်မာ့ပန်းချီ၊ဗိသုကာပညာရှင်များ(ပတွဲ)

#ဘာမေးနီးယန်း ဝိုင်းတော်သားတဦးမှ ရေးသားတင်ဆက်ပါသည်။

အလွန် ကျေးဇူးကြီးပါတယ်။ တင်ပြတဲ့အတိုင်း စာရိုက်တာနည်းနည်းသာ ပြုပြင်ပြီး ကူးယူတင်ပြပါမယ်။ 

သတ်ပုံတွေလည်း မူရင်းတင်းတဲ့အတိုင်းသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ