ကဗျာဝတ္ထု
ဒေါင်းနွယ်ဆွေးရေး
အခဏ်း-(၁)
(အမှာ)
တယောက်သောသူက၊ ငါ့ထံမှ၊ အထဲနှလုံးတို့ကို၊ ထုတ်ယူသွားကတည်းက၊ လောကတွင် ရပ်တည်နေနိုင်ရန်မဖြစ်သော်လည်း၊ ကဗျာရေးရန်အတွက်သာ၊ ငါ့မှာ အသက်ရှင်နေရတော့သည် ဟု၊ စကားဆိုလှာတတ်သော ချစ်ညီ.... တဦးသို့ ။ ။
ကဗျာ၃ပုဒ်ကုံး
ကဗျာစဉ်(၁)
ယာဉ် ကဗျာဒဏ္ဍာရီ
[၁]
သင့်မယုံလည်း၊
သင်ယုံသောခါ၊ ဤကဗျာသည်၊
စီးလှာမျက်ရည်၊ စမ်းစမ်းစိမ့်လိမ့်တကား။ ။
[၂]
သွယ်ခိုင်မြင့်သွန်း၊ ရေတံခွန်လည်း၊
ငွေကွန်ဇာနား၊ လှိုင်းပန်းပွားနှင့်၊
ကျောက်သားတောင်ခြေ၊ ပဲ,ယာ,ခွေတည့်၊
သဲမြေဂွမ်းနု၊ ပုလဲဥလည်း၊
အဖုအထစ်၊ အရစ်ရစ်လျှင်၊
သစ်မြစ်လမ်းလျှောက်၊ ဟောင်းလောင်းပေါက်နှင့်၊
အညှောက်စို့စို့၊ ထွားထွားစို့တည့်။
အို့... ဘယ်သူ့ခြေရာ၊ ဘယ်သူလာ၍၊
ဘယ်မှာသို့လျှင်၊ ခရီးနှင်လိမ့်၊
သမင်ရေသောက်၊ ကျားလည်းဟောက်ပေါ့၊
ရှေ့နောက်ဝန်းချာ၊ မျှော်လေရာကား၊
ကိုင်းဖြာယှက်ကုပ်၊ ကျွန်းအုပ်ညိုညို၊
ဟီးလေးခို၍၊ မယှုနေခြည်၊
နှင်းရည်မခ၊ ဤဒေသသည်၊
ကျောက်ဝကနုတ်၊ ရဲတိုက်တည်း။ ။
[၃]
ကျွန်းအုပ်ပိတ်ဖုံး၊ လမ်းအဆုံးကား၊
ပွတ်လုံးကျောက်တိုင်၊ ပန်းခိုင်ပန်းခက်၊
နွှယ်ခြင်းယှက်မျှ၊ စွမ်းထက်ပညာ၊
ဗိသုကာ၏၊ လက်ရာစစ်စစ်၊
အမွေနစ်တည်၊ ခွေရစ်သွယ်အိမ်၊
ကြောင်လိမ်လှေခါး၊ ကျောက်ဖြူသားလည်း၊
တိမ်ပါးသို့လု၊ ဘယ်နှုယ်ထုပါ၊
ပန်းပုကျွမ်းကျင်၊ မျှော်စင်,မျှော်ခမ်း၊
အလင်းလမ်းတည့်၊ လက်ရမ်းလည်းကျောက်၊
မှခ်အိုးကျောက်လျှင်၊ သခင်မရှိ၊
မှောင်အတိမို့၊ အသိမမြင်၊
ဘယ်သို့ထင်ရ၊ ကြာလျှင်ရွံ့ကြောက်၊
တစ္ဆေခြောက်လိမ့်၊ ကွေ့ကောက်ခြေဆင်း၊
ကျောက်သလင်းလမ်း၊ ပြာနှမ်းနှမ်းလည်း၊
လခြမ်းရထား၊ နှုတ်ခမ်းပါးကို၊
စောင့်စားနေဟန်၊ ထီးထီးကျန်သည်။
မညံဆိတ်ဆိတ်-သာတကား။ ။
[၄]
အို.... နားထောင်စမ်းပါ၊ ဤအခါဝယ်၊
လွှင့်လှာလေတွင်၊ ရှိုက်သံထင်၏၊
တံဇင်ရိတ်သံ၊ ဗျာတ်စောင်းသံလို၊
သံညှုလည်းရော၊ သံချိုနှော၍၊
အတောမသတ်၊ လှိုင်းခြင်းထပ်မျှ၊
ကြွေပြတ်သည်ဆိုင်၊ ဗျာဝှန့်လှိုင်သူ၊
ညှာခိုင်ဖြူထား၊ မယှိတပါးသည်၊
ကြောက်အားလည်းမွန်၊ စိုးရွံ့လွန်၍၊
အားသွန်စိုက်စိုက်၊ ခေါင်းမှေးငိုက်ကာ၊
ကြေးဝါသံနှောင်၊ အကျဉ်းထောင်၏၊
အမှောင်မြေခမ်း၊ ကျောက်ခါးပန်းကို၊
တစမ်းဝါးဝါး၊ ကုပ်ဖဲ့ကျားကန်၊
အားမတန်ရှင့်၊ မဟန်တော့ပိုင်၊
ခွေပြတ်ယိုင်မှ၊ လက်မှိုင်ညှိုးလျ၊
သက်ပြင်းချပြီး၊ ‘တောက်’ခေါက်ပြီးနှင့်၊
ရှိုက်ကြီးတငင်၊ မျက်ရည်ယှဉ်သည်၊
ပါးပြင်ပြည့်နွေးစီးသတည်း။ ။
[၅]
မျက်ရည်အိုင်ထွန်း၊ ငိုရလွန်း၍၊
ပြည့်ရွှန်းရူပါ၊ ကြော့ရုပ်ဝါလည်း၊
နံ့သာပြင်လွှင့်၊ ညှိုးလျော်ရင့်တည့်၊
ကစဉ့်ကလျား၊ ဆံဦးဖွားလည်း၊
လှုပ်ရှားလှိုင်းတွန့်၊ လွှန့်၍ဖွာလျား၊
လေနှင့်ပါ၏၊ ဘဇာတွက်ကြောင့်၊
တအောင့်မနား၊ မျက်ရည်များရှင်၊
လှကေသွင်သည်၊ ပဲ့တင်သည်းထန်၊
ငိုရဖန်လိမ့်၊ ညိုစိမ့်နက်မှောင်၊
ကြော့မျက်တောင်ဝယ်၊ တောက်ပြောင်ပုလဲ၊
တွဲရရွဲခို၊ ရှင်းရှင်းစိုတည့်၊၊
အငိုရပ်သော်၊ ရှိုက်သံပေါ်လှာ၊
ဂယက်ဖြာရှင့်…။
ကြေင်းရာစေ့ငုံ၊ သည့်ဖြစ်စုံကို၊
ကြေးမုံသဘွယ်၊ စမ်းရေစွယ်မှ၊
ပုန်းကွယ်တိုးလျှိုး၊ နွမ်းနယ်ညှိုးသည့်၊
အမျိုးညံ့သား၊ သူဖုန်းစားမူ၊
မျက်ဝါးထင်ထင်၊ နေ့ဆက်မြင်သည်၊
သဇင်ကြွေမည်-စိုးယောင်ယောင်တကား။ ။
[၆]
လဝန်းငွေအိမ်၊ ထွန်းညှိချိန်ဝယ်၊
မြူတိမ်ဂွမ်းဆက်၊ ယက္ကန်းယှက်၍၊
လျောင်းစက်ကျွန်းအုပ်၊ မှောင်မှာမြုပ်သော်၊
တပုဒ်ထံတျာ၊ တေးကဗျာကား၊
ဗျတ်လွှာစောင်းရှင်၊ နုတ်ဦးလွှင်မှ၊
ပိယဝါစာ၊ မြည်လှာသဲ့သဲ့၊
လွမ်းလှိုင်းဖွဲ့ရှင့်၊ သဲနွဲ့လေးလေး၊
သံအေးပိုပို၊ သံချိုနုနု၊
သံညုရစ်နှောင်၊ ညှို့လှာယောင်တည့်၊
အမှောင်တဝက်၊ လရောင်ပက်ဆမ်း၊
သဲဖြူလမ်းဝယ်၊ ထမ်းငြားဗျတ်စောင်း၊
ညိုမောင်းမောင်းကို၊ လက်ချောင်းညွှတ်တင်၊
လွမ်းကြိုးငင်သည့်၊ လုလင်ယောက်ျား၊
သူဖုန်းစားသည်၊ နှင်းဖွားဖြိက်ဖြိက်၊
ကျောက်ရဲတိုက်မှ၊ ရှိုက်သံကြားရာ၊
ပြူးတင်းလွှာသို့၊ မျှော်ကာရုပ်တန့်၊
လည်တိုင်ဆန့်င်း၊ ရင်တွင်းပြည့်ကြပ်၊
ထားရှိအပ်သည့်၊ ကိန်းဝပ်မေတ္တာ၊
ဂရုဏာနှင့်၊ ကြင်နာသနား၊
သောစိတ်များသည်၊ သည်းခြားရင်ဆိုင်၊
ဖူးပွင့်ခိုင်… သည့်၊
ပင်တိုင်နွဲ့နှောင်း-မသိခေါင်ခေါင်တကား။ ။
[၇]
သည်အခါသော်၊
ငွေလှော်ပြည့်လှိုင်း၊ လစက်ဝိုင်းလည်း၊
သင်တိုင်းတိမ်လွှာ၊ မြူပုဝါတွင်၊
ချိတ်ငင်တွဲလွှဲ၊ လုတဲတည့်၊
နှင်းဖွဲဝေ့သွန်၊ ကျောက်သလွန်ခံ၊
ရဲတိုက်ယံလည်း၊ ရှိုက်သံဖုံးလွှမ်း၊
ပြည့်ခမန်းတည်း၊ သဲလမ်းခြေစွယ်၊
သစ်ရိပ်ကွယ်ကား၊ လှုပ်ရှားတဖန်၊
ငြိမ်ပြန်ခဏ၊ တည်မရတည့်၊
ဝဲလှည့် ယာပြောင်း၊ တစေ့စောင်းလျှင်၊
ခြောက်မြောင်းဆိတ်ငြိမ်၊ မတင်းတိမ်နိုင်၊
ပင့်သက်လှိုင်၏၊ ရင့်ခိုင်ယောက်ျား၊
နှလုံးသားလည်း၊ မြစ်ဖျားခံကာ၊
ယိုစိမ့်လှာသည့်၊ မေတ္တာနှိုးဆောင်၊
ပင့်ကူနှောင်ဝယ်၊ ညီတွယ်ရစ်ပတ်၊
အထပ်ထပ်ကြောင့်၊ စောင်းဗျတ်လက်စွမ်း၊
ညှိုးလက်စမ်း၍၊ နှုတ်ခမ်းဖွင့်ဟ၊
လှိုင်းရွရွှဖြင့်၊ ရူပကလျာ၊
ကြော့ရုပ်ဝါသို့၊ ခွန်းသပို့သည်၊
တစ်ဆို့သံတုန်-အက်အက်တကား။ ။
[၈]
“အို…ပင်တိုင်စံဦး၊ မီးရှူးတန်ဆောင်၊
လှမှူးခေါင်ငဲ့၊ လွမ်းနှောင်ရိပ်ခြည်၊
ဘယ်ခင်းမည်ကြောင့်၊ မဆည်လှိုက်လှိုက်၊
လောင်မိုးမြိုက်လျှင်၊ တရှိုက်လွမ်းလွမ်း၊
တတမ်းတတ၊ ငိုပါရလိမ့်၊
သင်ကခွင့်ပြု၊ ငါယခုပင်၊
သက်လှဆံဖျား၊ စွန့်စားစိတ်သန်၊
သစ္စာနှံ၏၊ ဘေးရန်ဘယ့်လောက်၊
တောင်နှယ်မောက်လည်း၊ မကြောက်တွန့်တွန့်၊
မရွံ့ယိုင်ယိုင်၊ ကြံ့ကြံ့ခိုင်အံ့၊
ပင်တိုင်ကသာ၊ နှုတ်လွှာသွက်သွက်၊
ခွန်းမိန့်မြွက်…။” ဟု၊ ကွဲအက်ပွင့်အံ၊
နှလုံးယံမှ၊ စောင်းသံကိုဖောက်၊
အကြိုထောက်သော်၊ တယောက်အားငယ်၊
ပုလဲသွယ်ခင်၊ မျက်ရည်ရှင်လည်း၊
ဆံပင်ဖျားလျား၊ လက်ဝါးနှင့်သုတ်၊
ရှိုက်သံရုပ်၍၊ အမှတ်တမဲ့၊
စောင်းငှဲ့ညှင်းသာ၊ ပြတင်းလွှာမှ၊
ငံ့ကာစေ့စေ့၊ မျှော်ပါချေ့သော်၊
တကွေ့လမ်းမြှောင်၊ ပြုပြုမှောင်သည့်၊
လရောင်မှုံမှုံ၊ ဂမုန်းချုံဝယ်၊
နွမ်းနွယ်ညှိုးပါး၊ သူဖုန်းစားကို၊
စောင်းညှိပိုက်ချီ၊ မျက်ရည်လည်ဖြင့်၊
တေးသီးဖွဲ့ငင်၊ ရေးရေးမြင်သည်၊
ပြုံးချင်နိုင်နိုင်-မချီလောင်လောင်တကား။ ။
[၉]
ပြုံးချင်နိုင်နိုင်၊ မပြုံးနိုင်သား၊
ကျောက်တိုင်တံတိုင်း၊ ဝန်းကာဆိုင်းသည့်၊
အုပ်ဆိုင်းယှက်ဖြာ၊ ယက်မလွှာမှ၊
မြင်ရသဏ္ဍန်၊ မဲမဲဟန်ကား၊
နွမ်းပါးကိုယ်ရည်၊ ဝတ်ထည်ညစ်ထွေး၊
အဖါထေးနှင့်၊ အသွေးအရောင်၊
မတောက်ပြောင်ရှင့်၊ ကြွေလွင့်ရွက်ဝါ၊
သို့ပမာလျှင်၊ မြင်ကာမျှဖြင့်၊
သိနှင့်ခြားနား၊ ‘သူဖုန်းစား’ဟု၊
လှုပ်ရှားဟန်ပန်၊ မျတ်စောင်းသံကြောင့်၊
စိုးနှောင့်မဆည်၊ သောမျက်ရည်လည်း၊
မိုးစည်ကဲဝှန်၊ မတန့်သွန်လျှင်၊
လူ့ကျွန်စေပါး၊ စောင်းသမားသို့၊
ခွန်းအားကုန်ညှပ်၊ စကားဖြစ်ရုံ၊
ကြာနှုတ်ငုံဖြင့်၊ သဲမုံသဲ့သဲ့၊
နွမ်းယဲ့ယဲ့လျှင်၊ လွမ်းဖွဲ့မဆုံး၊
ပန်းနှယ်ကုံးသည်၊
နှလုံးခုန်သံ-ညက်ညက်ဘကား။ ။
[၁၀]
“အို…မေတ္တာရှေ့ထား၊ စကားဆိုလှာ၊ ၏
ဒွန်းစဏ္ဍာငဲ့၊ သင်နဲ့ငါကား၊
ဘဝအားဖြင့်၊ ခြားနားသီခေါင်၊
မှတ်ချက်
ကဗျာက ရှည်လို့ အပိုင်းလိုက်သာ တင်ပြပါမယ်။ မနေ့က စပါတယ်။ ဆက်ပါဦးမယ်။
ဒေါက်တာတင့်ဆွေ











































Comments
Post a Comment