ဆောင်းလအခါ ကြယ် ကြည်၍ကောင်းသည်၊ နွေအခါ မင်းလွင်မြူးထ၍ ကောင်းကင် မှုန်မှိုင်းသည်။ မိုးအခါ မိုးသား ထိမ်လိပ် ရှိ၍ ကောင်းကင် ပိတ်ဆိုင်းသည်။ ဆောင်းတွင်း ညဉ့်ကာလသည်ကား၊ နှင်းလည်းကင်း၊ မြူလည်းကင်း၊ တိမ်လည်းရှင်းသဖြင့် ကြယ်ကြည့်ဖို့ ကောင်းသည်။
နောက်တကြောင်းမှာလည်း၊ ဆောင်းလတွင် ပေါ်သော ကြယ်တို့တွင် ကြယ်ပြောင်းများ ပါဝင်သည်။ သာမန်မျက်စိဖြင့် မြင်စကောင်းသော ကြယ်ပေါင်း ခြောက်ထောင်လောက်တွင် အတောက် ပြောင်းဆုံးဖြစ်သည့် သင်္ဘောပဲ့ကြယ်သည် ဆောင်းလကြယ်တခုဖြစ်သည်။ ဒုတိယ အတောက်ပြောင်းဆုံး ဖြစ်မည့် အာဏီကြယ်သည်း ဆောင်းလကြယ်ပင်ဖြစ်သည်။ ဟင်္သာ ဇလုတ်ကြယ်၊ လိပ်ခြေကြယ် (Rigel, သင်္ဘောချက်ကြယ်၊ အဒြနက္ခတ်၊ ရောဟဏီကြယ်ပြောင်၊ သင်္ဘောဦးကြယ် (Pollux) တို့သည် လည်း ကြယ်ပြောင်းစာရင်းတွင် ပါဝင်သော ဆောင်းလကြယ်ပြောင်တို့ဖြစ်သည်။ အဝခေတ်တွင် ထင်ရှားသော စာဆိုကျော်ပုဂ္ဂိုလ်တဦးဖြစ်သည့် အသျှင်အဂ္ဂသမာဓိသည် ဤဆောင်းလ ကြယ်များကို အတော်စုံစုံလင်လင် ကြည်ရှုလေ့ပုံရသည်။ ဘယ်ကြောင့်ဆိုသော် နေမိမဂ္ဃစိုးခန်းပျို့ အပိုဒ်-၇ တွင် ဘုရား ပုထိုးများပေါများသည်ကို ဖွဲ့ဆိုရာ၌ ဆောင်းလကြယ်ကို ဥပမာအလင်္ကာအဖြစ် သုံးစွဲခဲ့သောကြောင်း ဖြစ်ပေသည်။
ပုထိုးသွယ်သွယ်၊ ဆောင်းလကြယ်သို့
စာဆိုတတဦးသည် တခုခုနှင့် ခိုင်းနှိုင်း၍ ဥပမာ အလင်္ကာရေးလိုသည် ဆိုပါကမိမိ အလွန်စွဲလမ်းနှစ်သက်သော တခုခုကို အသုံးပြုလေ့ရှိသည်။ ဤတွင်လည်း အသျှင်အဂ္ဂသမာဓိသည် ဤထုံးအတိုင်း ရေခဲ့ပုံရပါသည်။ ဆရာတော်ဖွဲနွဲ့လိုသော ဘုရားပုထိုးတို့သည် ဆောင်းလကြယ် ကဲ့သို့ ဖြစ်သည် ဆိုရာ၌ ဆောင်းလကြယ်ကဲ့သို့ အရောင်တောက်ပ ပြောင်းလက်သည်ဟူ၍ ခိုင်းနိုင်းချက် ၂-ခုကို ပေါ်ပြလိုခြင်းဖြစ်မည်ထင်သည်။ ဤသို့ အရေးအတွက်အားဖြင့်လည်းများသော၊ အရည်အခြင်းအားဖြင့်လည်း တောက်ပြောင်းသော ဆောင်းလကြယ်တို့ကို ဆရာတော့်နည်းတူ ကျွန်ုပ်တို့ ရှာဖွေကြည့်ရှုနိုင်ပါသည်။
ယခင်လက ငွေတာရည်မဂ္ဂဇင်းတွင် ကြယ်တို့၏ အသွေးအရောင် ဆောင်းပါး၌၊ လိပ်ကြယ်ကို ဗဟိုပြုကာ ကြယ်အများကို ကျွနိုပ်ညွှန်ပြခဲ့ပါသည်။ ယခုဆောင်းပါးနှင့်အတူ ဖော်ပြလိုက်သော ကြယ်ပုံတွင် လိပ်ကြယ်ကို ရှာကြည့်ပါ။ ထို့နောက် ကောင်ကင်တွင် လိပ်ကြယ်ကို ကြည့်ပါ။ လိပ်ကြယ်ကို တွေ့လျှင် ပတ်ဝန်းကျင် ကြယ်တို့ကို ရုပ်ပုံအတိုင်း ရှာဖွေ၍ အမည်မှည့်ကြည်နိုင်ပါပြီ။ ထိုသို့ ကြယ်များကို ရှာဖွေသောအခါ ရှေးဆရာများ နည်းနာနယအတိုင်း နက္ခသံပေါက်များကို ကျက်မှတ်ရွတ်ဆို၍ ရှာလျှင် ရှာရလွယ်၊ မှတ်ရလွယ်ပါသည်။
အောက်ပါသံပေါက်တို့ကို နှုတ်တက်ဆောင်ထားလျှင် သံပေါက်နှင့်အညီ ကြယ်တို့]လုံးရေကို ရှာလို့ရပါသည်။ ရသည် မရသည်လည်းရှိသည်။ မည်သို့ပင်ဖြစ်စေ နက္ခတ်ကိုကား တွေ့မြင်နိုင်ပါသည်။ အတွင်းတာရာများနှင့် ရာသီပုံကြယ်စုတို့ကိုလည်း ရှာဖွေကြည့်ရှု မှတ်သားကြပါ။
၁။ ကြတ္တိကာကြယ်၊ ခုနစ်သွယ်၊ ကြယ်ငယ်စုသလို။
၂။ ဆယ်လုံးအညီ၊ ရောဟဏီ၊ တူပြီ ငါးကြင်းဆို၊
၃။ မိဂသီမှာ၊ သုံးလုံးသာ၊ ဝေါဟာ လိပ်ခေါင်းဆို။
၄။ လိပ်လက်ခေါ်ကြ၊ အဒြ၊ ဧက တလုံးဆို။
၅။ ပုဏ္ကဖုသျှု၊ ငါးလုံးပြု၊ နိုင်တုသင်္ဘောလို။
၆။ ငှက်ချေး၊ ခံသွင်၊ ဆယ်လုံးပြင်၊ ခေါ်တွင် ဖုသျှဆို။
၇။ အသလိဿ၊ လေးလုံးရ၊ တူမျှခက်ရင်းလို။
၈။ ကြယ်မာဃမှာ၊ လေးလုံးသာ၊ တူစွာ သံကောက်လို။
(မင်းသုဝဏ် )
ဒေါက်တာတင့်ဆွေ
Comments
Post a Comment