Skip to main content

ခြင်္သေ့ကြီး မျက်လုံးနီ, စကားပုံ အဖွင့်

 

(တက္ကသိုလ်တင်အေး)

စကားပုံ ဝတ္ထုပုံပြင်များ ၅၃

၁၇။ ။ ခြင်္သေ့ကြီး-မျက်လုံးနီ။

လွန်လေပြီးသော နှစ်ပေါင်းများစွာက ပေါက္ကံရာမခေါ် ပုဂံပြည်ကြီးသည် လူနေအိမ်ခြေများပြားလျက်၊ စည်ကားသာယာစွာ ရှိ၏။ ပုဂံနေပြည်တော်အတွင်း ညောင်ဦးမြို့အနီးရှိ တန်ခိုးကြီးမား ထင်ရှားလှသော ရွှေစည်းခုံစေတီတော်၏မုခ်တွင် ခြင်္သေ့ရုပ်ကြီး ၂-ခု ထုလုပ်ထားရှိ၏။

တနေ့သော်- ခြင်္သေ့ကြီး မျက်လုံးနီလျှင် ပုဂံပြည်ကြီး ပျက်စီးလတံ့- ဟူ၍ တဘောင်စကား ဖြစ်ပွား ပေါ်ပေါက်လာလေသည်။

ထိုတဘောင်စကားမှာ တစတစ တယောက်က တဦးသို့ ဆင့်ကူးပြောကြားကြလေရာ မကြာမီပင် ပုဂံပြည်တလုံးသို့ လွှမ်းဖုံး ကျော်ကြားသွားလေ၏။

ပုဂံပြည်သူ ပြည်သားများလည်း ထိုတဘောင် စကားကိုသာ နေ့စဉ်ပြောကြား ဆွေးနွေးကြပြီး တိုင်းပြည်ကြီးပျက်သည့်အခါတွင် လွယ်လင့်တကူ လုံခြုံရာသို့ ပြေးရှောင် ပုန်းလျှိုးနိုင်ရန် အထု ပ်အပိုးများပင် အသင့်ပြင်ဆင်ထားကြ၏။

ပုဂံပြည်ကြီးပျက်စီးချိန်ကို အမြှဲနားစွင့်ယင်း နေ့စဉ်နံနက်တိုင်း ခြင်္သေ့ကြီး၏ မျက်လုံးကို လာရောက် ကြည့်ရှု သူတို့ မှာလည်း များပြားလှ၏။

ခြင်္သေ့ကြီးနှင့် မနီး မဝေးတွင် ဘုန်းတော်ကြီး ကျောင်းတကျောင်းရှိရာ ထို

ကျောင်း၌ ဖိုးသူတော် တယောက်လည်းနေ၏။

ဖိုးသူတော်သည် နေ့စဉ်နံနက်တိုင်း ခြင်္သေ့ကြီးသို့ လာရောက် ကြကာ မျက်လုံးနီသော မနီသော သိလိုဇောဖြင့် ဝိုင်းအုံကြည့်ရှုကြသူ လူထုကြီးအား ငေးစိုက်လျက်- အကယ်၍ ပုဂံပြည်ကြီး ပျက်စီး ပါက ဤလူများ မည်သို့ ဖြစ်ချိမ့်မည်နည်း၊ အခြေအနေ မည်သို့ ပြောင်းလဲလေမည်နည်း- ဟု မြှော်တွေးယင်း- ခြင်္သေ့ကြီးမျက်လုံးနီလျှင် အကယ်ပင် ပုဂံပြည်ကြီး ပျက်- မပျက်၊ တဘောင်စကား မှန် မမှန်- စုံစမ်းသိရှိလိုစိတ် ပေါ်လာလေသည်။

သို့ကြောင့် လူသူအသွားအလာ ကင်းရှင်းတိတ်ဆိတ်ချိန် ဖြစ်သည့် တခုသော ညဉ့်သန်းကောင်ယံတွင် ဖိုးသူတော်သည် ခြင်္သေ့ရုပ်ကြီးသို့ လှေကားထောင်၍တက်ကာ မျက်လုံးကို အနီရောင်ဆေးများ သုတ်လူးပြီး ပြန်ဆင်းလာလေသည်။

နံနက်မိုးသောက် အလင်းရောက်သော် ဖိုးသူတော်သည်ခြင်္သေ့ကြီး၏ မျက်လုံးကို လာရောက် ကြည့်ရှုကြသူလူများအား တနေရာမှ စောင့်စား၍ အရိပ်အခြေကို အကဲခတ်နေလေသည်။

မကြာမီ ကျောင်းသို့ ဆွမ်းအုပ် စောစောလာပို့သော လူတယောက်သည် ခြင်္သေ့ကြီးကို လှမ်းမြှော် ကြည့်လိုက်ရာ မျက်လုံးနီနေသည်ကို တွေ့သဖြင့် ဆွမ်းအုပ်ကိုပစ်ချပြီး 

“ခြင်္သေ့ကြီး- မျက်လုံးနီနေပြီ၊ တိုင်းပြည်ကြီး ပျက်ပါပြီ” 

ဟု အဆက်မပြတ် ဟစ်အော်ကြွေးကြော်ယင်း ပြေးလေသည်။

ထိုအသံကိုကြားလျှင် ပုဂံပြည်တခုလုံး အုံးအုံးကြွတ်ကြွတ်ဆူပြီး ခြံဦးတည့်ရာသို့ ပြေးကြ လွှားကြ၊ အော်ကြဟစ်ကြ၊ ငိုကြွေးကြလျက် ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။

ထိုအခါမှ ဖိုးသူတော်သည် ပြေးကြ လွှားကြသော လူများအား 

“ခြင်္သေ့ကြီး မျက်လုံးနီသည်မှာ မိမိ ဆေးသုတ်ထားသောကြောင့်ဖြစ်ပါသည်။ တကယ်မျက်လုံး နီခြင်းမဟုတ်၍ ကြောက်စရာမလို၊ တိုင်းပြည်လည်း မပျက်နိုင်ပါ” 

ဟု ဆီးတား ပြောဆိုလေ၏

သို့သော်လည်း လူအုပ်ကြီးကား ဖိုးသူတော်၏စကားကို နားမဝင်ဘဲ ပြေးမြဲ ပြေးကြကုန်၏။

ဖိုးသူတော်လည်း အားမလျှော့ဘဲ၊ ဆက်လက်ပြီး လာသမျှ လူအုပ်ကြီးအား အကျိုးအကြောင်း ပြောဆို ဆီးတားနေစဉ် တစထက်တစ များပြားလှသောလူအုပ်ကြီးသည် ဖိုးသူတော်ကိုမရှောင် နိုင်ဘဲ တိုးဝှေ့ တိုက်ခိုက်မိလေသည်။

ဤတွင် ဖိုးသူတော်မှာ လူအုပ်အကြားတွင်ပင် လဲကျ သွားလေ ရာ မရှောင်နိုင် မထိန်းနိုင်သော လူအုပ်ကြီး၏ နင်းမိခြင်းကို ခံရရှာ ပြီး ခန္ဓာပျက်သုဉ်း သေဆုံးရလေသတည်း။

ဤပုံပြင်ဖြင့် “ခြင်္သေ့ကြီး-မျက်လုံးနီ” ဟူ၍ စကားပုံ ဆိုထုံးတရပ် ပေါ်ပေါက်လာလေသည်။

နီတိ

ဤပုံပြင်ကို၊ ဆင်ခြင်မြှော်တွေး၍၊ အရေးပြဿနာ၊ ကြုံတွေ့လာ လျှင်၊ ပညာနှင့်ချင့်၊ ဥာဏ်လွှာဖွင့်လျှက်၊ ယုံသင့်မှယုံရာ၏။ ကျင့်ပုံ မလျော်၊ မသင့်တော်သော၊ ပျက်ချော်အမှု၊ အကျိုးမဲ့ပြုသဖြင့်၊ လူထုတရပ်လုံး၊ အုံးအုံးကြွက်ကြွက်၊ တိုင်းပြည်ပင်ပျက်ရကြောင်း၊ ထုံးဟောင်းကို စံယူပြီး၊ မသူတော်စရိုက်ဆိုး၊ ပျက်ချော်ချော် အမှု မျိုးကို၊ တစိုးတစိ၊ မပြုမိလေအောင်၊ သတိနှင့်ရှောင်ကြရာသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ