Skip to main content

Pad Kra Pao "ဖတ်ကဖောင်း" မူရင်းအမည်

ဖတ်ကဖောင်း ဟု ရေးသားလေ့ရှိကြသော ထိုင်းဟင်းလျာ၏ မူရင်းသတ်ပုံနှင့် အမည်ရင်းမှာ Pad Kra Pao (ผัดกะเพရာ) ဖြစ်ပါသည်။

Pad (ผัด) - အကြော် / ကြော်ထားသော

Kra Pao (กะเพรา) - ပင်စိမ်း (Holy Basil)

မြန်မာပြည်တွင် ကြက်သား၊ ဝက်သား သို့မဟုတ် အမဲသားတို့နှင့် တွဲဖက်၍ "ဝက်ပင်စိမ်း"၊ "ကြက်ပင်စိမ်း" ဟု အလွယ်တကူ ခေါ်ဆိုကြပါသည်။

ထိုင်းစတိုင် ဝက်သားပင်စိမ်းကြော် (Pad Kra Pao)

ဝက်နုတ်နုတ်စဉ်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပင်စိမ်းရွက်တို့ဖြင့် အလွယ်တကူ မြန်မြန်ဆန်ဆန် ကြော်ချက်နိုင်သော အရသာရှိလှသည့် ဟင်းလျာတခွက် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကြက်ဥကြော်၊ ထမင်းပူပူတို့နှင့် တွဲဖက်သုံးဆောင်လေ့ရှိကြသည်။

ပါဝင်သော ပစ္စည်းများ

ဝက်နုတ်နုတ်စဉ်း - ၄၅၀ ဂရမ် (၁ ပေါင်)

ပင်စိမ်းရွက် - ၁ ခွက်ခွဲ (ကျပ်ကျပ်သိပ်သိပ်) (ပင်စိမ်းနီ သို့မဟုတ် အခြား ပင်စိမ်းရွက်ဖြင့် အစားထိုးနိုင်သည်)

ငရုတ်သီးစိမ်း - ၃ တောင့်မှ ၅ တောင့် (ပါးပါးလှီးထားပါ၊ အစပ်ကြိုက်သလို လိုတိုးပိုလျှော့ လုပ်နိုင်သည်)

ကြက်သွန်ဖြူ - ၅ တောင့်မှ ၇ တောင့် (ဓါးပြားရိုက် သို့မဟုတ် ပါးပါးလှီးထားပါ)

ကြက်သွန်နီ/နီလေး - ၁ ဥမှ ၂ ဥ (ပါးပါးလှီးထားပါ)

ဟင်းသီးဟင်းရွက်ဆီ - စားပွဲတင်ဇွန်း ၃ ဇွန်း

ငံပြာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း

ပဲငပိရည် (ပဲငံပြာရည်အကြည်) - စားပွဲတင်ဇွန်း ၁ ဇွန်းမှ ၂ ဇွန်း

ပဲငံပြာရည်အပျစ် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ခရုဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း

သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ပြုတ်ရည် သို့မဟုတ် ရေ - ဖန်ခွက် ၃ ပုံ ၁ ပုံ

တွဲဖက်ရန် - ကြက်ဥကြော် နှင့် ထိုင်းမွှေးထမင်း (စိတ်ကြိုက်)

ပြုလုပ်နည်း

၁။ အမွှေးအကြိုင်များ ဆီသတ်ပါ - ဒယ်အိုးပြန့် သို့မဟုတ် ဒယ်ကူအိုးကို မီးအသင့်အတင့်ဖြင့် အပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးတို့ကို ထည့်၍ မွှေးလာသည်အထိ စက္ကန့် ၃၀ မှ ၆၀ ခန့် လှော်ပေးပါ။

၂။ ဝက်သားထည့်ကြော်ပါ - မီးကို ပြင်းပြင်းအပူပေးလိုက်ပြီး ဝက်နုတ်နုတ်စဉ်းများကို ထည့်ပါ။ အသားဖတ်များ မခဲဘဲ ကြေသွားအောင် စေတနာပါပါ မွှေပေးပါ။ ဝက်သားကျက်၍ အနည်းငယ် ကျက်ရောင်သန်းလာသည်အထိ ၃ မိနစ်မှ ၅ မိနစ်ခန့် ကြော်ပါ။

၃။ အရသာများ ထည့်ပါ - ငံပြာရည်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အပျစ်၊ ခရုဆီ နှင့် သကြားတို့ကို ထည့်ပါ။ ဝက်သားထဲ အရသာနှံ့စပ်သွားအောင် သေချာမွှေပေးပါ။

၄။ ရေဆုတ်အောင် ချက်ပါ - ကြက်ပြုတ်ရည် (သို့မဟုတ် ရေ) ထည့်ပေးပြီး ဒယ်အိုးတွင် ကပ်နေသော အရသာများကို အထက်အောက် သမအောင် မွှေပေးပါ။ အရည်အနည်းငယ် ခန်းသွားသည်အထိ ၁ မိနစ်မှ ၂ မိနစ်ခန့် ချက်ပါ။

၅။ ပင်စိမ်းရွက် ထည့်ပါ - မီးပိတ်လိုက်ပြီး ပင်စိမ်းရွက်များကို ထည့်မွှေပါ။ ပင်စိမ်း၏ အနံ့နှင့် အရသာ မပျောက်ပျက်စေရန် အရွက်များ နွမ်းရုံမျှသာ ခဏမျှ မွှေပေးရပါမည်။

၆။ သုံးဆောင်ပါ - ပူပူနွေးနွေး ထမင်းပေါ်သို့ ဆူးခင်းပြင်ဆင်ပြီး စိတ်ကြိုက် ကြက်ဥကြော် တလုံး တင်၍ သုံးဆောင်နိုင်ပါသည်။

မူရင်းအရသာအတိုင်း ရရှိစေရန် အကြံပြုချက်များ

မီးပြင်းပြင်းဖြင့် ကြော်ပါ - မီးပြင်းပြင်းဖြင့် မြန်မြန်ဆန်ဆန် ကြော်ပေးခြင်းက ဒယ်အိုးအနံ့အသက် (wok hei) ကို ပိုမို ရရှိစေပါသည်။

ပင်စိမ်းရွက် ထည့်သည့် အချိန် - ပင်စိမ်းရွက်၏ စိမ့်စမ်းသော အနံ့ရသာ မပျောက်စေရန် မီးပိတ်ပြီးမှ နောက်ဆုံးမှ ထည့်ပါ၊

အစပ်နှုန်း ချိန်ညှိပါ - စပ်လွန်းသည်ဟု ထင်ပါက ငရုတ်သီးအစေ့များကို ဖယ်ထုတ်နိုင်ပြီး အစပ်ကြိုက်ပါက ပိုထည့်နိုင်ပါသည်။

အသားအမျိုးအစား ပြောင်းလဲနိုင်ပါသည် - ဝက်သားအစား ကြက်သားနုတ်နုတ်စဉ်း၊ အမဲသား သို့မဟုတ် တိုဖူးတို့ဖြင့်လည်း အစားထိုး ကြော်ချက်နိုင်ပါသည်။

အသီးအနှံများ ထည့်နိုင်ပါသည် - အရသာနှင့် အာဟာရ ပိုမိုစုံလင်စေရန် ငရုတ်ပွ၊ ပဲထောင့်ရှည် သို့မဟုတ် မှိုတို့ကိုလည်း ထည့်သွင်း ကြော်ချက်နိုင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ