ထမင်းစားပီးပီလား။ ထမင်းစားပြီးပြီလား။ ဘယ်ဟာအမှန်ပါလည်း။ ဆရာ။
ပြီး နဲ့ ပီး
ဆေးကျောင်းရောက်ချိန်လောက် မန္တလေးကိုမဏ္ဍိုင်ပြုပြီး စကားပြောသလို စာရေးနည်း ထွန်းကားလာတယ်။ လူထုတိုက်ကစာတွေ၊ ဒေါက်တာသန်းထွန်းစတဲ့ ဆရာတွေကလည်း ပြီး အစား ပီးလို့ ရေးလာကြတယ်။ အဲလိုဆရာတွေ ရေးခဲတာတွေကို လိုက်မပြင်ရပါ။
ခေတ်သစ် ပီး
နေမကောင်းလို့မေးတာတွေမှာ ပြီ ကို ပီ၊ ပြီးကို ပီး၊ ပါပြီ ကို ပါပီ၊ ဖြစ်ကို ဖစ်လို့ ရေးကြတာတွေ မနည်းပါ။ မှန်တယ်လို့ မထင်ပါ (မထင်ပါ)။ ပါပီဆိုတာ ခွေးကလေး။ စကားပြောသလိုစာရေးနည်းလည်း မဟုတ်ပါ။ ထမင်းစားပြီးပြီလို့ စာနဲ့ ရေးတယ်။ စကားပြောရင် ထမင်းစားပီးဗြီလို့ ပြောတယ်။ ပီးပီလို့ မပြောပါ။ ပီဘီ လို့ရေးတာက တဖက်လူကိုလည်း မလေးစားရကျတယ်။ ပီပီ ဆိုရင် ဘောလုံးပွဲ ခရာမှုတ်တာလား တွေးစေမယ်။ ဘီ ပါတိုင်း ဆရာဝန်က အသည်းရောင်ဘီပိုး နဲ့ သွေးအုပ်စုဘီတို့ကို ခေါင်းထဲရောက်တယ်။ အဲဒါက စကားပြောတာ၊ စာရေးတာ မဟုတ်။ အသံဖိုင်မှာတော့ အသံမှန်အတိုင်း ပြောရပြီး စာရေးရင် စာလိုရေးရမယ်။
ပြီ
တန်ပြီ၊ တော်ပြီ၊ တတ်ပြီ၊ မှန်ပြီ၊ ဟုတ်လှပြီ၊ မွဲး (မွဲ) ပြီ၊ ချမ်းသာပြီ၊ များလေပြီ၊ အချိန်သင့်ပြီ၊ ပြီးပါပြီ၊ ကောင်းပြီ၊ သွားလေပြီ၊ စကားပြီပြီသသ။
ပြီး
ပြီးစီးသည်၊ ပြီးဆုံးသည်၊ ပြီးပါပြီ၊ ပြီးငြိမ်း၊ ပြီးပြတ်၊ ပြီးမြောက်၊ ဓါးလှံသေနပ် (သေနတ်) ပြီးသည်၊ အပြီးအစီး၊ အပြီးတိုင်အောင်၊ ပြီးပြီးပျောက်ပျောက်၊ ထိုသို့တပြီးကား၊ မပြီးမခြင်း၊ ပြီးအောင်လုပ်၊ ပြီးပြည့်စုံသည်။
ပီ
ပီလောပင်၊ ပလောပီနံ၊ ပီသသည်၊ ပီပီသသ၊ ပီပြင်သည်၊ ပီပီပြင်ပြင်၊ ယောက်ျားပီသသည်၊ မိန်းမပီပီ။
ကျွန်တော်တို့ ငယ်ငယ်က မုံရွာမှာ ရုပ်ရှင်ခဏခဏကြည့်တယ်။ ရုပ်ရှင်အစမှာ နိုင်ငံတော်အလံတော်ကို မတ်တတ်ရပ် အလေးပြုရပြီး ဇာတ်ကားအဆုံး ပြီးပါပြီစာတန်းထိုးမှ ကြမ်းပိုးကိုက်ခံထားရတဲ့ ထိုင်ခုံကနေ ထပြန်တယ်။ ပြီးပါပြီသတ်ပုံကို အလွတ်ရနေတယ်။ ဒဏ်ဇာတ်ကားကြည့်ပြီး ဒဏ်ရေးတာ ဘယ်တော့မှ ရေးချမပါ။
တယ်လီဗီးရှင်းပေါ်စကာ ၁၄ လက္မ၊ ကာလာတီဗွီလေးတလုံးကို အင်တာနာအစုံနဲ့ ဝယ်လာတယ်။ ပိုက်လုံးထိပ်မှာ အင်တာနာဆင်ပြီး ဖွင့်ပါတယ်။ လိုင်းက တော်တော်နဲ့ ရှာမရပါ။ ဟိုလှည့် သည်လှည့်။ ပျားအုံကို တုတ်ထိုးသလို ရွစိရွစိတွေသာမြင်ရတယ်။ တနာရီလောက်ကြာတော့မှ ထင်ထင်ရှားရှား ပေါ်လာပါတော့တယ်။ ပြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ပြီးပါပြီတဲ့။
သံဝေဂရစရာ ပုံလေးတခုမှာ တဘဝပြီးပြီ တဲ့။ အလွန်ကောင်း၊ အလွန်မှန်တယ်။ မြန်မာစာ သတ်ပုံမှန်ခေတ် တဘဝပြီးပြီလော။
ဒေါက်တာတင့်ဆွေ





Comments
Post a Comment