Skip to main content

မြန်မာစာ နေကောင်းပါစေ

ဆေးကျောင်းအတူတက်တဲ့ သူငယ်ချင်းတယောက်က ဆုတောင်းတယ်။ နှစ်သစ်မှာ စစ်မက်ကင်းပါစေတဲ့။ သူက ယူကရိန်းမှာနေသူမဟုတ်။ သူငယ်ချင်းဆရာဝန်တယောက်ကလည်း ဆုတောင်းတယ်။ ကျန်းမာပါစေတဲ့။ လူမြင်တိုင်း လူမမာလို့ ထင်မှတ်နေသူ။ သူ့ဆေးခန်း စည်ကားတော့မည် မဟုတ်။

မီဒီယာထဲက မိတ်ဆွေတဦးကလည်း လာမဲ့နှစ် တို့နှစ်တဲ့။ ပြက္ခဒိန် အသစ်ဝယ်လာပုံရတယ်။

တချို့က အသင့်လုပ်ပြီးသား ဆုတောင်းစာတွေ ပို့ကြ တင်ကြတယ်။ တဝက်လောက်ကတော့ စာလုံးပေါင်း သတ်ပုံ မမှန်။ အန္တရာယ်ရေးတာ မှား။ ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးရခဲ့သလား မသိ။

ချမ်းမြေ့ဆရာတော်ဘွဲ့အမည်နဲ့စာ တနှစ်လို့ ရေးတာ မှန်တယ်။ တချို့ သတ်ပုံမမှန်တဲ့ စာတွေမှာ ဆရာတော်တွေ ကိုယ်တိုင်ရေးသားတာ ဟုတ် မဟုတ် ပြောမရ။ တင်တဲ့သူတွေက ထင်ရာ ရေးကြတာ များတယ်။ 

လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ မင်းကွန်းဆရာတော်၊ တောင်မြို့ဆရာတော် ဘွဲ့အမည်တွေပါတိုင်း အဲဒီဆရာတော်တွေ ရေးတာ မဟုတ်လောက်။

သခင်ကိုယ်တော်မှိုင်း၊ ရွှေဥဒေါင်း၊ လူထုဦးလှ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ မင်းယုဝေ၊ ငွေတာရီ၊ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည် (အများကြီး) တို့ ကလောင်အမည်တွေပါတိုင်းလည်း သတ်ပုံမှားနေရင် တင်တဲ့သူတွေက မှားကြတာ။

နှစ်သစ်မှာ မြန်မာစာအတွက် ဆုတောင်းစာ ခုထိတော့ မတွေ့သေး။ ဆောရီးပါ ကျန်းမာရေးမကောင်းလှတဲ့ မြန်မာစာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ