ကြည်စွာဘဝင်နှလုံး ရွှင်ပြုံးမြေ့တာ ယနေ့သာတိုင် မေ့ပါနိုင်ရက်
တသက်သက်စိတ်ထဲမှာ မျှော်ကာတွေး ငေးမိအခါခါ။
အင်းယားကန်အပါး လျှောက်ကာသွား အနားယူသောတနေ့မှာ
ယဉ်စွာယဉ်စွာ ဆင်ယင်ထုံးဖွဲ့ပြုံးလဲ့လဲ့ချစ်စရာ
သစ်လာသည့်ပန်း လန်းတဲ့ပုံပမာ
တက္ကသိုလ်ကျောင်းသူတဦး ချစ်ကြည်နူးစရာ လှပကြော့ယဉ်စွာ။
တပတ်လျှို ဆံထုံးကြော့မှာ တပွင့်ပန်းပန်လာ
ရှုကာငေး နုဝါအသွေး လက်ရှည်ထူထူလေးဝတ်ကာ
ကြက်သွေးနီနီ ထမီပန်းခက် ယဉ်သထက်ယဉ်စွာ
နက်မှောင်ကတ္တီပါ လှပယဉ်ကျေး ပုံတော်လေးနဲ့ပါ။
မြန်မာဆန်ဆန် အနောက်ဟန်မနှော မဖောက်ပြန်သော သဘောထား ဝတ်စားတန်ဆာ
ရှုတိုင်းယဉ် အဆင်ပြေစွာ အချိုးကျကျ လှပလို့ချစ်စရာ
တွေ့ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူတဦးပါ။ ။
ပို့ပေးသူ ကျေးဇူး။
တက္ကသိုလ်ကျောင်းသူတဦး - ဗိုလ်ကလေးတင့်အောင်၊ စန္ဒရားအောင်ဝင်း https://www.youtube.com/watch?v=5YLTRisiyLA
တက္ကသိုလ်ကျောင်းသူတဦး (ရေး ဗိုလ်ကလေး တင့်အောင် / ဆို ကိုမင်းနောင်) https://www.youtube.com/watch?v=gQWRSagfR3g
တွေ့သမျှ စာအုပ်တွေ စာတွေထဲမှာ တက္ကသိုလ်ကျောင်းသူတဦးလိုက်ရှာတာ မတွေ့ပါ။ ၂၀၁၈ ခုနှစ်အလည်ပြန်တော့လည်း တက္ကသိုလ်ကျောင်းသူတဦး ရှားတယ်။ တယောက်မျှ မတွေ့ခဲ့ပါ။ မရှိတော့တဲ့ တက္ကသိုလ်ကျောင်းသူတဦး ကောင်းရာမွန်ရာ ရောက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment