Skip to main content

မဲဇာတောင်ခြေ ရတုပိုဒ်စုံ

မဲဇာတောင်ခြေဘွဲ့ ပတ်ပျိုးနဲ့ မတူပါ။

(၁)

မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောစည်က၊ ရွေပြည်ကိုသာ၊ တရှာတော့မိ၊  မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးစေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊  ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇဗ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စရွေ့ရေသော်၊ ရွှေစေတီကြီး၊  အသီးသီးတည့်၊ ပိတ်ဆီးချယ်သန်း၊ လျှပ်ရောင်တန်းမျှ၊  ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊  ဖူးမြော်ချင်၍၊  သည်တွင်ရွှေမြို့၊  သည်သို့စေတီ၊  သည်ဆီရွှေနန်း၊  ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။ ရွှေပြည်ဌာနဝေးသော်ကြောင့်။

(၂)

သဲသာသောင်မြေ၊  မြစ်ကမ်းခြေလည်း၊  အကြေတပြင်၊  တို့အောက်ခွင်ဝယ်၊ ရေရှင်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီး့ဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျှော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊  မခိုင်စိတ်ဝမ်း၊  နေ့တိုင်းလွမ်းရှင့်၊  ကင်းစမ်းတောင်က၊  လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ လေပြည်လာက အေးသော်ကြောင့်။

(၃)

ပွဲခါညောင်ရေ၊  သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေရူတော်နှင့်၊  ရှုတိုင်းတင့်သား၊  မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊  တတောင်လုံးမှိုင်း၊ စ ရွေ့ဆိုင်းသော်၊ ထောင့်တိုင်းယှက်ရွှေ့၊  ဝန်းကာဝှေ့သည်၊  တောင်ငွေ့ဝေဝေ၊  အထွေထွေနှင့်၊  လေလည်းရောရာ၊  မိုဃ်းမပါဘဲ၊ သန်ဝါဖြောက်ဖြောက်၊  ဆီးနှင်းပေါက်လည်း၊  မိုဃ်းလောက်ပြင်းထန်၊  သွန်းချပြန်သော်၊  ယုဂန်ထင်ရှား၊တောင်တော်ဖျားက၊  ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွမ်းချိန်နေ၊ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တ လျက်မြည်သည်။ ။ နေခြည်ဖြာမှ နွေးသော်ကြောင့်။ (လက်ဝဲသုန္ဒရအမတ်ကြီး)

- ရွှေပြည်ဌာန တစ်ရှာကြ၏။

- လေပြည်လာက တစ်ရှာကြ၏။

- နေခြည်ဖြာမှ တစ်ရှာကြ၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...