လေးနှစ်ကြာ မသုံးဘဲထားရတဲ့ အကောင့်အဟောင်းတခုကို ပြန်သုံးနေရတယ်။
ဖေ့စ်ဘွတ်က ခဏခဏပျက်တာ အကြိမ်ရေ မနည်းတော့ပါ။ အကြာဆုံးသုံးနေတာကို ရက်ပေါင်း ၁၈၀၊ မွမ်းမံပြန်သုံးတဲ့ အဟာင်းတခုကို ၂၉ ရက်၊ နောက်အဟောငး်ဆုံးတခုကို ပြန်သုံးတာ ၂၄ နာရီနေတော့ ၂၄နာရီပိတ်၊ ပြန်ရလို့ ၁၂ နာရီလောက်သုံးပြီးတော့ နောက်ထပ် ၂၄ နာရီပိတ်သတဲ့။ အဲဒါကို နောက် ၂ နာရီနေရင် ပြန်ရမယ်။ ဒါပေမဲ့ ကမ္မသကာ။
အဲဒါမှာ ဖရင်းက ၁၀ ယောက်သာရှိလို့ ထပ်ထည့်ပါတယ်။ အများစုကတော့ ဟိုအရင်ကတည်းက ဖရင်းရီကွက်စ် လာထားတာတွေကို လက်ခံရတာ။ အသစ်တွေလည်း ပါတယ်။ အခုစာရေးနေချိန်မှာ ဖရင်း ၂၂၈၈ ယောက်ရှိသွားပြီ။
တခါနဲ့တခါ ဖရင်းတွေက မတူပါ။ ကြာကြာသုံးခွင့်ရတဲ့နေရာမှာ အချိန်ကြာလာတော့ အထာသိသူတွေသာ များတယ်။ အသစ်တွေထဲမှာတော့ အကျိုးအကြောင်း မသိသူများတယ်။ သတင်းတွေ၊ ပုံတွေ၊ ဆုတောင်းစာတွေ ပို့ကြတယ်။ မပို့ပါရန်လို့ အကြိမ်ပေါင်းများစွာ တင်ပြထားပြီးသားကို မသိကြသူတွေ။
ဖုန်းဆက်ကြတယ်။ ဖုန်း၊ အသံဖိုင်၊ ဗီဒီယို မဖွင့်ပါလို့ အကြိမ်ပေါင်းများစွာ တင်ပြထားပြီးသား။ ဆုတောင်းစာ၊ တရားစာတွေက သတ်ပုံမမှန်တာများတယ်။
အဘ၊ ဦးလေး၊ အကို စသဖြင့် အမျိုးစပ်ခေါ်ကြတယ်။ ဆရာဝန်လို့လည်း သိကြပုံမရ။ အကြိမ်ပေါင်းများစွာ တင်ပြထားပြီးသား။ အဘိုးအိုအရွယ်လို့လည်း မသိဘူးလား မပြောတတ်။
တချို့က ဟိုင်း၊ ဟယ်လို၊ ဘာလုပ်နေသလဲ၊ ဘယ်မှာနေလဲ စတာတွေမေးကြတယ်။ မဖြေအားပါ။ ပုံလှလှလေးနဲ့ အကောင့် ဖွင့်ထားသူတွေက အဲလိုမေးကြတယ်။ ဖရင်းစာရင်းကနေ ဖျက်ရတယ်။
ဖေ့စ်ဘွတ် လူပင်လယ်ကြီးထဲမှာ လူတွေက အမျိုးမျိုး။ လူသစ်တွေထဲမှာ တလေးတစားရှိသူတွေ၊ ပညာသုတကို တန်ဖိုးထားသူတွေလည်းပါတယ်။ စာကိုမှန်အောင်ရေးတတ်သူဦးရေလည်း အရင်နေရာတွေထက် ပိုများတာသိသာတယ်။ ကောင်းတယ်။
တနေ့မှာတော့ ရှေ့နောက်မညီတဲ့ စည်းကမ်းတွေကြောင့် ဖေ့စ်ဘုတ်နဲ့ လမ်းခွဲရနိုင်တာလည်း သိပါတယ်။
ဖေ့စ်ဘွတ်ကို ပေါ်စကည်းက သုံးပါတယ်။ အခက်အခဲ မရှိခဲ့ပါ။ သတိထားမိသလောက် ပြဿနာလုပ်တာ ၂၀၁၈ ခုနှစ်ကနေ စတယ်။ အစမှာ လင့်တွေကို ရန်ရှာတယ်။ နောက် ဆေးပညာစာနဲ့ဆိုင်တဲ့ ပုံတွေကို ရန်လုပ်တယ်။ နှာခေါင်းသွေးထွက်တဲ့ပုံ၊ တနှစ်သားကလေး အူကျတဲ့ပုံတွေကြောင့် ပိတ်ပင်ခံရတယ်။
အခု ဖေ့စ်ဘုတ်အုပ်ချုပ်သူများက ဘာကို ပြဿနာလုပ်နေသလဲ မသိပါ။ တယောက်တမျိုးတော့ ပြောကြတာဘဲ။ သေချာ မသိပါ။
ပိတ်ထားတုန်းမှာ ကွန်မင့် ရေးမိရင်လည်း ဒဏ်ထိသတဲ့။ လိုက်ခ် လုပ်မိရင်လည်း အပြစ်တဲ့။ ကောင်းတာလည်း မလုပ်ရဘူးတဲ့။ ပို့စ်တင်မိရင်လည်း အမှတ်လျှော့သတဲ့။ အတော် ဂွကျတယ်။ နားမလည်။
ကနေ့ ဖေ့စ်ဘုတ်မှာ ဆဲတာတွေ၊ သတ်ဖြတ်တာတွေ၊ အဝတ်အစားမလုံတာတွေ၊ မဖွယ်မရာတွေ၊ သတင်းမှားတွေ၊ ပုံအမှားတွေက ပန်းပန်လျက်ဘဲ။ အရပ်ဆေးနည်းတွေကလည်း ပလူပျံနေတယ်။
အကောင့်အမည် ဘိုစာလုံးတွေလည်း ပါတယ်။ မြန်မာပြည်နဲ့ ဆက်စပ်မှုမရှိသူတွေ ကို ပြန်ဖျက်ရတယ်။ ပေါ်လစီသတင်းတွေ၊ ပုံတွေလည်း မနည်းပါ။ စိစစ်ပြီးဖြုတ်ရဦးမယ်။ သူတို့အတွက်တော့ နေရာကောင်း ပေးထားပုံကျတယ်။
အခု အသစ်မှာ သတ်ပုံရေးရကောင်းလားဆိုပြီး ရန်တွေ့သူတွေ ပြန်ပေါ်လာပြန်ပြီ။ ဘလော့မယ်။
မြန်မာစာအကြောင်းကြောင့် အဲလိုရန်ရှာနေတာလားဆိုတဲ့ သံသယ ခိုင်မာသလို ဖြစ်ဖြစ်လာနေတယ်။
သုမနကျေမှာ ဒဏ်ရာတွေနဲ့။ မြန်မာစာလည်း တိုက်ပွဲဘဲ။ ကိုယ့်ဘက်မှာ အရေအတွက် နည်းတယ်။ အရာရာ မှန်တဲ့ဘက်မှာ အာဏာမရှိပါ။
ဖေ့စ်ဘုတ်ကို သုံးလို့မရတော့ရင် ဝဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာ ဆက်ရေးနေပါမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment