Skip to main content

ပွဲခင်းသာ (တင်မိုး)

နွားညီနောင် ရွှေခြူကုံးနဲ့

လူလုံးပြ ဟန်ရေးကြွယ်။

ရှစ်စထောင် လှည်းယာဉ်ကြော့နဲ့

ပွဲဝင်တော့မယ်။

မမလေး သေးသွယ်သွယ်

လိုက်မယ်ဆို နံ့သာသ

ခန်းဆောင်ကကြွ။

ဆံမြိတ်နွယ် ခိုတောင်ချနဲ့

လက်အပွ ပဒုမ္မာ။

သရက်ထည် ပွင့်ဝါရိုက်နဲ့

လိုက်ဖက်လှပါ။

ပြုံးတော့မဲ့ နွဲ့မူရာ

ပျူငှါလို့ ကြည်ဝင်း။

နွားညီနောင် ခြေကုန်သုတ်အောင်

ယောင်ကြီးရှင် ခါးပုံပြုတ်အောင်

ရုပ်ကကြော့ရှင်း။

ခေါင်းပေါင်းစ တထောင်ထောင်

အရီးလူ လှည်းအိုပျက်က

ပြုံးမျက်စလှောင်။

ဆောင်ပန်းအိမ် လကျာ်ကျက

ဗေါင်းစနဲ့ ပျိုတို့မောင်

ပြုံးယောင်ယောင် တိတ်တခိုး။   ။

ကွမ်းနုဝါ သူငုံလို့

ပန်းပုဝါ သူခြုံလို့

မလေးလုံ အရှက်ကြီးသူမို့

ထီးကာလို့မိုး။   ။

ဘုံကထိန် ဂုဏ်သိန်ဟည်း

စင်တော်ကြီး ရုပ်စုံမြိုင်

ပွဲအုပ်မနိုင်

သူကြီးကမှိုင်

ကျောင်းထိုင်က ညည်း

အုတ်ကျက်ကယ် ဆူညံနှင့်

စင်ဆော်သံ မိုးယံအုပ်

ပတ်တုတ်လို့တီး။   ။

သပြေညို ပင်ပျိုအုပ်မှာ

လှည်းဖြုတ်လို့ နေရာယူ

ပွဲကြည့်တူတူ

ဆောင်းလေကလူ

နှင်းမြူက အဝဲ။   ။

စောင်မြိတ်တို တထည်ထဲမို့

မောင့်ရွှေကိုယ် နံ့သာခဲနဲ့

လူပုံမှာ တူစုံနွှဲရတယ်

မေ့တတ်နိုင်ဘဲ။    ။ 

တင်မိုး (မန်းတက္ကသိုလ်)

ကဗျာမဂ္ဂဇင်း

မှတ်ချက် -

ကူးတင်ကြတာချို့ နည်းနည်းစီ လွဲနေကြတာ တွေ့တယ်။

‘တထည်’ လို့ ရေးတာကို ‘တစ်ထည်’ လို့ မပြင်ရပါ။

‘ဗေါင်းစ’ လို့ မောက်ချနဲ့ ပုံနှိပ်ထားတယ်။ ‘ဗောင်း’ လည်းမှန်ပေမဲ့ မပြင်သင့်ပါ။

‘ထဲ’ လို့ရေးတာကိုလည်း ‘တည်း’ လို့ မပြင်ရပါ။ ‘နှစ်ယောက်ထဲနေချင်တယ်’ သီချင်းလည်း ရှိတယ်။

ဆရာ ‘တင်မိုး’ က အဲဒီကာလမှာ ‘တင်မိုး (မန်းတက္ကသိုလ်)’ လို့ ကလောင်အမည်ယူခဲ့တယ်။ ကလောင်အမည်၊ အနုပညာအမည်မှန်သမျှကို ထင်သလို မပြင်ရပါ။

ပညာပိုင်းဆိုင်ရာမူပိုင်ခွင့် IPR ကို လေးစားလိုက်နာရတယ်။

ပုံပို့ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ