Skip to main content

အချိန်ကပြောသော ပုံပြင်

တခုသော မိုးဦးကျအခါတွင် ဖားမတကောင်သည် ရေအိုင်စပ်တွင် ဥများ ဥထား၏။ အချိန်တန်သော် ဖားဥများမှ အကောင်ငယ်များ ပေါက်လာပြီးလျှင် ရေကူးကာ ပျော်မြူးနေကြ၏။ ထိုအကောင်ငယ်များကို ငါးတို့ မြင်သော် ငါတို့ငါးအမျိုးတွေပါကလားဟု ဝါကြွားကြ၏။

ထိုအခါ ဖားမက ဤအကောင်ငယ်ကလေးများသည် ငါ၏ သားသမီးများ ဖြစ်ကြသည်။ ထို့ကြောင့် ငါးအမျိုး မဟုတ်၊ ဖားအမျိုးဖြစ်သည်ဟု ဆို၏။ ဤသို့ ဖားနှင့် ငါးတို့ အငြင်းအခုံဖြစ်ကြသဖြင့် ခုံသမာဓိဖြစ်သော ငါးကြီးတကောင်ထံ အဆုံးအဖြတ် ခံယူရန် သွားကြ၏။ ငါးကြီးကလည်း အကောင်ငယ်များသည် အမြင်အားဖြင့် ငါးကလေးများနှင့် တူသည်။ ရေကူး ကျင်လည်သည်။ ထို့ကြောင့် ငါးအမျိုးဖြစ်သည်ဟု ဆုံးဖြတ်၏။ 

ဖားမသည် ပညာရှိ ဖားကြီးထံ ချဉ်းကပ်၍ အကြံဉာဏ် တောင်းလေ၏။ ထိုပညာရှိဖားကြီးက အသင်ဖားမ ဘာမျှ မစိုးရိမ်နှင့်၊ စိတ်ချမ်းသာစွာ နေလော့။ အချိန်က ပြောလာလိမ့်မည်ဟု အားပေးစကား ပြော၏။

အကောင်ငယ်ကလေးများသည် ငါးအသွင်မှ တစတစ ပြောင်းလဲလာ၏။ ဖားတပိုင်း ငါးတပိုင်း ဖြစ်လာ၏။ အမြီးဘက်တွင် နောက်ခြေထောက်ကလေး နှစ်ချောင်းစီ ပေါက်လာကြ၏။ ထိုခြေထောက်များသည် တဖြည်းဖြည်း ရှည်၍ သန်မာလာကြ၏။ ဖားလောင်းကလေးများသည် ခြေဖြင့် ယက်နိုင် ကန်နိုင်လာကြ၏။ ခေါင်းဘက်တွင်လည်း လက်များထွက်လာသဖြင့် အင်္ဂါစုံလာကြ၏။ မကြာခဏ ရေပေါ်သို့ တက်၍ အသက်ရှူကြ၏။ အချိန်တန်သော် ဖားကလေးများ ဖြစ်လာကြ၏။

ဖားမသည် ထိုအခါကျမှပင် စိတ်ချမ်းသာရ၏။ ဖားကလေးများနှင့်အတူ မြက်ခင်းပြင်ပေါ်တွင် ခုန်ဆွခုန်ဆွ ကစားကြသည်။ ဖားပညာရှိကြီးပြောသော စကားသည် မှန်ပေစွ။

အချိန်ကပင် ဖားနှင့် ငါးကို ခွဲခြား၍ ပြောတော့သည်။ ။

"မိုးကြိုတေး"

ငွေမိုးရယ် ရွာပါတော့၊ ရေကြည် လိုလှပေါ့

တကျော့ နှစ်ကျော့ ထပ်ခါဆို၊ မြက်ခြောက် ဟစ်လို့ငို

တေးချိုးပါတဲ့ ကိုရွှေဖား၊ အုန်းအင် မြည်လို့ကြား

ပင်ဖျားထက်က ဖူးတံဖြာ၊ ပိတောက် မြဝတ်လွှာ

မိုးရွာပါမှ ရွှေလိုဝင်း၊ ရွာပေါ့ ခု ချက်ခြင်း။ ။

(၁၉၇၄ စတုတ္ထတန်း မြန်မာဖတ်စာ)

Amazon.com: FHYGJD Frog Rain Leaf Water Drops Art Print Canvas Poster,Home Wall Decor(24x36

ဒေါက်တာတင့်ဆွေ

Comments