ပုဂံမှာ နေချိုအေးပါဘိ
မိုးကလေး အုံ့ကာဆင်။
ဘုရားဖူးတွေဖြင့်
စိတ်ကူးယဉ်စွာနှင့်
သရပါ အဝင်ဝဆီ၌
မြင်ရသည် စေတီအိုနှင့်
ဘုရားပြို နီညိုမောင်းတွေကြောင့်
ခေတ်ဟောင်းကို ပြန်ကာလှစ်လို့ရယ်
တွေးသစ်ကြစဉ်။
အာနန္ဒာ ခြေတော်ဦးဆီ၌
ဆုထူးကို ပန်ရည်ဆိုပြီး
နေခိုကာ တထောက်လှမ်းပြန်တော့
ရည်မှန်းရာ စေတီစုံ၌
ဖူးမကုန် ရှုမခန်းပါဘဲ
ဇာတ်လမ်းတွေ ပညာခြယ်၍
အံ့စဖွယ် ရောင်ရှင်မှုန်းလေတဲ့
ရုပ်လုံးကြွ အလှတင်
တော်ဝင်ခဲ့ စံတနှုန်း။
လောကနန္ဒာ
တံတိုင်း သောင်ဧရာက
ထနောင်းပင် ခြေဝါမှ
ခဏတာ မျှော်ကာကြည့်ပြန်တော့
ပီတိရယ် ဆည်မကုန်ဘူး
နေမှုန်မှုန် ညရီယွန်းချိန်မှ
ပစ္စယာသီရိကွန်းဆီ၌
ပြန်လှမ်းကာ တမှိတ်မှေးသော်လဲ
အတွေးယဉ် တွေးမျှင်တန်းပြန်ပေါ့
လန်းရွှင်လို့ပြုံး။ (နုယဉ်)
(မြဝတီမဂ္ဂဇင်း၊ ၁၉၇၄၊ အောက်တိုဘာ၊ အတွဲ ၂၂၊ အမှတ် ၁၂။)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment