ကွန်မင့်တခု = သဒ္ဒါဆိုတာက သူတို့အတွက် အရမ်းအဆင့်မြင့်လွန်းနေပါလိမ့်မယ် ဆရာ။ သတ်ပုံတောင် မှန်အောင် မရေးတတ်ကြတဲ့သူတွေပါ။
ပြန်စာ
သဒ္ဒါဆိုတာ သူငယ်တန်းကတည်းက ပါတယ်။
သင်ခန်းစာ ၃ ခုကို နမူနာပေးပါမယ်။
ဖတ်စာ-၂၂
မခင်အေး၏ကြက်များ
မခင်အေးသည် ကြက်များကို အစာကျွေးနေသည်။ သင် ကြက်များကို အစာ ကျွေးဖူးပါသလား။ ကြက်များကို အစာကျွေးရသည်မှာ အလွန် ပျော်စရာကောင်း ပါသည်။
ကြက်များသည် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်းဆန်၊ ပုဇွန်ခွံနှင့် ခရုခွံမှုန့်များကို ကြိုက်နှစ်သက်ကြသည်။ ကြက်သောက်ရန် ရေသည် သန့်ရှင်းပါစေ။ ကြက်ခြံကိုလည်း သန့်ရှင်းစွာထား၍ မကြာခဏ ထုံးဖြူးပေးပါ။ ထိုသို့ ဂရုစိုက်နိုင်ပါမှ ကြက်များသည် ရောဂါကင်းရှင်း၍ ဥများများ ဥတတ်သည်။
တရွာလုံးတွင် မခင်အေး၏ကြက်များသည် ဥအများဆုံး ဥကြသည်။
- အလွန် = အရမ်း မဟုတ်ပါ။
- တရွာလုံးတွင် = တဝမ်းပူကို စ မသတ်ပါ။
ဖတ်စာ-၂၃
ရှေးဦးသူနာပြု
မနုသည် ရှေ့ဆောင်မယ်တဦး ဖြစ်သည်။ သူသည် ရှေးဦးသူနာပြုသင်တန်း တက်ထားဘူးသူ ဖြစ်သည်။
စနေနေ့က သူ၏ အိမ်နီးချင်း မပြုံးကလေး၏ လက်ကို ဓားရှာသည်။ မနုသည် မပြုံး၏လက်ကို ရေနွေးဖြင့် စင်စင်ဆေးပေးသည်။ ထို့နောက် ဆေးထည့်ပြီး ပတ်တီး သန့်သန့်နှင့် စည်းပေးလိုက်၏။ မကြာမီ မပြုံး၏ လက်အနာ ပျောက်ကင်းသွားသည်။
မပြုံး၏ မိဘများသည် မနုအား အလွန် ကျေးဇူးတင်ကြသည်။
- ရှေ့ဆောင်မယ်တဦး = တဝမ်းပူကို စ မသတ်ပါ။
- အလွန် = အရမ်း မဟုတ်ပါ။
ဖတ်စာ-၂၄
ရွာသာယာ
ကျွန်မတို့ရွာကို ရွာသာယာဟု ခေါ်ပါသည်။ ရွာ၏လမ်းများသည် သန့်ရှင်း၍ အိမ်များ ဆောက်လုပ်ထားပုံမှာလည်း စံနစ် ကျလှပါသည်။
ရွာ၏အရှေ့ဘက်တွင် ရွာဦး ဆုတောင်းပြည့်ဘုရားနှင့် ဘုန်းတော်ကြီးကျောင်း ရှိကြပါသည်။ ဆုတောင်းပြည့် ဘုရားပွဲတော်ကို နှစ်စဉ် ကျင်းပပါသည်။
ရွာ၏ အနောက်ဘက်တွင် ရေကန်ကြီးတကန် ရှိပါသည်။ ထိုကန်၏ ရေသည် ကြည်လင်၍ ရွာသူရွာသားများ သောက်သုံးနိုင်ကြပါသည်။
ရွာ၏ တောင်ဘက်တွင် လယ်များ ရှိပါသည်။ ထိုလယ်များသည် ဝါဝင်းလျက်ရှိသော စပါးများကြောင့် ရွှေရောင် တောက်နေပါသည်။
ရွာ၏မြောက်ဘက်တွင် သရက်တော ရှိပါသည်။ သရက်ပင်များပေါ်တွင် ကျေးငှက်များသည် ဘာသာဘာဝ ပျော်မြူးနေကြပါသည်။
ထိုမျှ သာယာလှသဖြင့် ကျွန်မတို့ရွာကို ရွာသာယာဟု ခေါ်ကြပါသည်။
- ရေကန်ကြီးတကန် = တဝမ်းပူကို စ မသတ်ပါ။
ကောက်ချက်
မူလတန်းပြီးတော့ အလယ်နဲ့ အထက်တန်းအဆင့်မြင်မြင်လာတယ်။
ဆိုရှယ်မီဒီယာမှာ ပို့စ်တွေတင်နေသူတွေထဲမှာ ဘွဲ့တခုခုတော့ရပြီးသူက များလိမ့်မယ်။ တချို့က မဟာဘွဲ့၊ တချို့က ပါရဂူ။
အတန်းပညာနဲ့ စာကိုမှန်အောင်ရေးတတ်တာ ထပ်တူမကျတဲ့ခေတ်က ကြာပြီ။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment