ရွှေဘိုမြို့မြောက်ဘက် ကျေးလက်တောရွာများမှ စတင်ပေါ်ပေါက်လာသောကြောင့် "မြောက်ဘက်သံ" ဟုသာခေါ်တွင်ခဲ့သည်။ နောက်ပိုင်းတွင်မှ တဖြည်းဖြည်း "လွမ်းချင်း" ဟုခေါ်တွင်လာသည်။
ကျော်ကြားသည့် လွမ်းချင်းစာဆိုများမှာ မဟာအတုလမင်းကြီးဦးဆောင်း၊ ဦးကြီး၊ ဦးကြင်ဥ တို့ဖြစ်သည်။
(၁)
ယဉ်ပေ့တောသူ
လေပြည်ငယ်သုတ်ပါလို့
ရွှေဘုတ်ကယ်အိုးအီ
အုံမှိုင်းငယ်ရီ
နေမီအောင် တခိုလှမ်းခဲ့ရ
ကောက်ငန်းက သူ့ပြန်ပုံမှာ
ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်
ပန်းဝင့်လို့ ရွာကိုဝင်
အမြင်ဆန်းပါဘိတယ်လေး။ ။
ညဉ့်ချမ်းရယ်နေရီ
ချိန်တော်မီ
ကေသီပန်းနှင့်
ရေခပ်လမ်းမှာ
စခန်းသင့်လို့
ထက်ဆင့်နီရောင်
ချည်စိမ်းပေါင်နှင့်
ယဉ်အောင်တောသူ
သနပ်ခါး ကွက်ပါးမှာကူလို့
အမူကြီးကမ်းကုန်ကို
ဘယ်မြို့ပုံ သာချင်သောရယ်လို့
ပြောကြမယ်လေး။ ။
စာဆို - ဦးကြီး
(၂)
ဆယ်အိမ်မင့် စည်းစိမ်
စည်းစိမ်ကြီးပါဘိ
ရုတ်သီးတောင့်ကိုင်
နှစ်ယောက်ကယ်ထိုင်
ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့်
ဖွယ်သစ်မြေအင်ရံလို့
ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်
ကြွက်နဖား ပုန်းရည်ကျိုသည်
အလိုဗျာ စားပုံတင့်ပါဘိ
ခေါင်းမင့်ဆယ်အိမ်ပေမို့
အခြေကြီးလှတောင်းကိုလေး။
စားသောက်ဖွယ်ရာ
ပြီးသောခါဝယ်
ရသာချမ်းငြိမ်
အခြင်မြေသက်
ပင်ထန်းရွက်နှင့်
ခေါင်ပျက်အိမ်တွင်
စည်းစိမ်ကြီးလျှင်
ခြေလိမ်တင်လို့
ခုတင်ကြမ်းပေါက်
သုံးချောင်းထောက်မှာ
မှောက်ချည် လှန်ချည်
အဆီရယ်ဖိန်း
မှိန်းတဲ့ချည်နှင့်
မကြည်သမ်းဝေ
ထည်မင်းပုံနေလိုက်တယ်
နွားရေပြန့် အပေါ်မှာ
ခေါင်းကတော်ကိုယ်တိုင်နှိပ်ခါမှ
သူအိပ်တယ်လေး။ ။
စာဆို - ဦးကြီး
(၃)
စပ်ဟင်းချို
တခါလေ လိုက်ခဲ့တော့
စရိုက်ကယ် ဘာသာ
တို့တောရွာမှာ
စားစရာ ဆန်ထမင်းမှာလ
မုရင်းနီတာနှင့်
သီတာရောတဲ့ ချိန်ကိုလေး။
စပ်ဟင်းချိုမူ
ယုန်ကို ပြက်ပြက်
ကင်ပလင်း ဂုံမင်းဖက်လို့
ငပျက်ကယ် ရောရီ
လောရွှေပီနှင့်
ပတီရုံးပြုံး စပ်ကာကျိုပြီးလျှင်
ဇီးချိုပင်ရိပ်သာမှာ
နှစ် မျက်နှာ ယှဉ်ပြိုင်ပြုံးလို့
သုံးရအောင်လေး။ ။
စာဆို - ဦးကြီး
ကိုးကား … …
၁။ မြန်မာကဗျာဖွဲ့နည်း (စိတ်ကြိုက်မြန်မာစာ) ၁၉၈၅
၂။ ဂန္ထဝင်ကဗျာများနှင့် ခေတ်ရှုထောင့် (ဦးအောင်နိုင် -ဝိဇ္ဇာဂုဏ်ထူး) ၁၉၆၇- ဇန်နဝါရီ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment