(ဆရာဇော်ဂျီ ကဗျာကိုဖတ်ပြီး ရေးပါတယ်။ ကန်တော့။)
သင်သေသွားတော်
သင်၏စည်းစိမ်
အိုးအိမ်ကျွဲနွား
စပါးထွက်လယ်
ဂျုံနယ်တလင်း
ပျိုခင်းတောင်ယာ
နောင်လာမျိုးဆက်
ဆထက်တိုးပွါး
ကြိုးစားကြပေမည်။
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာမှာ
ဇရပ်ဒကာ ကျောင်းဒကာကမ္ဗည်း
ရေးထိုးပြီးလျှင်
မြင်သူသာဓု ခေါ်စေသတည်း။
သင်ပြုကုသိုလ်
ထိုထိုထွေပြား
ကောင်းကားကောင်း၏
နှောင်းလူ အသိ
ပညာရှိအောင်
ကြံဆောင်ချက်ဟာ မပါသေးတကား။
ပေစာ၊ ကျမ်းထုပ်
စာအုပ်စာစောင်
နောက်လာလူရွယ်
အငယ်အကြီး
ဆည်းပူးစေငှာ
ရွာစာကြည့်တိုက်
ဆောက်လိုက်စေချင်
နေမဝင်သေးပါခင်ဗျား။
(မြန်မာပြည်သား ငွေကြေးတတ်နိုင်ကြသူများသို့)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment