လက်အုပ် – န / လက်အုပ် / လက်ဝါးနှစ်ဘက်ကို အတွင်း ဘက်ချင်းပူးကပ်ရှိ ထားသောလက်စုံ။ လက်အုပ်ချီ – ကြိ / လက်အုပ်ချီ / မြတ်နိုး လေးစားခြင်းကို ပြရန် လက်အုပ်ကို ပင့်မြောက်ခြင်းပြုသည်။ ကန်တော့သည်ဟု ရှိခိုးသည်။
သြကာသဘုရားရှိခိုးစာ မြန်မာ့စွယ်စုံကျမ်းမှာပါတယ်။ အတွဲ (၁၅)။
ဩကာသ ဘုရားရှိခိုး
ဩကာသ ဘုရားရှိခိုး။ ။ (ရတနာသုံးပါးအား ကန်တော့ရန်) “ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရှိသေမြတ်နိုး လက်အုပ်မိုး၍ ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။”
(ဆုတောင်းရန်)
“ဤသို့ ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရန်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။”
မှတ်ရန်
‘လက်အုပ်မိုး၍’ ဖြစ်ပါတယ်။ ‘လက်စုံမျိုး၍’ မဟုတ်ပါ။ အဓိပ္ပါယ်ကတော့ မကွာခြားလှပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment