ပုပ္ပါးတောင်က စကားဝါပန်းကို တနေ့ ဆယ်ခေါက်ခူးရသော ပန်းတော်ဆက် ဗျတ္တ၏ နှလုံးသည် အစဉ် သင်းကြိုင်နေပေလိမ့်မည်။ သူ့နှလုံးသားသည်ပင် စကားဝါပွင့် ဖြစ်နေပေလိမ့်မည်။
ဤ ပုဂံသူရဲကောင်း ဗျတ္တသည် တောင်ပေါ်က စကားဝါကို ပုဂံသူတို့အတွက် ခူးခဲ့သည်။ သူ့နှလုံးသား စကားဝါပန်းကို မည်သူ ခူးပါအံ့နည်းဟု တောင့်တမိပေလိမ့်မည်။ တောင်ပေါ်က ပန်းကို ခူးရန် လာခဲ့သော ပုဂံသူရဲကောင်း၏ အချစ်စကားဝါကို မယ်ဝဏ္ဏ ဘီလူးမ ပိုင်ပိုင် ခူးဆွတ်ခဲ့သတတ်။
စကားဝါ ယုံတမ်းတွင် လွှမ်းမပွယ် ဇာတ်လမ်း ပါခဲ့သည် အမှန်ပင်။ စကားဝါပွင့်တွင် အချစ်တော် အရောင်အဆင်း ဝင်ခဲ့သည် အမှန်ပင်။
အချစ်သည် လောက၏ အလှဆုံး ပန်းကလေးတပွင့် ဖြစ်သည်။ အချစ် အမှတ်အသားပါသော စကားဝါပန်းကလေးသည်လည်း အလှဆုံး ပန်းကလေးတပွင့်သာတည်း။
စိတ်ကူးယဉ် လောက၌ ပွင့်သောပန်း မှန်၏။ သို့ရာတွင် စိတ်ကူးယဉ်ပန်းပွင့်မဲ့သော လောကသည် မည်မျှ အကျည်းတန် မည်နည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment