"ဥပုသ်သည်"
ဥပုသ်စရပ်မှာ ယနေ့ အမေ ဥပုသ်စောင့်ပါသည်။ တရုပ်စကားပင်ရင်းတွင် အမေသည် မျက်စိမှိတ်၍ ပုတီးစိပ်နေပါသည်။ ဥပုသ်စရပ်ဆောင် အနီးတွင် တရုပ်စကားပင်များ ပေါက်ရောက် နေရာ တသင်းသင်းနှင့် ဖြစ်ပါသည်။
အမေသည် နိဗ္ဗာန်ကို အာရုံပြုပေလိမ့်မည်။ သံယောဇဉ်ကြီးကို တရားနှင့် ဖြတ်တောက်ရန် ဆင်ခြင် အားထုတ် ပေလိမ့်မည်။ အမေ၏ နှုတ်ဖျားတွင် အနိစ္စဒုက္ခအနတ္တဟူသော လက္ခဏာရေး သုံးပါးသည် ဆင်းချည်တက်ချည် ပြုနေပေလိမ့်မည်။ ဝါတွင်း ဥပုသ်နေ့တိုင်း အမေသည် ဤသို့ ပုတီးစိပ်မြဲ လက္ခဏာရေးသုံးပါး ဆင်ခြင်မြဲတည်း။
နေရီသောအခါ အမေ အိမ်ပြန်လာပြီ။ ကျောင်းသင်္ခဏ်းမှ အပြန် အမေ့ကိုယ်နံ့သည် ပန်းနံ့၊ သင်းလျက်ရှိသည်။ သူ့စိတ်သည် နိဗ္ဗာန်သို့ လျှောကာ််စင်၍ တက်ခဲ့ဟန်တူသည်။အိမ်တွင် သားငယ် သမီးငယ်တို့သည် အမေ ခြေသံကို ကြားရသောအခါ ဝမ်းသာအားရ ခုန်ပေါက်ကြိုဆိုကြသည်။ တနေ့လုံး အမေ ကိုယ်နှင့် ဝေးခဲ့ရ၍ စိတ်နွမ်းနေရှာသော ကလေးငယ်တို့သည် အမေ့ပါးပြင်ကို ဖက်ရမ်း နမ်းရှုံ့ကြသည်။ အမေ၏ မျက်နှာသည် ပြုံးပြုံးကြီးနှင့် ကရုဏာရောင် သန်းနေလေ၏။
အထွေးဆုံးကလေးငယ်သည် အမေ့လက်မှ ပယင်းပုတီးကိုယူ၍ ဆွဲကြီးဆင်ကာ ကခုန်နေလေ၏။
"ကြင်နာခြင်း"မျက်လွှာချထားအပ်သော ရဟန်းသာမဏေတို့သည် ရွာတွင်းသို့ ဝင်လာကြပြီ။ မနက်ခင်း နေရောင်ခြည်သည် သင်္ကန်း ရွှေရောင်တို့နှင့် ဟပ်လျက် တရွာလုံး အလင်းရောင် ထိန်ထိန်ဝိုးခဲ့ပြီ။ ငှက်ကလေးတို့၏ တေးသံသည်လည်း သန္တရသကို ဆောင်လေ၏။
ကော့ရှင်းသော မျက်တောင်နှင့် မိန်းမပျိုသည် အညိုရောင် တာက်ကို ပခုံးထက်၌တင်လျက် ကျော့ရှင်းသော ဆွမ်းအိုးကို လောင်းလှူ ပူဇော်လေသည်။ အိမ်အသီးသီးမှ ဆွမ်းနှင့် သစ်သီးတို့ကို ရဟန်းသာမဏေတို့အား လောင်းကြလေသည်။ သံသရာမှ ထွက်မြောက်လိုသော ဆုကိုနှုတ်မှ တောင်းကြကုန်၏။
ဆင်းရဲရှာသော အမယ်အိုသည် မိမိ၏ စားဦး စားဖျားများကို တတ်အားသမျှ လှူဒါန်းရန် ပြောင်းဆွမ်းကို စလောင်းဖြင့် ခူးခပ်လေ၏။ ပြောင်းဆန်၏ မွှေးကြိုင်သောရနံ့သည် အမယ်အို၏ သဒ္ဓါစိတ်ကို အားကောင်း ထက်သန်စေတော့သည်။အမယ်အို၏ စိတ်တွင် နတ်ဘုံ နတ်နန်းကို မမြင်မိ။ ဆွမ်းစားကျောင်းတွင် မိမိ၏ မွှေးကြိုင်သော ပြောင်းဆန်ကို မြတ်ရှုစွာ ဘုန်းပေးတော်မူမည့် အစားအနေ ဆင်းရဲလှရှာသော မိဘမဲ့ သာမဏေငယ်ကလေးကိုသာ မြင်မိ၏။
အမယ်အို၏ ပီတိကား အဆုံးမရှိပြီ။
"အမည်မသိ ပန်း၊ အမည်မသိ စေတီအို"
မိုးဖွဲကလေး တပြိုက် နှစ်ပြိုက် ကျလျက်၊ တိမ်တိုက်ကလည်း မညို့တညို။ ဝါဆိုပန်းခူး ထွက်ကြသည်။
တောစပ်တွင် အလေ့ကျ ပန်းကလေးများ တဖွေးဖွေးနှင့်။ သူတို့၏ အမည်သည် မထင်ရှားလှ။ နန်းသုံးပန်းများကဲ့သို့ စာဖွဲ့ခံ ပန်းကလေးများ မဟုတ်။ အညတြသာတည်း။ ဤအညတြ ပန်းကလေးများကို ရှိသည်ဟုပင် အမှတ်မပြုမိကြ။
သို့သော် သူတို့သည် ဝါဆိုမှီပွင့်နေကြ၏။ စေတနာကောင်း မွေးကြ၏။ တေးကဗျာတို့ဖြင့် အရေးတယူ ဖွဲ့ဆိုခံရသော်လည်း ဝမ်းနည်း အားငယ်ခြင်းမရှိ။ အချိန်တန်လျှင် တောစပ်တခုလုံး ဖွေးနေအောင် ပွင့်ကြလေတော့သည်။
ဝါဆိုပန်းခူးသူတို့သည် တောပန်းကလေးများထံသို့ ဝမ်းသာအားရ ရောက်လာကြ၏။ ဤပန်းကလေးများထံသို့ ကောင်းသော လာခြင်းဖြင့် လာကြ၏။ ပန်းမည်၊ ချွေမည်ဟူ၍ သဘောမထား၊ ဗုဒ္ဓအတွက် ပူဇော်ရန်အလို့ငှါ ရည်သန်ကြကုန်၏။ ပန်းကလေးတို့လည်း ဝမ်းမြောက်ဝမ်းသာနှင့် ပန်းခူးသူတို့လက်တွင် လိုက်ပါကြလေသည်။
ထို့နောက် တောရကျောင်းအနီးရှိ စေတီဘို တဆူရှိရာသို့ ဝါဆိုပန်းကပ်သူတို့ တပျော်တပါး တစုတဝေး သွားကြ၏။
စေတီအိုမှာ ရွှေလည်းမဝင်း၊ တန်ဆောင်းလည်းမရှိ။ မျက်နှာငယ်ဖွယ်ပေတည်း။
အညတြ ဝါဆိုပန်းကလေးတို့ကား လူသူမသိရှာသည့် အညတြစေတီအိုအား ဝါဆိုပန်း ခူးခွင့်ရသဖြင့် အကျေနပ်ကြီး ကျေနပ်ကြကုန်၏။
သူတို့၏ အလှဖြင့် အစွမ်းကုန် ပူဇော်ပါအံ့။
ပိတောက်မှ သရဖီသို့ (တင်မိုး)




Comments
Post a Comment