Skip to main content

ကိုယ့်အပြစ်ကိုယ်မမြင်၊ သူများအပြစ်ကိုသာ မြင်တတ်ခြင်း

“ပုစွန်နှိုက်သည့် ဆရာဘုန်းကြီးသည်၊ ငါးမျှားသည့် ကိုယ်ရင်တပည့်ကို ဆိုးမသကဲ့သို့”

“ကိုရင်ကြီး ပြောင်းဖူးခိုးချိုးနေတာကို ငါးမျှားနေတဲ့ ဖိုးသူတော်ကမြင်သတဲ့”

ရှေးရှေးတုန်းက …

ရွာတရွာမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးကိုလုပ်ကျွေးပြုစုနေတဲ့ ဖိုးသူတော်တပါး ရှိခဲ့ဖူးတယ်။ တချိန်မှာတော့ ဖိုးသူတော်ဟာ တောရကျောင်းသို့ အပြန်လမ်းတခုမှာ ပြောင်းဖူးခင်းတခုကို ဝင်ကာ ပိုင်ရှင်မရှိဘူးအထင်နဲ့ ပြောင်းဖူးခိုးပြီး ချိုးယူပါတယ်။ ပြောင်းဖူးမချိုးခင် အတွင်းကအစေ့အဆန် အောင်မအောင်သိရအောင် အပေါ်ယံအကာအရွက်ကို နွှာလှန်ကြည့်တဲ့အခါ အဆန်မပါအစေ့ မအောင်တဲ့ ပြောင်းဖူးတွေကိုသာတွေ့ရတာမို့ စိတ်ညစ်ညစ်နဲ့ဖိုးသူတော်က “ဒီပြောင်းဖူးအခင်းပိုင်ရှင်ဟာ ညံ့လှချည်လား၊ အလကားလူဖျင်းပဲ။” 

အဲဒီအခါ ပြောင်းဖူးခင်းထဲကို၀င်နေတဲ့ ပြောင်းဖူးခင်းပိုင်ရှင်ကကြားတော့ မခံချင်တာနဲ့ 

“အလို ဦးသူတော်ရယ် သူတပါးကို အရမ်းအပြစ်တင်မစောလိုက်ပါနဲ့၊ တပည့်တော် အလုပ်အကိုင်ညံ့ဖျင်းလို့ ပြောင်ဖူးမကောင်းတာမဟုတ်ရပါဘူး အခင်းထဲကမြေကိုလည်း နည်းနည်းလောက် ငုံ့ကြည့်စမ်းပါဦး၊ ဒီလောက် ပက်ကြားအပ်တွေ ကွဲထနေတဲ့ မြေပေါ်မှာ ဘယ်လိုပြောင်းဖူးက ကောင်းနိုင်ဦးမှာလဲ”

လို့ ပြန်လည်လျှောက်ထားပါတယ်။

အဲဒီအခါဖိုးသူတော်က အောက်ကို ငုံ့ကြည့်လိုက်ပြီး 

“ဟုတ်ပါ့ကွာ၊ ဒကာပြောမယ်ဆိုလဲပြောစရာပဲ။ ပက်ကြားတွေအက်ကွဲနေတာကလည်း ဧရာ၀တီမြစ်ရဲ့ဟိုးဘက်ကမ်းနဲ့ဒီဘက်ကမ်းလောက် ကျယ်တယ်၊ မြေကလည်း ဒီလောက် ညံ့ရသလား”

လို့ မြေကြီးကို အပြစ်ဆိုတဲ့အခါ …

မဟာပထဝီမြေကြီးက ထပြီး အားကျမခံ 

“ဒီမှာ ဖိုးသူတော် .. မတရားမပြောပါနဲ့ မြေကွဲတာကိုပဲ အပြစ်တင်နေတယ်၊ မိုးမရွာတာကိုတော့ မပြောဘူး၊ ဒီနှစ်မိုးက သင်္ကြန်မိုးလောက်တောင်မှ သဲသဲမဲမဲရွာတာမဟုတ်ဘူး”

လို့ ပြန်ပြောပါတယ်။

အဲ့ဒါနဲ့ ဖိုးသူတော်လည်း မိုးကိုမော့ကြည့်ကာ

“အင်း မြေကြီးပြောမယ်ဆိုလည်းပြောစရာပဲ၊ မိုးကလည်း ဟန်မကျ အလုပ်မဖြစ်အောင် ရွာဖို့နေနေသာသာ ကောင်းကင်မှာ မိုးတိမ်ဆိုတာတောင် တတောင်တထွာလောက်မှမမြင်ရ၊ ဒီလောက်မိုးခေါင်နေမှတော့ မြေကြီးလည်း ပက်ကြားကွဲအက်မှာပဲ၊ မိုးကိုက မဟုတ်တာပါ”

လို့ အပြစ်တင်လိုက်တဲ့အခါ …

ကိုရွှေမိုးက …

“အလို ဦးသူတော်က မိုးမရွာတာကိုသာမြင်တယ်၊ တိုင်းပြည့်ရှင် တရားမစောင့်တာကိုတော့ ဘာကြောင့် ထည့်မပြောတာလဲ မိုးလေ၀သဆိုတာ ပြည့်ရှင်မင်းနှင့်တကွ လူအများတရားစောင့်မှ မှန်နိုင်တော့မှာပေါ့”

လို့ စိတ်ဆိုးမာန်ဆိုး ပြန်ပြောသတဲ့။

ဖိုးသူတော်လည်း 

“အင်း ဟုတ်ရှာမှာ ဟုတ်ရှာမှာလို့ဆိုပြီး၊ နန်းတော်သို့၀င်ကာ ဘုရင်မင်းမြတ်ကို 

“အိုအရှင်မင်းကြီး တိုင်းပြည်ရဲ့ဦးစီးနာယက ဘူမိပါလရေမြေ့ရှင်ဆိုတာ လောကပါလတရား(၂)ပါး၊ သတ္တိ(၃)ပါး၊ သင်္ဂဟတရား(၄)ပါး၊ ဗလ(၅)တန်၊ နာယကဂုဏ်(၆)ပါး၊ အပရိဟာနိယတရား(၇)ပါး၊ ရာဇဂုဏ်(၈)စုံ၊ န၀ရတ်(၉)သွယ်၊ ရာဇဓမ္မ(၁၀)ပါးဆိုတဲ့ မင်းကျင့်တရားတွေနဲ့ပြည့်စုံရပါတယ် ယခုအခါ ဒကာတော်မင်းကြီး တရားမစောင့်တာမို့ နေပြည်တော်မှာ မိုးမရွာတာ ကြာမြင့်လှပါပြီ၊ ဒါ့ကြောင့် ဒကာတော်မင်းကြီးအနေနဲ့ ဥပုသ်ဆောင်၀င်ပြီး တရားကျင့်သုံးသင့်လှပါတယ်”

လို့ သံတော်ဦးတင်လျှောက်ထားပါတယ်။

အဲဒီအခါဘုရင်မင်းကြီးက …

“ဦးသူတော် နေပြည်တော်မှာ မိုးမရွာတာကြောင့် ကျွန်ုပ်ကိုပဲ အဆိုးမပြောပါနဲ့၊ အခု ဦးသူတော်ရဲ့ ကံလုပ်ရပ်ကိုပဲ ပြန်ကြည့်ပါဦး၊ သူတော်ဆိုတာ သူတော်အလုပ်လုပ်ရမှာပေါ့၊ မိုးမရွာတာကိုပဲ အပြစ်ပြောတယ်၊ ကိုယ်မသမာတာကိုတော့ ထည့်မပြောပါလား”

လို့ ပြန်လည်လျှောက်ထားတဲ့အခါ …

ဖိုးသူတော်လည်း ရှက်သွားကာ …

“သြော် ဒကာတော်ရေမြေ့ရှင် ပြောတာလည်း မှန်တာပဲ၊ ငါ့ကိုယ်က မသမာတော့ ဘယ်မှာလာပြီး မိုးရွာတော့မှာလဲ။ နောက်ဆုံးတော့ ငါ့ကံ့လုပ်ရပ်မကောင်းလို့ ပြောင်းဖူးဆိုးနဲ့တွေ့ရတာပဲ။ ဒီနေ့ကစပြီး သူတော်ပီပီ နေတော့မယ်၊ ဘယ်တော့မှ သူများဥစ္စာ မခိုးတော့ဘူး။”

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ