တောင်အမြင့် ပတ်ခြံရံတတောင်ဆုံးပြန်တော့ တလုံးကျန်ပြန်သေးတာမို့…..
…
..
သင်ဖူးတဲ့ ငွေတာရီရဲ့ကဗျာလေး ကိုတောင်တွေကြည့်ပြီးသတိရမိ။ (ခင် ငြိမ်း ချမ်း)
မှတ်ချက်
စာထဲပါ ကဗျာကို မူရင်းအတိုင်း မှန်အောင်ရေးထားသည်။ ကျေးဇူး။
အဲလို မှန်အောင်ရေးသားသူ အလွန်ရှားပါသည်။
စာအုပ်တွေပြန်ထုတ်သူတွေကတော့ မူရင်းစာတွေ၊ ကဗျာတွေ၊ တရားတွေကို တမင်တကာ မှားအောင်ပြင်ပြီး ထုတ်ဝေနေကြသည်။
"ထိပ်ဆုံးမှ ဘိတ်ဆုံးသို့"
ငွေတာရီရေးတဲ့ အလွန်လူကြိုက်များတဲ့ ဒီကဗျာမူရင်းကိုလည်း တင်ပြလိုက်ပါတယ်။
"ထိပ်ဆုံးသို့"
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တတောင်ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင် သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။ (ငွေတာရီ)
မှတ်ရန်
ဆဋ္ဌမတန်း မြန်မာဖတ်စာ၊ ၁၉၈၇ ခုနှစ်၊ မေလ ထုတ်ဖြစ်ပါတယ်။ မဆလ ခေတ်က ကျောင်းသုံးစာအုပ်။ ကဗျာရေးသူအမည် ထည့်မထားပါ။ သတ်ပုံတွေ မှန်တယ်။
၃၀-၉-၁၉၈၆ နေ့မှာ စာလုံးပေါင်းသတ်ပုံတွေကို ပြင်စေအမိန့် ထုတ်ပါတယ်။
ဒီကဗျာက သီသီလေးကပ်လွတ်သွားတယ်။
အကြောင်းကတော့ စာပေစိစစ်ရေး (၁၉၈၈-၂၀၁၂) မပေါ်သေးခင်က ရိုက်နှိပ်ခဲ့တာ ဖြစ်ပါတယ်။
"အရင်ကရေးတာတွေက မှားနေလို့မဟုတ်ဘဲ နိုင်ငံရေးပေါ်လစီအရ" အမိန်နဲ့ပြင်တာ။
အခုဆိုရင် နှစ်ပေါင်း ၄၀ ကြာပြီဖြစ်လို့ "အိုးမည်းသုတ် စာလုံးပေါင်းသတ်ပုံ" ကိုသာ အမှန်ထင်နေသူတွေ သန်းပေါင်းများစွာရှိနေပြီ။
မူရင်းစာတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ တရားတွေကို တမင်တကာပြင်ပြီး တင်ကြ၊ သင်ကြ၊ ထုတ်ဝေကြလို့ ထိပ်ဆုံးရောက်ခဲ့တဲ့ မြန်မာစာ ဘိတ်ဆုံးရောက်နေပြီ။
ဘိတ် = နောက်ဆုံး။ ဘိတ်ဆုံး။ နောက်ပိတ်ဆုံး။
မြန်မာစာဟာ တတောင်ပေါ် တတောင်ဆင့် ကနေ အောက်ကိုလိမ့်ကျတယ်။ အခုဆို အောက်ဆုံးရောက်နေပြီ။
မြန်မာစာ ထိပ်ဆုံးသို့ ပြန်ရောက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment