(၁) သု စိ ပု ဘာ၊ (၂) ဝိ လိ သိ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့၊ စာသင်ပျိုနု၊ အခြေပြုတို့၊ ဥဇုဘူတ လုံ့ပြင်စွာ၊ သူ့ထက်ငါဟု၊ နှုတ်မှရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်ဟု၊ မထင်မပေါ်၊ မကျော်စောပဲ၊ တီမှာလွဲအံ့၊ အရဲကြိုးကုတ်၊ ကြက်ရဲစုတ်သို့၊ အားထုတ်ခုံမင်၊ မသင်မအံ၊ မကြံမမေး၊ ဆွေးနွေးရောနှော၊ ပြောဟောမဲ့ထွေ၊ ပေးချပ်ရေဖြင့်၊ ကုန်စေဆန်းဆာ၊ သင်ချေပါလည်း၊ ဘယ်မှာဂုဏ်ရှင်၊ ကျော်စောထင်ချိမ့်၊ စာသင်ဟူက၊ ကျမ်းထို့မျှကို၊ တွေ့ကမရှောင်၊ ကြောက်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊ ကျောက်ထက်စာသို့၊ လိုရာရအောင်၊ ကြံဆောင်လေ့ကျင့်၊ အနက်ဓိပ္ပာယ်၊ နှုတ်ဝယ်ရွရွ၊ ချေမှတည့်၊ တစပေါ်လျှင်၊ ချည်းစငင်စုံသို့၊ သဘင်ပွဲမှောက်၊ ဆိုရေးရောက်က၊ လန့်ကြောက်မရှိ၊ သတိမြဲခိုင်၊ ကျောက်တိုင်ပမာ၊ ကေသရာသို့၊ ရွံ့ရှာမဲ့လျှင်း၊ ဆိုခင်းနည်းနာ၊ အဖြာဖြာကို၊ မကြာနှုတ်လျှောက်၊ ခန့်ချင့်ထောက်လော့၊ အံ့လောက်ဖွယ်သာ၊ ဂါထာပါဌ်သား၊ စကားဝိုက်လည်း၊ စဉ်ရှည်ရှေးတီး၊ စကားကြီးက၊ စသည်ထိုထို၊ ဝိဂြိုဟ်ဝိနတ်၊ ဓာတ်ရပစ္စည်း၊ ထုံးနည်းပမာ၊ ဂါထာဆန်းဂိုဏ်း၊ ကရိုဏ်းဌာန်စစ်၊ ပွင့်လှစ်ဋီကာ၊ အဋ္ဌကထာပါဠိ၊ အောက်ထက်ညီ၍၊ ကဝိလက္ခဏာ၊ အဖြာဖြာကို၊ သေချာဆည်းဆ၊ ဆိုဝံ့ကလျှင်၊ ဘဝဤတွင်၊ ခုမျက်မြင်လည်း၊ မထင်ဘယ်မှာ၊ ရှိဘိရာအံ့၊ သံသရာလည်း၊ ပမာမလွန်၊ အဆုံးစွန်းမူ၊ ညီမွန်တုလွတ်၊ သုံးလူ့နတ်ဝယ်။ ။အကျွတ်ဘယ်မှာ ဝေးတော့မည်။
မှတ်ရန်
မကျော်စောပဲ သည် မကျော်စောဘဲ မဟုတ်။
တစပေါ်လျှင် သည် တစ်စပေါ်လျှင် မဟုတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment