Skip to main content

"အတတ်ကြူး အရူးဖြစ်"

အတတ် နဲ့ အတက် မှားရေးတာခု တွေ့ပြန်လို့ တင်ပြလိုက်ပါတယ်။

အတတ်ကြူး ဆိုသည်မှာ မိမိတတ်ကျွမ်းသော ပညာ သို့မဟုတ် အတတ်လွန်းကဲမှု၊ အလွန်အကျွံ စူးစမ်းလိုမှုတို့ကြောင့် သင့်လျော်သည်ထက် ကျော်လွန်ကာ အစွန်းရောက်သွားခြင်းကို ဆိုလိုပါသည်။

မြန်မာစကားပုံများတွင် "အတတ်ကြူး အရူးဖြစ်" သို့မဟုတ် "အတတ်ကြူး ဘီလူးဖြစ်" ဟူ၍ အသုံးပြုကြသည်။

အတတ်ကြူး အရူးဖြစ် = မိမိသိထားတတ်ထားသည်များကို အလွန်အကျွံ အသုံးချရန် ကြိုးစားခြင်း သို့မဟုတ် လိုသည်ထက် ပိုမိုလုပ်ကိုင်ရာမှ အကျိုးမရှိဘဲ အနေခက်ခြင်း၊ လူအထင်သေးခံရခြင်း သို့မဟုတ် အမှားကြီး ဖြစ်သွားခြင်းကို ညွှန်ပြသည်။

အတတ်ကြူး ဘီလူးဖြစ် = သူတပါးထက် ထူးခြားလို၍ မသင့်လျော်သော ပညာရပ်များကို အတင်းအကျွံ ဆည်းပူးရာမှ နောက်ဆုံးတွင် ဘေးဥပဒ်သင့်ကာ ဆိုးရွားသော အခြေအနေသို့ ရောက်သွားခြင်းကို ဆိုလိုသည်။

“အတတ်ကြူး အရူးဖြစ် အင်းလေးပုံပြင်”

ရှေးက သူဋ္ဌေးသား ၄ယောက်ဟာ တက္ကသိုလ်ပြည် ဒီသာပါမောက္ခဆရာကြီးဆီမှာ အတတ်ပညာများကို သင်ကြားနေကြတယ်။ သူတို့ ၄ ယောက်ဟာ တတိုင်းပြည်စီကဖြစ်ပြီး တယောက်တမျိုး သူတို့ဝါသနာပါတဲ့ ပညာကိုသင်ယူကြတာပဲ။

သူတို့ဝါသနာပါပြီး သင်ယူကြတဲ့ပညာတွေကတော့ တယောက်က အဆို အတီး အမှုတ်ဖြစ်တဲ့ သဘင်ပညာကို သင်ယူတယ်၊ တယောက်က ရောဂါ ဝေဒနာတွေကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဆရာ အတတ်ကို သင်တယ်။ တယောက်က နေ လ နက္ခတ်တာရာတွေကို ကြည့်ပြီး လူတွေရဲ့ ကောင်းကျိုး ဆိုးပြစ်ကို ဟောပြောနိုင်တဲ့ နက္ခတ် ပညာကို သင်ယူတယ်။ တယောက်က လူတွေရဲ့ အတွေးအခေါ်၊ တွေးတောပုံ ကြံစည်ပုံ စတဲ့ စိတ်ပညာကို သင်ယူတယ်။

သူတို့ ၄ ယောက်ဟာ ၃ နှစ် ၃ မိုး အတတ်ပညာတွေကို ဆည်းပူး သင်ကြားပြီးတဲ့အခါကျတော့ စုံစုံလင်လင် တတ်မြောက်ပြီဖြစ်လို့ ဆရာကြီးထံ ချဉ်းကပ်ပြီး မိဘရပ်ထံ ပြန်ရဖို့ အကြောင်း ခွင့်တောင်းကြတယ်။

ဒီတော့ ဒီသာပါမောက္ခဆရာကြီးက “”မောင်တို့ ၄ ယောက်ဟာ ပညာစုံပြီမို့ မိဘရပ်ထံ ပြန်မည် ဆို ပြန်နိုင်ကြပြီ၊ နို့သော်လည်း တခုတော့ငါမှာလိုက်ချင်တယ်။ မောင်တို့ဟာ ပညာတတ်ပေမယ့် ကာလ ဒေသ နဲ့ လျှော်ညီအောင်မကျင့်တတ်ရင် ထမင်းငတ်တတ်တယ်” လို့ သြဝါဒစကား ပြောကြားလိုက်သတဲ့။

ပြီးတော့ လမ်းခရီးမှာ ချက်ပြုတ်စားသောက်ဖို့ဆိုပြီး အိုးနဲ့ ဆန် ထုတ်ပေးတယ်။ ဒီအခါ သူဋ္ဌေးသား ၄ ယောက်ဟာ တယောက်မျက်နှာ တယောက်ကြည့်လို့ ဆရာကြီးထုတ်ပေးတဲ့ ဆန်နဲ့ အိုးကိုယူပြီး တက္ကသိုလ်ပြည်ကထွက်ခဲ့ကြရော။

လမ်းတဝက်ရောက်တော့ ပါလာတဲ့ မသိုးထမင်း၊ မသိုးဟင်း တွေ ကုန်တာနဲ့ ရွာ့ပြင်က ဇရပ်တခုမှာ ထမင်းဟင်း ချက်စားဖို့ စီစဉ်ကြတယ်။ ဒီအချိန်ကျမှ ဆရာကြီးက အမြှော်မြင်ကြီးကြီးနဲ့ ဆန်နဲ့ အိုးပေးလိုက်တဲ့ အကြောင်းကို သူတို့ သဘောပေါက်ကြတော့တယ်။

ဒီလိုချက်ပြုတ်စားဖို့ စီစဉ်ကြတော့ ထမင်းကို ချက်လို့ဖြစ်ပါရဲ့၊ ဟင်းအရံတွေက လိုသေးတယ်။ ဒါကြောင့် ကိုယ့်တာဝန်နဲ့ ကိုယ် အလုပ်လုပ်ကြရအောင် လို့ တိုင်ပင်ပြီး ထမင်းချက်ရမယ့် လူကတယောက်၊ သားငါးရှာပြီး ဝယ်ရမယ့်သူက တယောက်၊ ထောပတ်ဝယ်ရမယ့်သူကတယောက် တာဝန်ခွဲလိုက်ကြတယ်။

ဒီအခါ သဘက်ပညာသင်လာတဲ့ သူက ထမင်းချက်တာဝန်ကျတယ်၊ နက္ခတ်ဗေဒင် တတ်ထားတဲ့သူက ဟင်းသီးဟင်းရွက်ရှာဖို့ တာဝန်ယူတယ်။ သားငါး ဝယ်ဖို့ အလုပ်ကို ဆေးပညာတတ်ထားတဲ့ ဆေးဆရာက သူတာဝန်ယူမယ်လို့ ဆိုတယ်။ စိတ်ပညာဆရာက ထောပတ်ရှာဖို့ သူ့တာဝန်လို့ ပြောတာနဲ့ သူတို့ ၄ ယောက်ဟာ အလုပ်ကိုယ်စီ ကိုယ်ငှ ဝေပြီး ခွဲပြီး ဖြစ်သွားတာပေါ့။

ဒါနဲ့ အလုပ်စကြတော့ ဆေးပညာသင်လာတဲ့ လူက ရွာထဲကဈေးကို သွားပြီး ရောင်းချနေတဲ့ သားငါးတွေကို ကြည့်တယ်။ သားငါး အမျိုးစုံစုံလင်လင်ရှိပေမယ့် ဘယ်အသားငါးမှ သူမကြိုက်ဖူး။ ဒီရာသီမှာ ဒီအသားကို စားရင် ဘယ်လိုဖြစ်နိုင်တယ် စတဲ့ ဆေးပညာက ညွှန်းထားတဲ့ အတိုင်း သူ့စိတ်နဲ့ရွေးချယ်ပြီး ကြည့်လိုက်တာ နောက်ဆုံးတော့ ဘယ်အသား ငါး မှ မကြိုက်တာနဲ့ ဘာမှ မဝယ်တော့ဘူး။

ထောပတ် ဝယ်ရအောင်သွားတဲ့ စိတ်ပညာဆရာကတော့ ထောပတ်ကို ဝယ်လို့ရတာနဲ့ ပြန်လာတယ်။ လမ်းတဝက်ကို ရောက်တော့ ဖက်နဲ့ထုပ်ပြီး ကိုင်လာတဲ့ ထောပတ်ထုပ်လေး အပေါ် သူကသူ့ပညာနဲ့ ဆန်းစစ်ကြည့်တယ်။

ထောပတ်ဆိုတာ နွားနို့ကဖြစ်တာပဲ၊ နွားနို့ဟာ နွားမက ဖြစ်ရတာ၊ ထောပတ်ကို ထုပ်လာတဲ့ သစ်ရွက်ရော အခြားသစ်ရွက်ရော နွားကစားတယ်။ ဒါကြောင့်ထောပတ်ဟာ သစ်ရွက်က ဖြစ်တယ်။ ဒီလိုဆိုရင် သစ်ရွက်နဲ့နွား ဘယ်ဒင်းက အရင်ဖြစ်သလဲ၊ သစ်ရွက်ကြောင့်နွားတွေ အသက်ရှင်တယ်။ နွားတွေရှိလို့လည်း နွားတွေရဲ့မစင်ကြောင့် နေရာအနှံ့ သစ်ပင်မြက်ပင်တွေ မျိုးပြန့်ပွားရတယ်၊ ပေါက်ရတယ်၊ ဒါဟာ အညမညဖြစ်သလား၊ နွားနဲ့သစ်ရွက်ဟာ အညမညလား၊ သစ်ရွက်နဲ့ထောပတ်ဟာ အညမညလား၊ နွားနို့နဲ့သစ်ရွက်ဟာ အညမညလား၊ ဒီ အညမညတွေဟာ တပြိုင်တည်း ဖြစ်သလား၊ ဒီလိုမှ မဟုတ်ရင် ဘယ်သူက အရင်ဖြစ်ပြီး ဘယ်သူကနောက်မှ ဖြစ်သလဲ၊ သစ်ရွက်က အရင်ဖြစ်ရင် နောက်မှဖြစ်တဲ့ထောပတ်က သွားပြီး၊ အညမည ဖြစ်သလား၊ အဲဒီလိုတွေးပြီး လာလိုက်တာ ဘယ်လောက်ကြာသွားသလဲ မသိ။ သူကိုင်ခဲ့တဲ့ထောပတ်တွေ အရည်ပျော်ပြီး ဖက်ထဲကကျလို့ ကုန်တော့မှ သတိရတာနဲ့ ကြည့်လိုက်တဲ့အခါ ဘာမှ မကျန်တော့ဘူး။ ဒါနဲ့ လက်ချည်း စခန်းချရာကို ပြန်ခဲ့ရတော့တယ်။

သား ငါး ဝယ်ဖို့ တာဝန်ယူထားတဲ့လူနဲ့ ထောပတ်ဝယ်ဖို့ တာဝန်ယူထားတဲ့လူဟာ စခန်းချရာကို အပြန်လမ်းမှာဆုံမိကြတော့ ဘယ်သူ့ဆီမှာမှ ဘာမှပါမလာကြတဲ့ အတိုင်း ကိုယ့်အဖြစ်ကို ကိုယ်ပြောပြီး ဇရပ်ဆီကို အတူလျှောက်ခဲ့ကြတယ်။ ဒါနဲ့ ဇရပ်ဘေးကို ရောက်လာတဲ့ အခါကျတော့ ကွဲနေတဲ့ထမင်းအိုးရယ်၊ ဘေးပတ်ပတ်လည်မှာ ပြန့်ကျဲနေတဲ့ ဆန်စေ့တွေရယ်၊ ထိုင်မှိုင်နေတဲ့ ထမင်းချက်တာဝန်ကျဆရာရယ်ကို တွေ့လိုက်ကြရတော့တာပဲ။

ဘာမှမပါဘဲ လကချည်းပြန်လာတဲ့ လူ ၂ ယောက်ဟာ ထမင်းအိုးကွဲပြီး ဆန်စေ့တွေပြန့်ကျဲပြီး ဖြစ်ချင်တိုင်းဖြစ်နေတဲ့ မီးဖိုကိုမြင်လိုက်ရတော့ စိတ်မော လူမော ဖြစ်သွားကြတာပေါ့။ ဒါနဲ့ ဘာဖြစ်လို့ ဒီလိုဖြစ်ကုန်သလဲ လို့ထိုင်မှိုင်နေတဲ့ ထမင်းချက်တာဝန်ကျဆရာကို မေးတယ်။

ဒီတော့ သဘင်ပညာသင်လာတဲ့ ထမင်းချက်ဆရာက “ကျုပ်က လုပ်ရမယ့်ဝတ္တရားအတိုင်း မီးမွှေးပြီး ထမင်းအိုး တည်ပါတယ်။ မကြာခင်မှာပဲ ဆူပါတယ်။ ထမင်းအိုးက ပွက်ပွက်ဆူပြီး ဗြုတ်တုတ် ဗြုတ်တုတ် နဲ့ မည်လာတော့ ကျုပ်နားထဲမှာ ဒီအသံဟာ ပတ်လုံးသံလေးတွေကို တို့သံ ထိသံနဲ့ တူလှတာနဲ့ ဒီအသံနဲ့လိုက်တဲ့ သီချင်းလေးတပုဒ် ညည်းပြီး ထ ကမိပါတယ်။ ဒီလိုကနေတုန်း နောက်ပြန်ခတ်လိုက်တဲ့ ခြေထောက်က ထမင်းအိုးကို ခတ်မိတာနဲ့ အခုမြင်ကြတဲ့ အတိုင်း ထမင်းအိုးလဲ ကျကွဲပြီး ကိစ္စချောကုန်တော့တာပါပဲ။” လို့ပြန်ပြောတယ်။

ထောပတ်ရှာသွားတဲ့လူနဲ့ သားငါးအဝယ်သွားတဲ့လူကလည်း သူတို့ရဲ့ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ထမင်းချက်တဲ့လူသိအောင် ပြန်ပြောကြပြီး ခုအထိ ရောက်မလာသေးတဲ့ ဟင်းရွက်ခူး ထွက်သွားတဲ့လူအတွက် စိတ်ပူမိကြတယ်။ ဒါနဲ့ သူတို့ ၃ ယောက်တိုင်ပင်ပြီး တောထဲဝင်ပြီး ဟင်းရွက်ရှာနေတဲ့ ဗေဒင်ဆရာရဲ့နောက်ကို လိုက်ကြလေရဲ့။

မကြာခင်ပဲ သူတို့ဟာ ဥသျှစ်ပင်ကြီး တပင်ရဲ့ ထိပ်ဖျားမှာ ငုတ်တုတ် ထိုင်နေတဲ့ ဟင်းရွက်ရှာသမားကို တွေ့ကြတယ်။ ဒါနဲ့ မိတ်ဆွေ ၃ ယောက်က အော်ခေါ်ပြီး အောက်ကိုဆင်းခိုင်းကြတယ်။ အောက်ကိုရောက်လာတဲ့ အခါကျတော့ “ဘာဖြစ်လို့ ဒါလောက်ကြာအောင် ဥသျှစ်ပင်ပေါ်မှာ ထိုင်နေရတာလဲ” လို့ဝိုင်းမေးကြတဲ့အခါ ဟင်းရွက်ရှာတဲ့ဗေဒင်ဆရာက “ကျုပ်က ဥသျှစ်ရွက်နုလေးတွေခူးမလို့ ဥသျှစ်ပင်ပေါ်တက်သွားတုန်းက အတက်နက္ခတ်နဲ့ ယှဉ်တဲ့အချိန်နဲ့ တိုက်တာနဲ့ ပေါ့ပေါ့ပါးပါးပဲ တက်သွားပါတယ်။ နောက်ဥသျှစ်ရွက်ခူးပြီး ဆင်းဖို့လုပ်တော့ အဆင်နက္ခတ်နဲ့ မယှဉ်သေးတာနဲ့ အချိန်စောင့် နေတာပါ။” လို့ ပြန်ပြောသတဲ့။

တယောက်အကြောင်း တယောက် နားလည်ပြီး ဖြစ်ကြတဲ့ တက္ကသိုလ်ပြန် ၄ ယောက်ဟာ စခန်းချတော့ ဇရပ်ကို ပြန်ရောက်တဲ့အခါကျတော့ သူတို့ တက္ကသိုလ်က ပြန်ခါနီးမှာ ဆန်နဲ့ အိုးကို ထုတ်ပေးပြီး “ကာလ ဒေသနဲ့ ကိုက်ညီအောင် မကျင့်တတ်ရင် ထမင်းငတ်တတ်တယ်။” လို့ သြဝါဒပေးလိုက်တဲ့ ဒီသာပါမောက္ခ ဆရာကြီးရဲ့ စကားကို တွေးမိကြတော့တယ်။ 

ဒီတော့မှ “တို့ဟာ ဆရာသင်ပေးတဲ့ ပညာတခုတည်းကိုချည်း အားကိုးလို့ မဖြစ်သေးဘူး၊ ကာလ ဒေသနဲ့ ကိုက်ညီအောင်လည်း ကျင့်တတ်ဦးမှ ဖြစ်မယ်။ မကျင့်တတ်လို့ ခုလိုထမင်းငတ်တာထက် အတတ်ကျူးလို့ အရူးဖြစ်တာက ပိုဆိုးတယ်” လို့ အချင်းချင်းဝေဖန်ပြောဆိုကြပြီး ဒီဇရပ်ကလေးကပဲ လူစုခွဲလို့ ကိုယ့်ပြည်ကို ကိုယ်ပြန်သွားကြတယ်။

(လူထု ဦးလှ ၏ တိုင်းရင်းသားပုံပြင်များစာအုပ်မှ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ