ကျွန်ုပ်တို့ဗမာလူမျိုးများသည် နှယ်နှယ်ရရလူမျိုးများမဟုတ် ကမ္ဘာဦးတည်စ ဗြဟ္မာကြီးလေးဦးတို့ မြေဆီမြေနှစ်တို့ကို စားသောက်ရာမှ ပေါက်ဖွားလာသည့် အမျိုးဖြစ်လေရကား ကမ္ဘာတွင် "ဗမာ"ဟုအသံကုန်ဟစ်အော်ကြွေးကြော်လိုက်လျှင်ပင် အရီးသာအေးတို့အိမ်ကိုကျော်လွန်ကာ ကိုသာဗျောအိမ် နောက်ဖေးလမ်းကြားဆီအထိ အတိုင်းသား ကြားရနိုင်လေသည်။
ထို့ပြင် "တာဝတိံသာ နတ်ရွာလော နတ်ရွာလော "ဟုမဟုတ်မှန်းသိသိနှင့်မမြင်ယောင်ဆောင်ကာ မေးယူရသောတိုင်းပြည်ကြီးဖြစ်လေရာ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ စိန်ကြောင်နီလာ ဂေါမုတ်ပတ္တမြား ဂဝံနှင့် တကွလမ်းခင်းကျောက်များ လှိုင်လှိုင်ကြီးထွက်ရှိရာ မြို့တကာတို့၏ထွဋ်ချာ ပြည်တကာတို့၏သနင်း တိုင်းတကာတို့ဘုရင် နိုင်ငံတကာတို့၏ အဘိုးအဘွားအဘလည်းဖြစ်ပေသေးသည်။ ဘုန်းမီးနေလ လွန်တောက်ပသော ဗမာဘုရင်များလက်ထက်က "တရုတ်တရက် သက် တလိုင်း ဂျွမ်း ရှမ်း ယိုးဒယား ကုလား ရခိုင်" စသော လူမျိုးတရာ့တပါးသောမင်းတို့၏ ဦးညွတ်ခြင်းကိုခံယူရုံသာမက ဒွတ္တဘောင်မင်းသည် နဂါးဆက်သောဖောင်စကြာစီးကာ သူကြီးတို့ဖြင့် မခွန်မခံပဲ လှံပျံဖြင့်အခွန်စည်းကြပ်တော်မူခဲ့၏။အလောင်းစည်သူမင်းသည် ကာလပေါ် ပင်လယ်ကူးသင်္ဘောကဲ့သို့ ဖောင်စကြာဖြင့် ဇဗ္ဗူ ဒိတ်ကျွန်းကိုပျော်ပွဲစားထွက်ဖူး၏။ နှစ်သစ်ကူးလက်ဆောင်အဖြစ် သိကြားမင်းပေးသော အရိန္ဒိမာလှံပျံကိုအနော်ရထာမင်းကိုင်ဆောင်ခဲ့ဖူးသည်။
ပညာအရာ၌ ကျွန်ုပ်တို့ဗမာသည် နှယ်နှယ်ရရမဟုတ် အင်းအိုင်ခလှဲ့လက်ဖွဲ့မန္တရား မန္တာန်စသော ပညာရပ်များထွန်းကားရာဒေသဖြစ်ပြီး ရသေ့ရှစ်သောင်းဝိဇ္ဇာအပေါင်းတို့ စကြာဝဠာတံတိုင်းနံရံတွင်စာရေးထွင်းနိုင်သော အတတ်ပညာမျိုး တတ်ပွန်ကျွမ်းကျင်ခဲ့ပေ၏။ ဤကဲ့သို့ ဘုန်းလက်ရုံး တန်ခိုးအာဏာပညာကျော်မွန် ပျံ့နှံ့သော ကျွန်ုပ်တို့ဗမာပြည်ကြီးကား
"ရွှေပြည်" ဖြစ်၏
ဗမာ့နန်းသည် "ရွှေနန်း
"ဗမာဘုရင့်လက်ထက်သည် "ရွှေလက်ထက်"
ဗမာ့ဥာဏ်သည် "ရွှေဥာဏ်"
အဆုံးစွန်ပြောရလျှင် ဗမာပြည်တွင် ပေါက်ရောက်သော ပန်းသည်ပင် အောက်ပါဘုန်းတော်ဘွဲ့အရ သိနိုင်ပေသည်။
"အထူးထူးသော တိုင်းကြီးပြည်ကြီး
ထီးဆောင်းမင်းအပေါင်းတို့
ညွတ်ပြောင်းပဏ္ဍာ ဆင်ကြီး
မြင်းကြီး သမီးကညာ
ရတနာ 'ရွှေပန်း'ခစားခိုလှုံ"
ထို့ကြောင့် ကျွန်ုပ်တို့စာပေသည် နှယ်နှယ်ရရ အနိယတ္တ သာမညောင်ည အနုံညာတမဟုတ် ရွှေစာပေဖြစ်လေသည်။ ထိုအချက်တို့ကိုစဉ်းစားမိသူ ဗမာအမျိုးသားအမျိုးသမီးတို့ ဗမာစာပေကိုလေ့လာခြင်းဖြင့် ဇာတိသွေး ဇာတိမာန်ရဲရဲတောက်ကုန်ကြရာ၏။ရှင်ပြုစဉ်က ဆောင်းခဲ့ဖူးသော ရွှေထီးကို အကြိမ်ကြိမ်အဖန်ဖန် စားမြုံ့ပြန်ကာ ဗမာဘုရင်ရွှေလက်ထက်တော်က ရွှေဥာဏ်ရှင်တို့၏ ရွှေစာကျမ်းဂန်တို့ကိုလေ့လာဖတ်ရှု့ခြင်းဖြင့် မီးခဲပြာဖုံး မျိုးချစ်စိတ်ကို အလျံတညီးညီးဝင်းဝင်းတောက်စေအံ့။မျိုးချစ်စိတ်သည်စာပေအပေါ်တည်၏။မိမိအမျိုးဘာသာ ကိုချစ်လျှက် ဗမာစာကို မပျောက်ပျက်စေရန် ဆားသိပ်နေလှန်းထားသင့်ပေ၏။မိမိတို့စာသည်သာ အမြတ်ဆုံးဖြစ်လေသောကြောင့် သူတပါးစာကိုအဖက်လုပ်ရန်မလို သူတပါးကိုလည်း မိမိတို့၏ခက်ခဲနက်နဲသိမ်မွေ့သောစာကို သိအောင်အားထုတ်ရန်အရေးမရှိ ကိုယ့်စာကိုယ်သာ အတွင်းကြိတ်ကြိတ်၍ အာဂုမ်ဆောင်ကာ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် မျိုးချစ်စိတ်ကို ထောင်းကနဲ တက်ကြွစေရာသည်။
အရှင့်ကျေးဇူးသစ္စာတော်ကို စောင့်သိလျှက် တပါးကျွန်အသံဖြင့် သီဆိုလိုက်သော စိန္တကျော်သူ၏ရတုများသည်ကား "နေသာလည်းလွမ်း နေညိုလည်းလွမ်း နီးလျက်နှင့်လွမ်း ဝေးလျက်နှင့်လွမ်း "ရသလောက်ဆွေးခဲ့သည့် မျိုးချစ်စိတ်၏ အဆီအနှစ်အနယ်တို့ဖြစ်ချေသည်။စိန္တကျော်သူသည် အမျိုးအတွက် အသက်စွန့်ကာ စစ်တိုက်ရင်းပင် ခြင်ကိုက်သည့်အကြောင်း ကျန်ရစ်သူမျက်နှာလေးကို ကွက်ကနဲမြင်မိကြောင်း ဓနုဖြူ ဆိပ်ကမ်းကပ်ရာ မျိုးချစ်စိတ်ထက်သန်စွာဖြင့် စစ်သည်တော်တို့ တယောက်နှင့်တယောက်ငယ်ကျိုးငယ်နာ ဖော်ကာဆဲဆိုဟစ်ကြွေးခြင်းဖြင့် ဓနုဖြူတွင်ချီရတုတွင် အားရတက်ကြွဖွယ်ရာ မျိုးချစ်တရားကို ခရီးစရိတ်လွတ်ဟောကြားနိုင်ရှာသော စိန္တကျော်သူဦးသြပင်ဖြစ်ပေသည်။
ဘုရင့်နောင် ဘုန်းကြီးစဉ်အခါက နဝဒေးကြီးသည် ပင်တိုင်စံမျိုးချစ်ပုဂ္ဂိုလ်ဖြစ်သကဲ့သို့ အနောက်ဖက်လွန်မင်းတရားကြီးလက်ထက်တွင် မင်းဇေယျရန္တမိတ်နှင့် ရှင်သံခိုတို့သည် သံဃာ့သြဝါဒခံ မျိုးချစ်ဥက္ကဌနှင့် အကျိုးဆောင်စာချီ တို့ဖြစ်ပေသည်။ အလောင်းဘုရားလက်ထက်တွင်လည်း စိန္တကျော်သူသည် တလိုင်းတို့ကို သပိတ်မှောက်ခဲ့သောမျိုးချစ် သပိတ်မှောက်ခေါင်းဆောင်ဖြစ်ပေသည်။ သို့ရာတွင်ဦးသြ ရှင်သံခို ဇေယျရန္တမိတ်နှင့် နဝဒေးကြီးတို့ထက် အဆရာထောင် လွန်ကဲသောမျိုးချစ်စိတ်ထက်သန်သူကား တောင်ငူဘုရင်နတ်ရှင်နောင်ဖြစ်ပေ၏။
နတ်ရှင်နောင်၏ မျိုးချစ်စိတ်မှာ ထုံးစံထက်ပင် ကဲပိုပြည့်လျှံဝေဖြိုးလျှက်ရှိရာမှ လျှံကျလာသည့်အခါ ရာဇဓါတုကလျာအပေါ်၌ လွမ်းဆွေး တမ်းတမျှော်လင့် စိတ်တို့အဖြစ်ပြောင်းသွားလေသည်။ အမျိုး၏တစိတ်တဒေသဖြစ်သော ဓါတုကလျာအပေါ် မျိုးချစ်စိတ်များ ဖုံးမနိုင်ဖိမရ ထကြွလာသည့်အခါ အချစ်မိုးများအဖြစ် သွန်းဖြိုးရွာချလိုက်သော မျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလှစွာသောရတုကဗျာများကို ဖတ်ရှု့ခြင်းအားဖြင့် စိတ်အားတက်ကြွထောင်းထောင်းထအောင် အမျိုးချစ်စိတ်တဖွားဖွားထွက်ပေါ်ရာ၏။ သေခါနီးတွင်ပင် မျိုးချစ်စိတ်အရင်းခံဖြင့် ခရစ်တော်တပည့်သားပီပီ အမျိုး၏အပြစ်ကို ကိုယ်တော်တိုင်သိမ်းကျုံးခံယူကာ အမျိုးကိုအသက်နှင့်လဲ ချစ်ပြခဲ့ပေသည်။
ရှေးမျိုးချစ်ပုဂ္ဂိုလ်တို့သည် ဤမျှသတ္တိရှိ၍ အမျိုးကိုချစ်ကြရာတွင် သေလုမျောပါးချစ်သည်။ထို့ကြောင့် နတ်ရှင်နောင်သည် နောင်လာနောင်သားတို့ မျိုးချစ်အစစ်ကြီး ဖြစ်စိမ့်သောငှာ ရည်၍ စပ်ဆိုခဲ့သည်ကား
"မတော်ပဲပင် တော်ရုပ်ဆင်၍
မကြင်လတုံ ကြင်လတုံလျှင်
မယုံကြည်သာ လေပြည်လာ သို့ … "
ဟူ၍ဖွဲ့ဆိုခဲ့ပေရာ ထိုစကားမှာ ယခုကာလပေါ် မျိုးချစ်ပုဂ္ဂိုလ်တို့အား စောင်းမြောင်း၍ ဆိုထားခဲ့သောစကား ဖြစ်တန်ရာသည်။
ဆရာမောင်ထင် ၏ မျိုးချစ်စိတ်တက်ကြွဖွယ်စာပေ အိုးဝေမဂ္ဂဇင်း အတွဲ ၆ အမှတ် ၁ ၁၉၃၆ ခုနှစ် မှ ကောက်နှုတ်ဖော်ပြပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment