Happy Diwali ဟက်ပီး သီတင်းကျွတ်အောက်မှာ ကွန်မင့်တခုက ဆရာခင်ဗျာ ဒေဝါလီနေ့ မဟုတ်ဖူး ထင်တယ်။ ဒီပါဝလီနေ့ ထင်ပါတယ်။ သတင်းစာမှာ ဟိန္ဒူတွေ ကြော်ငြာတာ မြင်ဖူးပါတယ် အမှားပါရင် ခွင့်လွှတ်ပါခင်ဗျ။
ရန်ကုန်နေမိတ်ဆွေတယောက်က ဒေဝါရီမုန့်နှစ်ဗူးလက်ဆောင်ရတယ်လို့ တင်ထားတာကို ဒေဝါလီလို့ပြင်ပေးလိုက်တယ်။
Diwali ဒေဝါလီ သို့မဟုတ် Deepavali ဒိပါဝါလီလို့ အင်္ဂလိပ်စာလုံးနဲ့ရေးပါတယ်။ သကတ္တ ခေါ် ဆန်းစ်ခရစ်လို Dīpāvali ဒီပဝါလီလို့ ခေါ်တယ်။ မြန်မာလိုရေးရတာ အသံထွက် ထပ်တူမကျတတ်ပါ။ ဟင်ဒူဘာသာကိုးကွယ်တဲ့နေရာဒေသတွေမှာ အသံထွက် နည်းနည်းစီကွဲတာလည်းရှိပါတယ်။
ကျွန်တော် ၂၄ နှစ်ကြာနေခဲ့ရတဲ့ အိန္ဒိယမှာတော့ ဘာတခုလုပ်လုပ် ဗျောက်ဖေါက်ကြလို့ အတော်ဒုက္ခရောက်ခဲ့ပါတယ်။ မင်္ဂလာဆောင်တွေကလည်း တနေ့တည်းမှာ ရာဂဏန်းရှိတာ။ ဗျောက်သံတွေဆူညံလို့။ ခရစ်ကက်ပွဲဆိုရင် တမှတ်ရတခါ ဖေါက်ကြတယ်။
ဒေဝါလီနေ့ ဝန်းကျင်ရက်တွေဆိုရင် လမ်းတွေပေါ်မှာ လူတွေအပြည့်။ ဆိုင်တိုင်းဆိုင်တိုင်းမှာ လက်ဆောင်ပေးစရာ ဝယ်သူကတွေကလည်း တိုးမပေါက်အောင် စည်တယ်။ အမျိုးတွေ မိတ်ဆွေ သင်္ဂဟတွေအိမ်ကို လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် ပို့ကြတယ်။ ကျွန်တော် နေစဉ်ကလည်း အဲဒီထုံးစံကို လိုက်ရတယ်။ လက်ဆောင်တွေရတယ်။ လက်ဆောင်ပြန်ပေးရတယ်။
ညမှာ မီးရောင်စုံတွေ အပြိုင်အဆိုင်ထွန်းကြတယ်။ ဗျောက်တွေဖေါက်ကြတယ်။ ကျွန်တော်တို့က အဲလိုဆူညံလွန်းတာကို နားမခံသာ၊ မီးခိုးမွမ်းတာလည်း မခံနိုင်ကြပါ။ တချို့နှစ်တွေမှာ ဒေလီမြို့အပြင်ထွက်ပုန်းခဲ့ကြရတယ်။
နယူးဒေလီမှာ ကျန်ရစ်ကြတဲ့ မိတ်ဆွေတွေနဲ့ ယမုန်ဆေးခန်းအဖွဲ့သူတွေအားလုံးကို သတိရတယ်။ နေကောင်းကြပါစေ။
ဓါတ်ပုံ = လွန်ခဲ့တဲ့ ၁၃ နှစ်က ဒေဝါလီနေ့ည ကျွန်တော်တို့ အကြာကြီးနေခဲ့ရတဲ့အိမ် ဝရန်တာမှာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment