အရွယ်ကြောင့် မာတာ၊ ကြွပ်တာတွေကို စားချင်သော်လည်း မစားနိုင်။
ထမင်းမစားခင် ဆီပါတဲ့ ဟင်းခွက်ကို အရင်ရှာရတယ်။ ဆီနဲ့ ဟင်းနှစ်ပါတာကို အရင် လူးရသေးတာ။
နောက်တော့ ချို၊ ချဉ်၊ စပ်၊ ငန်၊ ဖန်၊ ခါး။
အခါးမျိုးစုံ အကုန်စားပါတယ်။
ငရုတ်သီးဆိုရင်တော့ အမျိုးစုံ အစို၊ အခြောက်၊ အထောင်း ကောင်း။
ဒီနေ့ ဥပုသ်သည်တွေ ထမင်းစားကြတော့ ငရုတ်သီးမပါ။ ခြေသွက်တဲ့တယောက်က ကျောင်းမှာ ဦးဇင်း စိုက်ပေးထားတဲ့ ငရုတ်သီးစိမ်းပင်ကနေ ပြေးခူးပေး။ ကျေးဇူး။
စပ်တယ်။ တခြားသူတွေကလည်း အားပေးကြတယ်။
ချဉ်တာတော့ ကျွန်တော်က ရွေးစားပါတယ်။ နှမ်းဘတ်ချဉ်၊ မုန်ညင်းချဉ်၊ ပုစွန်ချဉ်၊ ချဉ်ရေ၊ အညာသရက်ချဉ်၊ ကုလားတည်သရက်ချဉ်။
ရေနွေးကြမ်းကတော့ ကျောင်းရောက်ကတည်းက တခွက်ပြီး တခွက်။ ဆရာတော်နဲ့ တူပြန်ရော။
အချိုပွဲထဲက ချိုပြီး၊ အိစက်တာ ရွေးစား။
သင်္ဘောသီးမှည့်၊ စထောဘယ်ရီ၊ ဖရဲသီး၊ ဒူးရင်းသီး၊ သရက်သီးမှည့်၊ တည်သီးမှည့်၊ ဆနွင်းမကင်း၊ ဘိန်းမုံ့ စသည်။
ဧလမုံ့ နဲ့ ထိုးမုံ့ကတော့ တခါတခါမှ ရတယ်။ မန္တလေးကို လွမ်းရပြန်ရော။
ဥပုသ်ကျောင်းပြန်ဖြစ်လို့ စားစရာတွေကို စုံအောင်မရေးတော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment