Skip to main content

အရာရာအတွက် လျှို့ဝှက်ချက် ကုဒ်

The Code for Everything

ရေးသူ - မက္ကင်လေ ဗယ်လင်တိုင်း (McKinley Valentine)

အစ်ဇီ (Izzy) သည် ဒူးနှစ်ဖက်ကို ရင်ခွင်ပိုက်၍ ဖက်ထားလိုက်ပြီး၊ ဝမ်းဗိုက်ထဲတွင်လည်း ရှက်ရွံ့စိတ်ကြောင့် တင်းကျပ်နေသည်။ သူမသည် ဝရန်တာသို့ ထွက်လာကာ ချိုင့်ဝင်နေသော ပန်းပွင့်ဒီဇိုင်း ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။ မြို့ကြီးသည် ၎င်း၏ ရယ်စရာကောင်းလှသော မဲလ်ဘုန်း နွေရာသီ ထုံးစံအတိုင်း နေ့ထက် ညက ပိုပူနေပြီး ကတ္တရာလမ်းမှ အပူငွေ့များက လှိုင်းလုံးများသဖွယ် ထွက်ပေါ်နေသည်။ သူမသည် ပါတီပွဲမှ “လေညင်းခံထွက်လာခြင်း” ဖြစ်ပြီး ယင်းမှာ “မည်သူမျှ မမြင်နိုင်သည့်နေရာတွင် ငိုရန်” အတွက် လျှို့ဝှက်အဓိပ္ပာယ် (ကုဒ်) သာ ဖြစ်သည်။ အရာရာတိုင်းအတွက် လျှို့ဝှက်ကုဒ်ကို သိထားရန် လိုအပ်ပြီး ယင်းက အရေးကြီးလှသည်။

အစ်ဇီသည် ပါတီပွဲအတွက် စစ်မြေပြင်သို့ ချီတက်မည့် ဗိုလ်ချုပ်တဦးပမာ ကြိုတင်ပြင်ဆင်ခဲ့သည်။ ဗျူဟာများကို စစ်ဆေးခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ရွေးချယ်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ဖိတ်စာတွင် “ခုနစ်နာရီ စတင်မည်” ဟု ရေးထားသဖြင့် သူမက ရှစ်နာရီတွင် သွားရောက်မည် ဖြစ်သည်။ ထိုအမှားမျိုး ထပ်မဖြစ်စေတော့။ လူများကို သင့်လျော်သည့်အရာများ—ဖိနပ်၊ လက်သည်းနီ၊ ဆံပင်ပုံစံ—တို့အတွက် ချီးကျူးစကား ပြောမည်။ သင့်တော်သည့် မေးခွန်းများ မေးမည်။ ဘာဘာသာရပ် လေ့လာနေသလဲ။ ဘာကို အကြိုက်ဆုံးလဲ။ မျက်လုံးချင်း ဆုံကြည့်မည်၊ သို့မဟုတ် မျက်လုံးချင်း ဆုံရသည်က စိတ်ဖိစီးမှု များလာသည့်အခါ လူတို့၏ မျက်ခုံးနှစ်ခုကြားရှိ နေရာကို ကြည့်မည်။

သို့ရာတွင် အရာအားလုံး ပြိုလဲသွားခဲ့ပြီ။ ထပ်မံ၍ပင်။ သူမသည် ငှားရမ်းဝတ်ဆင်ထားသော ဖလန်နယ်ရှပ်အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်သည်။

ကြောင်နက်တကောင်သည် သူမဘေးရှိ ဆိုဖာပေါ်သို့ ခုန်တက်လာသည်။ သူမက လက်လှမ်း၍ ပွတ်သပ်လိုက်ရာ ကြောင်သည် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် နောက်သို့ ဆုတ်သွားသည်။

“ခုမှ စတွေ့ဖူးတဲ့ လူတွေကို မထိရဘူးလို့ ဘယ်သူမှ မပြောဖူးဘူးလား” ဟု ကြောင်က ပြောလိုက်သည်။

အစ်ဇီသည် ကြောင်ကြည့်နေရင်း အသည်းအသန် စဉ်းစားနေသည်။ သို့သော် လူများက မေးခွန်းတခု မေးသည့်အခါ အခြားအကြောင်းအရာတခုကို ပြောလျှင် ထူးဆန်းသူဟု ထင်ကြသည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။ “အကြိမ်ပေါင်းများစွာ ပြောဖူးပါတယ်။ အမွေးပွပွ ဒါမှမဟုတ် တောက်ပြောင်တဲ့ အရာတခုခု ဝတ်ထားပြီး တကယ် ထိချင်နေရင်တောင်ပေါ့။ ဒါပေမဲ့ ကြောင်တွေအတွက်တော့ ကွာခြားမယ် ထင်ခဲ့တာ။”

ကြောင်နက်၏ နားရွက်များမှာ ခေါင်းပေါ်တွင် ပြားကပ်သွားသည်။ “ဘာကြောင့် အဲဒီလို ထင်ရတာလဲ မသိဘူး။ ဒီပတ်ဝန်းကျင်မှာ မစ်ဒ်နိုက် (Midnight) ကို တွေ့မိသေးလား။”

“ဆယ်နာရီပဲ ရှိသေးတယ် ထင်တာပဲ။”

“အချိန် ဆယ့်နှစ်နာရီကို ပြောတာ မဟုတ်ဘူး၊ ကြောင်မလေး မစ်ဒ်နိုက်ကို ပြောတာ။ အမွေးဖြူဖြူ။ ငါ့လောက် ရှည်တယ်။ အမြီး ပိုပွတယ်။”

“တခြား ကြောင်တွေကိုတော့ မတွေ့မိဘူး။”

ကြောင်နက်က စိတ်ပျက်သံဖြင့် မှုတ်ထုတ်လိုက်သည်။ “သူမ လမ်းပျောက်သွားပြန်ပြီ ထင်တယ်။ သွားစမ်းပါ၊ ကျိန်ပြောရဲတယ်။ အခု သူမ နောက်ကျနေပြီ၊ ဆိုလိုတာက မင်းလည်း နောက်ကျလိမ့်မယ်၊ ဆိုလိုတာက နတ်သမီးလေးတွေ (faeries) ကို စိတ်ဆိုးအောင် လုပ်မိလိမ့်မယ်၊ အဲဒါက ဘယ်တော့မှ မကောင်းဘူး။”

အစ်ဇီမှာ ထိုစကားကို မည်သို့ တုံ့ပြန်ရမည်ကို မသိပေ၊ သို့သော် ဘဝတွင် တကြိမ်တော့ သာမန်လူတဦးလည်း သိမည်မဟုတ်ကြောင်း သေချာနေသည်။ “ဘာဖြစ်လို့ မင်းကို မစ်ဒ်နိုက်လို့ မခေါ်တာလဲ” ဟု သူမက စမ်းပြောကြည့်သည်။

ကြောင်သည် ဝါဝင်းနေသော မျက်လုံးများကို အစ်ဇီဘက်သို့ လှည့်လိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ ငါ့နာမည်က နွန်းဒေး (Noonday) မို့လို့ပဲ။ ဘာဖြစ်လို့ မင်းကို မစ်ဒ်နိုက်လို့ မခေါ်တာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ . . . ကျွန်မ နာမည်က အစ်ဇီ မို့လို့လေ။”

“အိုင်ဆိုဘဲလ် (Isobel) လို့ ကြားဖူးပါတယ်၊ ဒါပေမဲ့ နီးစပ်ပါတယ်” ဟု နွန်းဒေးက ဆိုသည်။ ၎င်းက သူမ၏ ပျက်နေသော မိတ်ကပ်နှင့် နီရဲနေသော မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “ဘုရားရေ၊ မင်းရုပ်ကို ကြည့်ပါဦး။ ဘာက မင်းကို ဒီလောက် စိတ်ညစ်စေတာလဲ။”

အစ်ဇီတွင် လူမှုရေးအခြေအနေတခုအတွက် ကြိုတင်ပြင်ဆင်ထားသော စကားလုံး (script) မရှိသည့်အခါ သူမသည် ရိုးသားစွာ ဖြေဆိုလေ့ ရှိသည်။

“ကိုယ်က ထူးဆန်းတဲ့ တခုခု လုပ်မိတဲ့အခါ လူတွေက ကြည့်တတ်တဲ့ . . . အကြည့်တမျိုး ရှိတယ်။ တခြားသူအားလုံးက မလုပ်သင့်ဘူးဆိုတာကို အံ့ဩစရာကောင်းလောက်အောင် အလိုလို သိနေကြတဲ့ အရာမျိုးပေါ့။”

“အလိုလို သိနေတာတော့ မဟုတ်လောက်ပါဘူး၊ ဒါပေမဲ့ ဆက်ပြောပါ” ဟု နွန်းဒေးက ကတ္တရာကဲ့သို့ နက်မှောင်သော ရှေ့ခြေထောက်များပေါ်တွင် ဝပ်ချလိုက်ရင်း ပြောသည်။

“အဲဒါက . . . နားမလည်နိုင်မှုရယ်၊ သနားဂရုဏာရယ်၊ ပြီးတော့ မင်း-ဘာဖြစ်နေတာလဲ ဆိုတဲ့ အကြည့်တွေ အားလုံး တပြိုင်နက်တည်း ဖြစ်နေသလိုပဲ။ ကျွန်မ ပါးစပ်တောင် မဟရသေးခင်ကတည်းက အားလုံးက အဲဒီလို ကြည့်နေကြတာ၊ ဒါကြောင့် ကျွန်မ ဝတ်စုံမှာ တခုခု မှားနေပြီဆိုတာ သိလိုက်တယ်။ ဒါပေမဲ့ ဘာမှားနေလဲ မသိဘူး။ ပါတီပွဲတွေမှာ တခြားမိန်းကလေးတွေ ဝတ်တာ ကျွန်မ မြင်ဖူးတဲ့ အဝတ်အစားတွေချည်းပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းတယ် ထင်ခဲ့တာ။ ပြီးတော့ အန်နီကာ (Annika) ရောက်လာတယ်၊ သူမက ကျွန်မနဲ့ ဘူမိဗေဒသင်တန်းမှာ အတူတူ တက်တာ။ သူမက ကျွန်မအပေါ် အမြဲတမ်း သဘောကောင်းအောင် ကြိုးစားပေးတတ်တယ်။” အစ်ဇီသည် မျက်ခုံးရိုးပေါ်သို့ လက်ချောင်းထိပ်များဖြင့် ဖိထားလိုက်ရာ ထိုဖိအားက စိတ်သက်သာရာ ရစေသည်။ “ဒါပေမဲ့ သူမကတောင် ကျွန်မကို မြင်တဲ့အခါ အဲဒီ အကြည့်နဲ့ ကြည့်ခဲ့တယ်။”

“အို၊ ချစ်သူလေးရယ်။ လာ၊ ငါနဲ့ လိုက်ခဲ့။” အန်နီကာသည် အစ်ဇီ၏ လက်ကို ဆွဲ၍ အိပ်ခန်းတခုထဲသို့ ခေါ်သွားခဲ့သည်။

“ဒီအခန်းထဲ ဝင်သင့်တယ် မထင်ဘူး” ဟု အစ်ဇီက ပြောသည်။

“ခဏလေးပဲ နေမှာပါ။ ဂျာကင် ပါလာလား။”

အစ်ဇီက ခေါင်းခါပြလိုက်သည်။

“ကိစ္စမရှိပါဘူး။” အန်နီကာသည် သူမ၏ ဖလန်နယ်ရှပ်အင်္ကျီကို ချွတ်လိုက်ရာ အောက်တွင် တီးဝိုင်းပုံ ရှပ်အင်္ကျီအနက်တထည် ကျန်ရှိနေသည်။ သူမက ဖလန်နယ်အင်္ကျီကို အစ်ဇီထံ ကမ်းပေးလိုက်သည်။ “ဒါကို ဝတ်ထားလိုက်။ စကတ်တို ဒါမှမဟုတ် ရင်ဟိုက်အင်္ကျီ ဝတ်လို့ ရပေမဲ့ နှစ်ခုလုံး တွဲဝတ်ရင်တော့ များလွန်းတယ်။ ညစာစားပွဲ သက်သက်ပဲလေ။” အန်နီကာက ရှပ်အင်္ကျီကို အစ်ဇီ၏ ညှပ်ရိုးအထိ ကြယ်သီးတပ်ပေးပြီးနောက် ညီညာအောင် ဆွဲချပေးလိုက်သည်။ “အိုကေပြီ။ နင် အရမ်းကြည့်ကောင်းသွားပြီ။ အတန်းထဲကျမှ ငါ့ကို ပြန်ပေးပေါ့။” သူမက အစ်ဇီကို အပြုံးတခု ပြုံးပြပြီး အိပ်ခန်းထဲမှ ခေါ်ထုတ်သွားခဲ့သည်။

“ကျွန်မက ခမ်းခမ်းနားနား ဝတ်ဖို့ ကြိုးစားခဲ့တာ၊ ဒါပေမဲ့ အရမ်းပေါ်လွင်သွားတယ်၊ ကျွန်မလေ . . .” အစ်ဇီ၏ မျက်နှာမှာ ပူလောင်လာသည်။ “အန်နီကာ မတွေ့ခင်က ကျွန်မကို မြင်သွားတဲ့ လူတိုင်း ဘာတွေ တွေးနေကြမလဲ ဆိုတာကိုပဲ ပြန်တွေးနေမိတယ်။”

“သူတို့က မင်း ဘယ်လို မှားဝတ်လာသလဲ ဆိုတာကို တွေးနေကြလောက်တယ်” ဟု နွန်းဒေးက ပြောသည်။

အစ်ဇီက ၎င်းကို မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။ သူက ရွဲ့ပြောနေသည်လား၊ ကူညီနေသည်လား ဆိုသည်ကို မခွဲခြားနိုင်ပေ။

“ပြီးတော့ ယို (jam) ကိစ္စလည်း ရှိသေးတယ်” ဟု သူမက ဆက်ပြောသည်။ “ဖိတ်စာထဲမှာ ‘စားစရာ တခုခု ယူခဲ့ပါ’ လို့ ရေးထားတယ်။ ဘာယူရမှန်း မသေချာပေမဲ့ ကျွန်မက ဗာဒံသီးယို (apricot jam) ကို ကြိုက်တော့ ယိုပုလင်းတလုံး ယူသွားခဲ့တယ်။ လူတိုင်း ယို ကြိုက်ကြတယ် မဟုတ်လား။”

နွန်းဒေးက မရေရာသည့် အသံဖြင့် ညည်းညူလိုက်သည်။

“အဲဒီယိုက မှားသွားတယ်။ ဆိုင်မွန် (Simon) ရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ ကျွန်မ သိလိုက်တယ်။ သူက ကျေးဇူးတင်ပါတယ်လို့ ပြောပေမဲ့ အဆုံးသတ်မှာ အသံက တိမ်ဝင်သွားတယ်။ ပြီးတော့ ဘာလုပ်ရမှန်း စဉ်းစားနေသလိုမျိုး ဟိုဟိုဒီဒီ ကြည့်နေတယ်။ နောက်ပိုင်း ကျွန်မ မြင်လိုက်တာက သူက ပုလင်းကို ဖွင့်ပြီး ဘီစကစ်မုန့်တွေ၊ ဟားမက်စ် (hummus) တွေ၊ သွားကြားထိုးတံနဲ့ ထိုးထားတဲ့ ဆလာမီအသားတုံးတွေနဲ့အတူ စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ ဘယ်သူမှ မထိကြဘူး။ အစားအသောက် ယူဖို့ ကျွန်မ သွားတိုင်း လူတယောက်ယောက်က ‘ဘယ်သူ ယို ယူလာတာလဲ’ လို့ ပြောကြပြီး ကျွန်မကလည်း ဘာမှ မသိသလို ဟန်ဆောင်နေရတယ်၊ အဲဒီလူအတွက် ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ ဆိုတဲ့ ပုံစံမျိုးပေါ့။”

“မင်းက ငှက်ပေါက်စလေးတွေ ယူသွားသင့်တာ” ဟု နွန်းဒေးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒါမှမဟုတ် ဆာဒင်းငါးတွေပေါ့” ဟု အမြီးပွပွနှင့် ကြောင်ဖြူမလေးတကောင်က ထွက်တက်လာသော လမင်းကြီးကဲ့သို့ မှောင်ရိပ်ထဲမှ ထွက်ပေါ်လာရင်း အကြံပြုလိုက်သည်။ သူမသည် အစ်ဇီ၏ ဘေးတွင် ခုန်တက်လိုက်သည်။ တဖက်တွင် ကြောင်ဖြူတကောင်၊ အခြားတဖက်တွင် ကြောင်နက်တကောင်နှင့်အတူ အစ်ဇီသည် ဒဏ္ဍာရီဆန်ဆန် ခံစားလိုက်ရသည်။ တာရော့ကတ် (tarot card) ပေါ်မှ ပုံရိပ်တခုကဲ့သို့ပင်။

“သွားရမယ့် အချိန် ရောက်ပြီ” ဟု နွန်းဒေးက ပြောသည်။

ကြောင်နှစ်ကောင်ကြားတွင် လျှပ်စီးတန်းတခု ခုန်ကူးသွားပြီး အစ်ဇီ၏ ခေါင်းပေါ်တွင် လခြမ်းပုံသဏ္ဌာန် ဖြစ်ပေါ်သွားသည်။ ကမ္ဘာလောကကြီး တခုလုံး ဖြူဖွေးသွားသည်။

ဆူညံသံများသည် အစ်ဇီထံသို့ လှိုင်းလုံးကြီးတခုကဲ့သို့ ဝင်ရောက်လာသည်။ သတ္တုခွက်ခေါက်သံများ၊ ဆီပွက်ဆူသံများနှင့် အော်ဟစ်သံများပေါ်တွင် အခြားအော်ဟစ်သံများ ထပ်ဆင့်နေသည်။ သူမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ စတီးလ်စားပွဲခုံများ၊ ဓာတ်ငွေ့မီးဖိုတန်းများနှင့် ဘေစင်များ၊ ကြမ်းပြင်ပေါ်ရှိ ရာဘာခင်းများ။ သူမသည် စားသောက်ဆိုင် မီးဖိုချောင်တခုထဲတွင် ရောက်နေပြီး ရုပ်မြင်သံကြား အစီအစဉ်များတွင် ထိုသို့ မြင်ဖူးသည်။ မီးတောက်တခုသည် လေထဲသို့ တမီတာခန့် ထိုးတက်သွားပြီး သကြားလောင်ကျွမ်းသည့် အနံ့က သူမ၏ နှာခေါင်းထဲသို့ ဝင်လာသည်။

သူမသည် မှောက်ထားသော နို့ပုံးခွံတခုပေါ်တွင် ထိုင်နေပြီး ပလတ်စတမာများက သူမ၏ တင်ပါးကို ထိုးနေသည်။ ကြောင်များသည် ဘေးတဖက်တချက်တွင် ထိုင်နေကြသည်။ ဆံပင်ကို ရှုပ်ပွစွာ စည်းနှောင်ထားပြီး လက်ဖျံများတွင် မီးလောင်ဒဏ်ရာဟောင်း အစင်းကြောင်းများ ရှိနေသော အမျိုးသမီးတဦးက နွန်းဒေးကို အော်ဟစ်နေသည်။ “ဆယ်နာရီ အတော်ကျော်နေပြီ၊ သူမက အရာအားလုံးကို အချိန်မီ ဘယ်လိုလုပ်ပြီး သင်ယူနိုင်မှာလဲ။ နင့်ရဲ့ ပေါ့ဆတဲ့ စိတ်ဓာတ်က—”

“ကျွန်တော့်ကို အော်နေတာက ဘယ်လို အထောက်အကူ ပြုလို့လဲ” ဟု နွန်းဒေးက ကြားဖြတ်ပြောလိုက်သည်။

ထိုအမျိုးသမီးသည် ခေတ္တရပ်တန့်သွားသည်။ “ဟုတ်တယ်၊ ဟုတ်တယ်။ နင် မှန်တယ်။” သူမက ခြိမ်းခြောက်ဟန်ဖြင့် လက်ညှိုးတချောင်း ထောင်ပြလိုက်သည်။ “နောက်မှ ရှင်းမယ်၊ ဟုတ်ပြီလား။”

သူမသည် အစ်ဇီဘက်သို့ လှည့်လိုက်သည်။

“အစ်ဇီ၊ ဟုတ်တယ် မဟုတ်လား။ မဖြေနဲ့တော့၊ အစ်ဇီဆိုတာ ငါ သိတယ်။ ယဉ်ကျေးမှုအရ မသိသလို ဟန်ဆောင်နေဖို့ အချိန်မရှိဘူး။ ငါ့နာမည်က ဒိုမီနီကာ (Dominica)၊ မင်းက ဖယ်ယာရီလန်း (Faerieland) မှာ ရောက်နေတာ၊ နတ်သမီးလေးတွေ (faeries) ဆိုတာ တကယ်ရှိတယ်၊ သတင်းကြီးပဲ၊ နောက်မှ ဖြည်းဖြည်းချင်း လက်ခံပေါ့။ အခုက နွေရာသီ ပွဲတော် (Summer Feast) ချိန်ဖြစ်ပြီး စားပွဲထိုးတွေ လိုအပ်နေတယ်။ အဲဒါကြောင့် မင်း ဒီမှာ ရောက်နေတာ။ လုပ်အားခက ကောင်းပေမဲ့ ထူးဆန်းတယ်။”

“ဒါပေမဲ့ ကျွန်မက စားပွဲထိုး မဟုတ်ဘူးလေ” ဟု အစ်ဇီက အသံစူးစူးဖြင့် ပြောလိုက်သည်။ “စားပွဲထိုး ဘယ်လိုလုပ်ရမလဲ ကျွန်မ မသိဘူး။”

“ပန်းကန်တော့ သယ်နိုင်တယ် မဟုတ်လား။ အဆင်ပြေသွားမှာပါ၊ ငါတို့ ပြောတဲ့ ဟင်းပွဲတွေကိုပဲ ချပေးလိုက်။ ခက်တဲ့အပိုင်းက ကျင့်ဝတ် (etiquette) ပဲ။ နတ်သမီးလေးတွေက စိတ်ဆိုးလွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်ကြတာ လုံးဝ မထိန်းချုပ်နိုင်ဘူး။ ဒါက အသက်နဲ့ ယှဉ်တဲ့ ကိစ္စပဲ၊ ငါ နောက်ပြောင်နေတာ မဟုတ်ဘူး။”

“ဥပမာပြောရရင် သူတို့ရှေ့မှာ ‘သံ’ (iron) ဆိုတဲ့ စကားလုံးကို ဘယ်တော့မှ မပြောရဘူး” ဟု မစ်ဒ်နိုက်က ပြောသည်။

“အဲဒါကတော့ သိပ်မခက်ပါဘူး” ဟု အစ်ဇီက ပြောသည်။

“နတ်သမီးတပါး နောက်ကျရောက်လာရင်” ဟု ဒိုမီနီကာက ဆိုသည်။ “—အခုချိန်ကစပြီး ရောက်လာမယ့် ဘယ်သူ့ကိုမဆိုပဲ— ကျယ်ကျယ်လောင်လောင် ညည်းညူပြလိုက်။ မဟုတ်ရင် သူတို့ ပျောက်နေတာကို သတိမထားမိဘူးဆိုပြီး စိတ်ဆိုးလိမ့်မယ်။”

ခေါင်းလောင်းသံ မြည်လာသည်။ “နားထောင်၊ ပထမအဆင့် ဟင်းပွဲကို ထုတ်ပေးရဦးမယ်။” ဒိုမီနီကာသည် အစ်ဇီထံသို့ လိပ်ထားသော စာလိပ်ရှည်ကြီးတခုကို ထိုးပေးလိုက်သည်။ “တတ်နိုင်သမျှ များများ မှတ်ထားလိုက်။ မစ်ဒ်နိုက်က မင်းရဲ့ ယူနီဖောင်းကို သွားယူပေးလိမ့်မယ်။” သူမသည် ခြေလှမ်းကျဲများဖြင့် ထွက်သွားသည်။

ထိုစာလိပ်ကို လက်ရေးမျိုးစုံ—လှပသော လက်ရေးလှမှသည် စာလုံးကြီးများဖြင့် ရေးထားသော ဘောပင်လက်ရေးအထိ—တဝက်ဒါဇင်ခန့်ရှိ မတူညီသော လူများက ရေးသားထားခြင်း ဖြစ်သည်။ စည်းကမ်း ၁ - ငွေရောင် ဝတ်ဆင်ထားသော နတ်သမီးများကို အခြားသူအားလုံးထက် အရင် ဝန်ဆောင်မှု ပေးရမည်။ အောက်ဆုံးနားတွင် စည်းကမ်း ၂၇၆ ကို သူမ တွေ့လိုက်ရသည်။ နတ်သမီးတပါးက ဖယ်ယာရီလန်းတွင် မည်မျှကြာကြာ ရှိနေပြီလဲဟု မေးလျှင် တကယ့်အဖြေကို မလိုလားပေ။ ရိုးရာအဖြေဖြစ်သော “ခုနစ်နှစ်နှင့် ခုနစ်ရက်” ဟု ဖြေပေးရမည်။

“ဒါတွေ အားလုံးပဲလား” ဟု သူမက နွန်းဒေးကို မေးလိုက်သည်။ “ဒါက ကျွန်မ သိဖို့ လိုအပ်တဲ့ စည်းကမ်းတိုင်းပဲလား။”

“ဘာလဲ၊ မင်းက ပိုလိုချင်သေးလို့လား။ ဟုတ်တယ်၊ ဒါတွေ အားလုံးပဲ။”

သူမသည် ဆက်လက် ဖတ်ရှုနေသည်။ ထိုစာရင်းတွင် ဖြစ်နိုင်ခြေရှိသော အပြုအမူ ကဏ္ဍတိုင်း—ဘာပြောရမည်၊ ဘာမပြောရမည်၊ မည်မျှအကွာအဝေးတွင် ရပ်ရမည်၊ မတူညီသော ဆံပင်ပုံစံများက မည်သည့်အဓိပ္ပာယ်ကို ဆောင်သည်—တို့ ပါဝင်သည်။ ၎င်းသည် သူမ၏ ဘဝတွင် တွေ့မြင်ဖူးသမျှ စာပေလက်ရာများထဲ၌ အလှပဆုံး ဖြစ်နိုင်သည်။

စားဖိုမှူးတဦးသည် ဖြတ်လျှောက်သွားရင်း အစ်ဇီ၏ ပခုံးကို ပုတ်လိုက်သည်။ “သနားစရာ ကောင်မလေး။”

မဟုတ်ပါဘူးလေဟု သူမက ပြုံးဖြီးဖြီး တွေးလိုက်သည်။ သူမ၏ ခြေထောက်အောက်တွင် မြေကြီးသည် အရာအားလုံးထက် ပို၍ ခိုင်မာတည်ငြိမ်နေသည်ဟု ခံစားရသည်။

ဒေါက်တာတင့်ဆွေ

Comments