Skip to main content

တရားမရ မျက်ဒေါသ- သြဝါဒထူးပျို့

အမျက်ကြီးရာ၊ ဆယ့်လေးဖြာကား

ချမ်းသာရိပ်ငြိမ်၊ နန်းစည်းစိမ်နှင့်

ရန်နှိမ်ကိုးပါး၊ မိုးကြိုးသွားကြောင့်

သိကြားအမျက်၊ ဟူးဟူးထွက်၏။ (၁)

အောက်ထက်ဆန်စုန်

တောင်ပံဟုန်ကြောင့်

ဂဠုန်အမျက်၊ ဟူးဟူးထွက်၏။ (၂)

စက်ယန္တယား

ခိုးလျှံများကြောင့်

နဂါးအမျက်၊ ဟူးဟူးထွက်၏။ (၃)

ရန်ဘက်ဖျောက်ဝှေ့ (လှေ့-မူကွဲ)

ဟောက်တတ်လေ့ကြောင့်

ခြင်္သေ့အမျက်၊ ဟူးဟူးထွက်၏။ (၄)

လက်နက်ဆင်မြင်း

ဗိုလ်သင်းပင်းကြောင့်

မင်းတို့အမျက်၊ ဟူးဟူးထွက်၏။ (၅)

အောက်ထက်ကျွန်ကျေး

ရွှေငွေကြေးကြောင့်

သူဌေးအမျက်၊ ဟူးဟူးထွက်၏။ (၆)

မောင်းလက်ခတ်တီး၊ အားအင်ကြီး၍

ထီးကပ္ပနား၊ ဆင်းရဲသားတို့

မာန်အားအမျက်၊ ဟူးဟူးထွက်၏။ (၇)

မခက်ခဲတွန်၊ အမှုပွန်၍

ကျေးကျွန်အမျက်၊ ဟူးဟူးထွက်၏။ (၈)

ဉာဏ်စက်နှံ့ဝန်း၊ ကျမ်းဂန်ပွန်း၍

ရဟန်းအမျက်၊ ဟူးဟူးထွက်၏။ (၉)

ရမ္မက်ကြီးမား၊ လောဘအားကြောင့်

မင်းသားအမျက်၊ ဟူးဟူးထွက်၏။ (၁၀)

မစက်ဒေါသ၊ ဆင်းရူပကြောင့်၊

မိန်းမအမျက်၊ ဟူးဟူးထွက်၏။

ဘုန်းလက်ရုံးအား၊ ကောင်းမြောက်များ၍

ယောက်ျားအမျက်၊ ဟူးဟူးထွက်၏။ (၁၂)

လိုက်ဖက်ဆေးဝါး၊ မန္တရားကြောင့်

သမားအမျက်၊ ဟူးဟူးထွက်၏။ (၁၃)

လေ့ကျက်နှံ့ပြား၊ ဗေဒင်အားကြောင့်

ပုဏ္ဏားအမျက်၊ ဟူးဟူးထွက်၏။ (၁၄)

စဉ်ဆက်မှတ်သား

ဆယ့်လေးပါးသည်

တရားမရ မျက်ဒေါသ။ ။ (ပိုဒ်-၂၄)

(စိန္တကျော်သူဦးသြ)

ရှေးစာကဗျာများ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ