Skip to main content

မိဘဆိုတာ

သူငယ်ချင်းဆရာဝန်တယောက်က တခြားသူရေးတာတခုကို ထပ်တင်ထားတယ်။ ကူးမနေတော့ပါ။ သားသမီးတွေတာဝန်ဆိုတာမျိုး ရေးထားတာဖြစ်တယ်။

သူငယ်ချင်းရေ -

မိဘဖြစ်သူတွေကနေ သားသမီးတွေကို မိဘကိုလုပ်ကျွေးသင့် စသဖြင့်ရေးတာ သိပ်မကောင်းဘူးလို့ ယူဆတယ်။

ငါကတော့ လူကြီးတွေအတွက် စာရေးတဲ့အခါ "ကလေးတွေက ခွင့်လွှတ်ကြသူတွေ ဖြစ်ကြပါစေ" လို့သာ ရေးပါတယ်။

ကလေးတွေကို သွန်သင်ဆုံးမခဲ့ကြတာလည်း ကြာလွန်းလှပြီ မဟုတ်လား။ လူတွေက မတူကြဘူး။ အဆုံးမလွယ်သူဆိုတာတော့ ရှားတယ်။ အသင့်အတင့်လွယ်သူက များပါတယ်။ ဆိုးတဲ့ကလေးက နည်းပါတယ်။ အရွယ်ရလေ သိလာကြလေ။ တို့က နေရသမျှ ကလေးတွေအတွက် ဘာထပ်လုပ်ပေးနိုင်သေးလဲသာ စဉ်းစားကြရမှာ မဟုတ်လား။

တလောက မင်္ဂလာပွဲတခုနဲ့ဆက်ပြီး စာအတိုလေး ရေးသေးတယ်။ လင့်ဝတ်၊ မယားဝတ် စဖြင့်။ ပျင်းရိမမူဆိုတာ နှစ်ယောက်လုံးနဲ့ဆိုင်ကြောင်း။ အလားတူပါဘဲ သားသမီးဝတ်ထဲက မွေခံထိုက်စေဆိုသလို မိဘတွေကလည်း မွေပေးတတ်စေပေါ့။ အတတ်သင်စေကတော့ မိဘတွေက နောက်ဆုံးထွက်သက်အထိ လုပ်ဆောင်ပေးကြရမှာ။

အရှင်မဟာကဿပက ဘုရားကို လျှောက်ထားတယ်။

ဘုန်းတော်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား ယခုအခါ ရဟန်းတို့သည် အဆိုရ အဆုံးမရ ခက်လှပါကုန်သည်။ အဆိုအဆုံးမ ခက်ခြင်းကို ပြုတတ်သည့် အကုသိုလ်တရားတို့နှင့် ပြည့်စုံကြပါပေကုန်သည်။ မရိုမသေ အဆုံးအမ ဩဝါဒကို ယူကြပါကုန်သည်။ အဆုံးအမဩဝါဒကိုပင် ပေးသော်လည်း မခံယူကြပါကုန်။ 

ဘုရားက ပြန်မိန့်တော်မူတယ်။

ချစ်သား ကဿပ ယခုအခါမှာမူ မထေရ်ကြီး ဖြစ်ကြကုန်သော ရဟန်းတော်အရှင်သူမြတ်တို့သည် ကိုယ်တိုင်လည်း အာရညကင်ဓုတင် မဆောက်တည်ကြ၊ သူတပါးအားလည်း အာရညကင်ဓုတင်ဆောက်တည်ခြင်း၏ ကျေးဇူးစကားကို မပြောဆိုကြ။ ကိုယ်တိုင် ပိဏ္ဍပါတ်ဓုတင် ပံ့သုကူဓုတင် တိစီဝရိက်ဓုတင်ကို မဆောင်ကြ၊ သူတပါးအားလည်း ထိုဓုတင်ဆောက်တည်ခြင်း၏ ကျေးဇူးစကားကို မဟောကြ မပြောကြ။ မိမိတို့ကိုယ်တိုင်ကလည်း အလိုမနည်းကြ၊ အလိုနည်းခြင်း၏ ကျေးဇူးစကားကိုလည်း မဟောကြ မပြောကြ။ မိမိတို့ကိုယ်တိုင်က ရောင့်ရဲလွယ်မှု မရှိကြ၊ သူတပါးအားလည်း ရောင့်ရဲလွယ်ခြင်း၏ ကျေးဇူးစကားကို မဟောကြ မပြောကြ။ မိမိတို့ကိုယ်တိုင်က လူဒါယကာတို့နှင့် မရောနှောမှု မရှိကြဘဲ သောကောရောကော နေကြသဖြင့် မရောနှောခြင်း၏ ကျေးဇူးစကားကိုလည်း မဟောကြ မပြောကြ။ မိမိတို့ကိုယ်တိုင်က အာရုံငါးပါးမှ ဆိတ်ငြိမ်ခြင်း မရှိကြဘဲ အာရုံငါးပါးမှ ဆိတ်ငြိမ်ခြင်း၏ ကျေးဇူးစကားကိုလည်း မဟောကြ မပြောကြ။ မိမိကိုယ်တိုင်က သမ္မပ္ပဓာန် လုံ့လဝီရိယလေးပါးနှင့် မပြည့်စုံကြဘဲ သူတပါးတို့အားလည်း သမ္မပ္ပဓာန်လေးပါး လုံ့လဝီရိယ ပြည့်စုံခြင်း၏ ကျေးဇူးကို မဟောကြား မပြောကြားကြကုန်။

အချုပ်ကတော့ ကိုယ်တိုင်ကလည်း မှန်ကြရမယ်။

ဒေါက်တာတင့်ဆွေ

Comments